သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံခြား ရေနံကုမ္ပဏီကြီးတွေရဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု စာရင်း ထုတ်ပြန်ပေးဖို့ ERI တိုက်တွန်း


နိုင်ငံခြား ရေနံကုမ္ပဏီကြီးတွေရဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု စာရင်း ထုတ်ပြန်ပေးဖို့ ERI တိုက်တွန်း
နိုင်ငံခြား ရေနံကုမ္ပဏီကြီးတွေရဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု စာရင်း ထုတ်ပြန်ပေးဖို့ ERI တိုက်တွန်း

မြန်မာနိုင်ငံတွင်း ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံထားတဲ့ နိုင်ငံခြား ကုမ္ပဏီတွေ အနေနဲ့ သူတို့ ဘဏ္ဍာရေး စာရင်းတွေကို တရားဝင် ထုတ်ပြန်ပေးဖို့ မြန်မာ့အရေး စိတ်ဝင်စားတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ အထင်ကရ ပုဂ္ဂိုလ်တွေက တောင်းဆိုလိုက်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ဘန်ကောက်က နိုင်ငံတကာ သတင်းထောက်များ ကလပ်မှာ Earth Rights International ရဲ့ သတင်းစာ ရှင်းလင်းပွဲကို ကိုယ်တိုင်တက်ရောက် သတင်းယူခဲ့တဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ကမ္ဘာကြီးရဲ့ သဘာ၀ အရင်းအမြစ်တွေကို ထုတ်ယူသုံးစွဲနေတဲ့ လုပ်ငန်းကြီးတွေ အနေနဲ့ တဘက်မှာ သက်ဆိုင်ရာ လူ့အဖွဲ့အစည်း အတွက်လည်း တာဝန်ရှိတယ်၊ တာဝန်ယူရမယ် ဆိုတာကို သဘောပေါက်ဖို့ အတွက် ရည်ရွယ်တာ ဖြစ်တယ်လို့ ဒီလှုပ်ရှားမှုကို ကမကထ လုပ်ခဲ့တဲ့ တာဝန်ရှိသူတွေက သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့ကြပါတယ်။ ၁၉၉၂ ခုနှစ်ကတည်းက မြန်မာနိုင်ငံတွင်း ရေနံနဲ့ သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှု လုပ်ငန်းတွေမှာ ပါဝင် ပတ်သက်ခဲ့တဲ့ ကုမ္ပဏီကြီးတွေ အနေနဲ့ မြန်မာနိုင်ငံတွင်းက ၁၈ နှစ်ကြာ ထိန်ဝှက်ထားတဲ့ သူတို့ရဲ့ ဘဏ္ဍာရေး စာရင်းကို ထုတ်ပြန်ပေးဖို့ အထင်ကရ လူပုဂ္ဂိုလ်တွေ၊ နိုင်ငံတကာနဲ့ မြန်မာ အဖွဲ့အစည်းပေါင်း ၁၆၀ ကျော်ကနေ တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

ဒီစာရင်းထဲမှာတော့ ပြီးခဲ့တဲ့ ၁၈ နှစ် အတွင်းမှာ စစ်အစိုးရကို ငွေပမာဏ ဘယ်လောက် ပေးချေခဲ့သလဲ၊ အခွန်ဘယ်လောက် ဆောင်ခဲ့ရသလဲ၊ အခြား လူထုအကျိုးပြု လုပ်ငန်းတွေအတွက် ဘယ်လောက် အသုံးပြုခဲ့သလဲ စသဖြင့် သုံးစွဲမှု စရိတ်စက အ၀၀ကိုလည်း ထုတ်ပြန်ပေးဖို့ ပါဝင်ပါတယ်။ အဓိကကတော့ မြန်မာပြည်သူတွေ သိမထားတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းတွေကနေ အကျိုးအမြတ် ဘယ်လောက်ရနေသလဲ ဆိုတာကို သိနိုင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလှုပ်ရှားမှုကို ဦးဆောင်တဲ့ ERI ကမ္ဘာမြေ အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ရဲ့ မြန်မာ့အရေးဆိုင်ရာ တာဝန်ရှိသူ မက်သယူး စမစ်သ် (Matthew Smith) က ဒီလှုပ်ရှားမှုကို ထောက်ခံဖို့ လအတန်ကြာကတည်းက ပြင်ဆင် ဆောင်ရွက်ခဲ့ရတယ်လို့ ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

