ယီမင်နိုင်ငံမှာ အီရန်က အားပေးထောက်ခံထားတဲ့ သူပုန်တွေက ပစ်ခတ်လိုက်တဲ့ မစ်ဇိုင်းဒုံးတခု အစ္စရေးနိုင်ငံ အလယ်ပိုင်း ဒေသကို ဒီကနေ့ ကျရောက်ခဲ့တာကြောင့် အရေးပေါ် သတိပေးခဲ့ရပါတယ်။ တနင်္ဂနွေနေ့ အစောပိုင်း တိုက်ခိုက်မှုကြောင့် Ben Gurion အပြည်ပြည်ဆိုင်ရာ လေဆိပ် အပါအဝင်၊ အရေးပေါ် လေကြောင်းရန် အချက်ပေးဥသြတွေနဲ့ သတိပေးခဲ့ရပေမဲ့ သေကျေထိခိုက်မှု ကြီးကြီးမားမား သတင်းတော့ မကြားရပါဘူး။
အစ္စရေးနဲ့ ဟာမတ်စ်စစ်သွေးကြွတွေ ဂါဇာဒေသမှာ တိုက်ပွဲတွေ ဖြစ်ပွားချိန်ကစ ပါလက်စတိုင်းတွေကို ထောက်ခံတဲ့ ယီမင်နိုင်ငံက ဟူသီသူပုန်တွေ အစ္စရေးကို မစ်ဇိုင်းတွေ၊ အဝေးထိန်းဒရုန်းတွေနဲ့ မကြာခဏ တိုက်ခိုက်ခဲ့တာပါ။ ဟူသီသူပုန်တွေ တိုက်ခိုက်မှု အားလုံးနီးပါးကိုတော့ အစ္စရေးစစ်တပ်က ပင်လယ်နီဒေသမှာပဲ ကြားဖြတ်ဟန့်တားခဲ့ပါတယ်။
ဒီကနေ့ ပစ်ခတ်ခဲ့တဲ့ မစ်ဇိုင်းဒုံးကို အစ္စရေးရဲ့ လေကြောင်းရန် ကာကွယ်ရေး စနစ်က မဟန့်တားနိုင်ခဲ့တဲ့ အကြောင်းရင်းကိုတော့ အာဏာပိုင်တွေ စစ်ဆေးနေပါတယ်။ ဇူလိုင်လထဲမှာတုန်းက အီရန်လုပ် ဒရုန်းတစင်းနဲ့ သူပုန်တွေက တိုက်ခိုက်ခဲ့ရာမှာ Tel Aviv မြို့တော်ကို ထိမှန်ပြီး လူ ၁ ယောက်သေဆုံး၊ ၁၀ ယောက် ဒဏ်ရာရခဲ့ဘူးပါတယ်။
တိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ ယီမင်နိုင်ငံက ဟူသီသူပုန်တွေ ထိန်းချုပ်ရာ နယ်မြေတွေကို အစ္စရေးက လေကြောင်းက တိုက်ခိုက်ခဲ့တာပါ။ ဒီကနေ့ တိုက်ခိုက်မှုအတွက် လက်တုံ့ပြန်မယ်လို့လည်း အစ္စရေးက အရိပ်အမြွက် ပြောကြားထားပါတယ်။
Forum