သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယဘက်ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၁၅၁ ဦး မြန်မာကို ပြန်ပို့မည်


အိန္ဒိယ-မြန်မာနယ်စပ်က တံတားတစင်း
အိန္ဒိယ-မြန်မာနယ်စပ်က တံတားတစင်း

မြန်မာကနေ အိန္ဒိယနိုင်ငံထဲကို ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သား ၁၅၀ ကျော်ကို အိန္ဒိယရဲတပ်ဖွဲ့က မီဇိုးရမ်းပြည်နယ်၊ အိုက်ဇောမြို့ကို မနေ့ တနင်္လာနေ့က ခေါ်ဆောင်သွားခဲ့ပါတယ်။ အဲဒီမှာ လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်ပြီးတာနဲ့ မြန်မာနယ်စပ် တမူးမြို့ကနေ သက်ဆိုင်ရာ စစ်ကောင်စီ အဖွဲ့အစည်းတွေဆီ အပ်နှံသွားမယ်လို့ အိန္ဒိယကာကွယ်ရေး ဌာနရဲ့ သတင်းပြန်ကြားရေးဌာနက ဒီနေ့ အင်္ဂါနေ့မနက်မှာ ထုတ်ပြန်ပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့လာတဲ့ သတင်းကို အခြေခံပြီး မဆုမွန်က ပြောပြမှာပါ။

အိန္ဒိယဘက်ကို ထွက်ပြေးလာတဲ့ မြန်မာစစ်ကောင်စီတပ်သား ၁၅၁ ယောက်ထဲက ၁၄၇ယောက်ကို မနေ့က ဇန်နဝါရီ ၁ရက်က မီဇိုးရမ်းပြည်နယ်၊ အိုက်ဇော (Aizawl) မြို့ကို ရွှေ့ပြောင်းထားလိုက်ပြီလို့ အိန္ဒိယကာကွယ်ရေးဌာနရဲ့ သတင်းတွေကို ထုတ်ပြန်ပေးနေတဲ့ India Defence သတင်းပြန်ကြားရေးဌာနက ဒီနေ့ထုတ်ပြန်ခဲ့ပါတယ်။ ဒဏ်ရာရနေတဲ့ လေးယောက်ကိုတော့ နယ်စပ်မှာပဲ ဆေးကုသပေးထားကြောင်း အိန္ဒိယ သတင်းတွေက ရေးသားပါတယ်။ သူတို့အားလုံးဟာ ရခိုင်လက်နက်ကိုင် AA နဲ့တိုက်ပွဲဖြစ်ပြီး အိန္ဒိယနယ်စပ်ကို လက်နက်တွေနဲ့ သောကြာနေ့က ထွက်ပြေးလာကြတာလို့ အိန္ဒိယဘက်က ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

အရာရှိတွေပါတဲ့ စစ်ကောင်စီတပ်တွေဟာ မီဇိုးရမ်းနယ်စပ် လောင်တလိုင်မြို့မှာရှိတဲ့ အိန္ဒိယ အာသံရိုင်ဖယ်တပ်ဆီကို လက်နက်တွေနဲ့ ရောက်လာကြတာပါ။ အဲဒီနောက် သူတို့ကို မီဇိုးရမ်းပြည်နယ်၊ လုံးလေ (Lunglei) မြို့ကတဆင့် အိုက်ဇောမြို့ကို အိန္ဒိယရဲတပ်ဖွဲ့က ပို့ဆောင်ခဲ့တာပါ။ အိုက်ဇောမြို့မှာ လိုအပ်တဲ့ စစ်ဆေးမှုတွေပြီးတာနဲ့ မြန်မာနယ်စပ် တမူးမြို့ကနေ သက်ဆိုင်ရာ စစ်ကောင်စီ အဖွဲ့အစည်းတွေဆီ ပြန်လွှဲပြောင်းပေးမယ်လို့ အိန္ဒိယ ကာကွယ်ရေးဌာနဘက်က ထုတ်ပြန်ထားတာပါ။ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ပြောခွင့်ရှိသူတဦးကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး အိန္ဒိယနဲ့ ဆက်သွယ်ပြောဆိုနေတာတွေရှိကြောင်း ဗွီအိုအေကို ပြောပါတယ်။

၂၀၂၃ နိုဝင်ဘာလ ၁၃ရက်ကလည်း ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ CNO/CNDF က တပ်စခန်းတွေကို သိမ်းပိုက်လိုက်တာကြောင့် စစ်ကောင်စီတပ်သား ၁၀၄ ယောက်ဟာ နယ်စပ်ကို ဖြတ်ကျော်ပြီး ထွက်ပြေးခဲ့ပါတယ်။ သူတို့ကိုလည်း တမူး-မိုရေးနယ်စပ်ကနေ လွှဲပြောင်းပေးခဲ့တယ်လို့ အိန္ဒိယဘက်က ပြောပါတယ်။

လက်ရှိမှာ ချင်းတော်လှန်ရေး အင်အားစုတွေက ချင်းပြည်နယ်ရဲ့ နယ်မြေအများစုကို သိမ်းပိုက်ထားနိုင်ပြီလို့ သတင်းတွေက ရေးသား ဖော်ပြကြပါတယ်။ တိုက်ပွဲအတွင်း ဘေးလွတ်တဲ့ အိန္ဒိယဘက်ကိုပဲ စစ်ကောင်စီတပ်တွေက ထွက်ပြေးကြကြောင်း ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ CNO/CNDF ရဲ့ ဒုတိယဥက္ကဋ္ဌ Salai Peter Thang က ဗွီအိုအေကို ပြောပါတယ်။

"လက်ရှိအခြေအနေက ကျနော်တို့ ဖလမ်းမြို့နယ်ထဲမှာဆိုရင် ဖလမ်းမြို့ တမြို့ထဲ ကျန်တော့တာလေနော့။ ချင်းပြည်နယ်မှာဖြစ်တဲ့ တိုက်ပွဲတွေ တော်တော်များများက သူတို့က အဲလိုပေါ့ ထွက်ပြေးကြတာပေါ့၊ အလင်းဝင်တာမျိုးထက် ထွက်ပြေးကြတာမျိုးပါ။ စခန်းကို စွန့်ခွာပြီးတော့ သူတို့ လက်နက်နဲ့ ထွက်ပြေးကြတာမျိုးပါ။ ဘေးလွတ်အောင် ဟိုဘက်ကိုပြေးသွားတယ်။ ဟိုဘက်ကလည်း အစိုးရ အစိုးရချင်းပုံစံမျိုး ဖြစ်နေတဲ့အခါကြတော့ သူတို့ ကြိုဆိုပြီးတော့မှ လူရော လက်နက်ရော ပြန်ပေးလိုက်တယ်နဲ့ တူပါတယ်။"

ချင်းနဲ့ စစ်ကိုင်းက စစ်ပွဲတွေကြောင့် အရပ်သားတွေလည်း အိန္ဒိယနိုင်ငံ၊ မီဇိုးရမ်းပြည်နယ်ထဲကို ၂၀၂၁ အာဏာသိမ်းမှု နောက်ပိုင်းမှာ အများအပြား ထွက်ပြေးခဲ့ကြပါတယ်။ လူပေါင်း ၃၂,၀၀၀ ကျော်ရှိလိမ့်မယ်လို့ အိန္ဒိယဘက်က ခန့်မှန်းထားပါတယ်။ မဏိပူရ်ပြည်နယ် အကြီးအကဲကလည်း သူ့နယ်ထဲမှာ မြန်မာဒုက္ခသည် ၆,၀၀၀ လောက်ကို လက်ခံထားတယ်လို့ မကြာသေးခင်က ပြောခဲ့ပါတယ်။

XS
SM
MD
LG