“ဒီလှုပ်ရှားမှုနဲ့ ပတ်သက်လို့ နေရာအသီးသီးက လူအတော်များများ၊ အဖွဲ့အစည်း အတော်များများရဲ့ ထောက်ခံမှု ရထားပါတယ်။ ထောက်ခံကြတဲ့ အထဲမှာ ကမ္ဘာ့ခေါင်းဆောင်တွေ ပါတယ်၊ အလုပ်သမား သမဂ္ဂတွေ ပါဝင်ကြပါတယ်။ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း အတော်များများ ပါဝင်ကြပါတယ်။ နိုင်ငံတကာ ပညာရှင်တွေလည်း ပါပါတယ်။ ဒီကုမ္ပဏီတွေရဲ့ ဘဏ္ဍာရေး စာရင်းရှင်းတမ်းတွေနဲ့ သဘာ၀ အရင်းအမြစ် တူးဖော်ရေးလုပ်ငန်း ဆောင်ရွက်မှု အပိုင်းမှာ တာဝန်သိမှု၊ တာဝန်ယူလိုမှုတွေ လိုအပ်တယ်လို့ သူတို့က မြင်ပါတယ်။ လအတန်ကြာ ကတည်းက ဒီလို လူပေါင်းစုံ၊ အဖွဲ့ပေါင်းစုံရဲ့ ထောက်ခံမှုတွေ ရရှိဖို့ ပြင်ဆင် ဆောင်ရွက်ခဲ့ရပါတယ်။”

၂၀၀၈ ခုနှစ် တနှစ်အတွင်း ရတနာ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကြောင့် မြန်မာအစိုးရဟာ အမေရိကန်ဒေါ်လာ ၂၅၄ သန်း ရရှိခဲ့တယ်လို့ တိုတယ် ရေနံကုမ္ပဏီက ၂၀၀၉ အောက်တိုဘာလ အတွင်းက ထုတ်ပြန်ပေးခဲ့ပါတယ်။ ဒါကြောင့် တကယ်တမ်း ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေ စတင်ထုတ်နိုင်ခဲ့တဲ့ ၂၀၀၁ ခုနှစ်နဲ့ ၂၀၀၈ ခုနှစ် အကြားမှာ မြန်မာအစိုးရဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကနေ ဒေါ်လာ ဘီလီယံနဲ့ချီပြီး ဝင်ငွေ ရရှိထားတယ်လို့ ERI က ခန့်မှန်းပါတယ်။

ဒါပေမဲ့ ဒီငွေတွေဟာ နာဂစ်ထောက်ပံ့ရေးမျိုး၊ ချင်းပြည်နယ်မှာဖြစ်တဲ့ အစာပြတ်လပ်မှုမျိုး မြန်မာလူထု ကြုံရတဲ့ အခက်အခဲတွေအတွက် သုံးစွဲတာမျိုး မတွေ့ခဲ့ရဘူးလို့ ERI တာဝန်ရှိသူတွေက ဝေဖန်ပါတယ်။ Shwe Gas လှုပ်ရှားမှုအဖွဲ့ရဲ့ တာဝန်ရှိသူ ကိုဝင်းအောင်ကတော့ ကုမ္ပဏီတွေဘက်က လုပ်နေတဲ့ လူမှုကူညီရေး လုပ်ငန်းတွေ ဆိုတာဟာလည်း တကယ်တော့ သူတို့ရတဲ့ အကျိုးအမြတ်နဲ့ ယှဉ်ရင် ဘာမှ မပြောပလောက်ဘူးလို့ ဗွီအိုအေကို ရှင်းပြခဲ့ပါတယ်။

“သူတို့ရဲ့ အလုပ်တွေ၊ စီမံကိန်းတွေ အကောင်အထည်ဖော်တဲ့ နေရာမှာ ပါဝင်ပတ်သက်နေတဲ့ အစုရှယ်ယာဝင်တွေကို မက်လုံးပေးဖို့ရယ်၊ သူတို့လုပ်ငန်းတွေက ဘယ်လောက်အထိ ဒေသခံတွေကို အကျုးိရှိရှိ ထောက်ပံ့နေတဲ့ အဆင့်လောက်ပဲ ကျနော်တို့ တွေ့ရတယ်။ ဒီစီမံကိန်းတွေ အကောင်အထည် ဖော်တဲ့နေရာမှာ ဒေသခံတွေရဲ့ နစ်နာမှုတွေ၊ ဆုံးရှုံးမှုတွေ၊ တခြား သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းမှုတွေနဲ့ ဖြစ်ပေါ်လာနိုင်တဲ့ တချို့ အကျိုးဆက်တွေကို ဒေသခံတွေ အပေါ်မှာ ထဲထဲဝင်ဝင် ပွင့်ပွင့်လင်းလင်း တိုင်ပင်သင့်တယ်။

“ပြီးတော့ ဒီစီမံကိန်းကြောင့် ရလာမယ့် အကျိုးအမြတ်တွေနဲ့ ဝင်ငွေတွေကိုလည်း ဒေသခံတွေရဲ့ ပါဝင်ပတ်သက်မှု၊ ပိုပြီးတော့ တာဝန်ယူမှု အပိုင်းတွေမှာ ကုမ္ပဏီတွေရော၊ အစိုးရတွေပါ ဒေသခံတွေ အနေနဲ့ ပါဝင်ပြီး တောင်းဆိုနိုင်တဲ့ အနေအထားတခုကို သူတု့ိအနေနဲ့ အဲဒီယန္တရားတခုကို အကောင်အထည် ဖော်ပေးနိုင်မယ်လို့ ကျနော်တို့ မြင်ပါတယ်။”

လှုပ်ရှားသူတွေရဲ့ အဓိက တောင်းဆိုထားတဲ့ ကုမ္ပဏီကြီးတွေကတော့ တိုတယ်၊ ရှယ်ဗရွန်နဲ့ PTTEP ထိုင်း ရေနံကုမ္ပဏီကြီးတွေ ဖြစ်ကြပါတယ်။ ဒီကုမ္ပဏီတွေ အနေနဲ့ အခုလို မြန်မာပြည်တွင်း ၁၈ နှစ်ကြာ လုပ်ငန်း ဘဏ္ဍာရေးစာရင်း ထုတ်ပြန်ပေးဖို့အတွက် အပြင်ကတင် တောင်းဆိုတာ မဟုတ်ဘဲ ဒီကုမ္ပဏီတွေအတွင်း အစုရှယ်ယာဝင်တွေက တဆင့်ပါ ဖိအားပေးသွားဖို့ ပြင်ထားတယ်လို့ မက်သယူး စမစ်သ်က ပြောပါတယ်။

“ဒီကုမ္ပဏီတွေမှာ အစုရှယ်ယာ ထည့်ဝင်ထားသူတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေကို ကျနော်တို့ ထိတွေ့ စကားပြောခဲ့ပါတယ်။ သူတို့ဘက်က တရားဝင်ကြီးတော့ ဒီလှုပ်ရှားမှုကြီးကို အားပေး ထောက်ခံတာမျိုးတော့ မရှိပါဘူး။ ဒါပေမဲ့ သူတို့အနေနဲ့ကတော့ ကုမ္ပဏီ တာဝန်ရှိသူတွေကို ဆက်သွယ်ပြီး ဒီကိစ္စနဲ့ပတ်သက်လို့ ဖိအားပေး ပြောဆိုဖို့ ကြိုးစားကြပါလိမ့်မယ်။”

အခု ဒီလှုပ်ရှားမှုကို ထောက်ခံပါဝင် လက်မှတ်ထိုးကြတဲ့ အထဲမှာတော့ နော်ဝေးနိုင်ငံ ဝန်ကြီးချုပ်ဟောင်း ဘိုနာဗစ်၊ အိုင်ယာလန် သမ္မတဟောင်း မယ်ရီ ရော်ဘင်ဆန် စတဲ့ နိုင်ငံတကာ အထင်ကရ ပုဂ္ဂိုလ်တွေ ပါသလို နိုင်ငံတကာ တက္ကသိုလ်တွေက စီးပွားရေးနဲ့ လူမှုရေး၊ နိုင်ငံရေးဆိုင်ရာ ပါမောက္ခတွေ၊ ပညာရှင်တွေလည်း ပါဝင်ပါတယ်။ နိုင်ငံတကာက အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ မြန်မာ့ဒီမိုကရေစီရေး အဖွဲ့အစည်းတွေလည်း ပါဝင်ကြပါတယ်။ နိုင်ငံတကာ အလုပ်သမား သမဂ္ဂတွေလည်း ပါသလို၊ ငွေကြေးဆိုင်ရာ အဖွဲ့အစည်း အချို့လည်း ပါဝင်ကြတာ တွေ့ရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG