ဒီတပတ် ဒီမိုကရေစီရေးရာဆွေးနွေးခန်းမှာ သင်္ကြန်ဗုံးပေါက်ကွဲမှု နဲ့ လက်ရှိမြန်မာနိုင်ငံရေး အခြေအနေတို့ကို ပြည်ပရောက် နိုင်ငံရေးခေါင်းဆောင်တဦးဖြစ်သူ ဦးမိုးသီးဇွန် ကို ဗွီအိုအေမြန်မာသတင်း ဌာနမှုး ဦးသန်းလွင်ထွန်း က ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်အစိုးရအပေါ် မကျေနပ်ချက်များအပြင် ပြည်တွင်းနိုင်ငံရေးအခြေအနေများဟာ ပိုပြီးရှုပ်ထွေးလာတာကို သင်္ကြန်အကြတ်နေ့က ရန်ကုန်မြို့ ကန်တော်ကြီးစောင်းမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုတွေက သက်သေပြနေတယ်လို့ ပြင်ပရောက် နိုင်ငံရေးခေါင်းဆောင်တဦးဖြစ်တဲ့ ဦးမိုးသီးဇွန် က ပြောကြားလိုက်ပါတယ်။ အပြစ်မဲ့ပြည်သူတွေ သေကျေခဲ့ ရတဲ့ ဒီဖောက်ခွဲမှုတွေမှာ ပါဝင်ပတ်သက်မှုမရှိပေမဲ့ ပြည်တွင်းပြဿနာတွေ ပိုမိုကြီးထွားလာပြီး အလားတူဖြစ်ရပ်တွေ ပေါ်လာမယ့်အရေးကိုတော့ ဖြေရှင်းသင့်ပြီးလို့ သူက ပြောဆိုပါတယ်။
ဦးမိုးသီးဇွန် ။ ။ မြန်မာပြည်မှာ နိုင်ငံရေးအရ တကယ့်ကို အမြင့်ဆုံးအခြေအနေကို ရောက်နေပြီ။ တင်းမာမှု တခုတော့ ရှိနေတာကို ဖော်ပြပါတယ်။ အဲဒီလို ကျနော်အနေနဲ့ သုံးသပ်မိပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ဒါ့အပြင် ဒီလို နေ့ထူးနေ့မြတ် အချိန်ကောင်းမှာမှ လူတွေစည်ကားတဲ့အချိန် လူတွေ သေကျေရတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့။
ဦးမိုးသီးဇွန် ။ ။ ဟုတ်တယ် ဒီလိုရက်ကြီး လုပ်တာကိုက ကျနော်အခုန ပြောသလိုပဲ ပိုပြီးတော့ public attention ကို လိုချင်ပုံ ရတယ်။ အဲဒါကို ဘယ်သူလုပ်တာ ဘယ်ဝါလုပ်တာကိုတော့ ကျနော်မသိဘူး။ ဒါပေမဲ့ motivation ရည်မှန်းချက်ကတော့ အဲဒီလိုမျိုးရှိနေတာကိုတော့ ပြနေတယ်။ နေ့ထူးနေ့မြတ် လုပ်တာတော့ မကောင်းဘူးပေါ့။ ဘာပဲဖြစ်ဖြစ် မင်္ဂလာယူနေတဲ့ အချိန်မှာ 'အ' မင်္ဂလာတွေဖြစ်လာရတယ်ဆိုတာက နိုင်ငံရေးအရ ပြောစရာစကားတွေရှိမယ်လို့ ကျနော်မြင်တယ်။
ဦးသန်းလွင်ထွန်း ။ ။ စောစောက ကိုမိုးသီး ပြောတဲ့အထဲမှာ ဘယ်သူဘယ်ဝါ လုပ်တယ်ဆိုတာလည်းမသိဆိုတဲ့ အကြောင်း လည်းပါတယ်။ ဒါပေမဲ့ များသောအားဖြင့် မြန်မာစစ်အစိုးရအနေနဲ့ မြန်မာပြည်ထဲမှာ ဖောက်ခွဲမှုတွေ ဖြစ်လာရင် ပထမ ဦးဆုံး လက်ညှိုးထိုးတာက ပြင်ပမှာရှိတဲ့ ကေအန်ယူ ကရင်အဖွဲ့အစည်း၊ တိုင်းရင်းသားအဖွဲ့အစည်း၊ ဒါမှမဟုတ် ပြည်ပမှာ ရောက်ရှိနေတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ ကိုမိုးသီး တို့အပါအဝင် ပြည်ပရောက် အတိုက်အခံအင်အားစုတွေ လုပ်တယ်လို့ ပြောလေ့ရှိပါတယ်။ အဲဒီတော့ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ ပါဝင်ခြင်းမရှိတာတော့ သေချာတယ်လို့ ပြောနိုင်သလား။
ဦးမိုးသီးဇွန် ။ ။ အခုဖြစ်သွားတဲ့ကိစ္စမှာ ကျနော်အပါအဝင် ကျနော်တို့အဖွဲ့အစည်း ရဲဘော်တွေနဲ့ ဘယ်လိုမှ ပတ်သက်ခြင်း မရှိဘူးလို့ ပြောချင်ပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ဒါပေမဲ့လည်း ဗမာပြည်မှာ ထူးခြားတဲ့အချက်က ဒီလိုမျိုး ဖောက်ခွဲမှုတွေ ဗမာပြည်ထဲမှာ နိုင်ငံရေး မတည်မငြိမ်ဖြစ်အောင်၊ စစ်အစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ မတည်မငြိမ်ဖြစ်အောင် ဖော်ပြချင်တယ်ဆိုတဲ့ကိစ္စတွေ လုပ်တယ် ဆိုတာတွေက တကယ်လို့ အတိုက်အခံအဖွဲ့အစည်း၊ နိုင်ငံရေးအဖွဲ့အစည်းတွေက လုပ်တယ်ဆိုလို့ရှိရင် နိုင်ငံရေးရည်မှန်းချက်အရ လုပ်တယ်ဆိုတော့ တခြားနိုင်ငံတွေရဲ့ အတွေ့အကြုံတွေကို ကြည့်မယ်ဆိုရင် ဘယ်သူဘယ်ဝါက လုပ်တယ်ဆိုတာ ဖော်ပြလေ့ရှိတယ်။ မြန်မာပြည်မှာတော့ ဒီလိုမျိုး ဖော်ပြတာမျိုး ကြားရလေ့မရှိဘူး။ မရှိတဲ့အပြင် ဗမာ စစ်အစိုးရကလည်း တဘက်လူကိုပဲ လက်ညှိထိုးပြီး ဒီလူတွေလုပ်တာပါလို့ ဗမာပြည်အတွင်းမှာ ဖမ်းဆီးတယ်၊ ထောင်ချတာ တွေ လုပ်ပြီး ဒီလိုမရေမရာအဖြစ်နဲ့ အဆုံးသတ်ကြတာကို တွေ့ကြရတယ်။ ဒါနဲ့ ပတ်သက်ပြီး ကိုမိုးသီးတို့အနေနဲ့ ဘယ်လို မြင်ပါသလဲ။
ဦးမိုးသီးဇွန် ။ ။ ကျနော့်အတွေ့အကြုံအရ ဒီမိုကရေစီအင်အားစုတွေ တခြားအဖွဲ့အစည်းတွေ၊ လူမျိုးစုအဖွဲ့အစည်းတွေက တနေ့ကဖြစ်ခဲ့တဲ့ serial explosions ဆက်တိုက်ပေါက်ကွဲမှုတွေကို လုပ်နိုင်တဲ့ capacity က နည်းနေသေးတယ်၊ မလုပ်နိုင် သေးဘူး၊ မရှိသေးဘူးလို့မြင်တယ်။ အဲဒါကြောင့်လည်း ကျနော်တို့ ဒီဘက် ဒီမိုကရေစီအင်အားစုတွေက ဖြစ်လာတဲ့အခါ သူတို့ တကယ်မလုပ်တဲ့ဟာကို ပြောလေ့ရှိပါတယ်။ နောက်တခုက ထည့်သွင်းစဉ်းစားရမယ့်အချက်တခုက နအဖစစ်အစိုးရ လုပ်တာလည်း ဖြစ်နိုင်တယ်။ အခုဖြစ်သွားတဲ့ကိစ္စကို ကြည့်မယ်ဆိုရင် အင်ယားကန်က သူတို့ elite ဗိုလ်ချုပ်သားသမီးတွေ ပျော်ပါးလို့ရတဲ့နေရာ ဖြစ်နေတယ်။ အဲဒီနေရာကို တခြားလူတွေအတွက် ပိတ်ထားတယ်။ ပြီးတော့ ရန်ကုန်မှာ ပြည်သူ လူထုကြီးကိုတော့ ကန်တော်ကြီးမှာပဲ ဖွင့်ပေးတာတို့။ နောက်တခုကျတော့ ရန်ကုန်သင်္ကြန်ကို မစည်ကားအောင် နေပြည်တော်ဘက်မှာ ပိုပြင်ဆင်တာတို့။ အဲဒီအနေအထားတွေကို ခြုံငုံသုံးသပ်ကြည့်ရင်တော့ ပြည်သူလူထုတွေ နိုင်ငံရေး အရ အတိုက်အခံတွေကို ပိုမိုစွပ်စွဲနိုင်အောင် လုပ်တာလားလို့ ကျနော်တို့ စဉ်းစားနေတယ်။ အလားတူပဲ ကျနော်တို့ မျှမျှတတ စဉ်းစားပါတယ်။ တခြား အင်အားစုတွေက လုပ်တာလား။ သူတို့ motivation တွေရှိနေသလား။ သူတို့ရဲ့ နိုင်ငံရေး ပြဿနာတွေကို ဖော်ထုတ်ချင်တဲ့ အနေအထားတွေ ရှိပါတယ်။ ကြားရတာတွေလည်း ရှိပါတယ်။ အဲဒီတော့ အခုဖြစ်စဉ်မှာ နံပတ်တစ်ကတော့ ရည်ရွယ်ချက်နဲ့ ဘယ်သူလုပ်တာလဲဆိုတာကို တိတိကျကျ မသိရသေးဘူး ဖြစ်နေတယ်။ အဲဒီအပိုင်းလေးတွေ ရှိနေတယ်။
ဦးသန်းလွင်ထွန်း ။ ။ ဟုတ်ကဲ့၊ အဲဒီစောစောပိုင်းက ရည်ရွယ်ချက် motivation ဆိုတာ ကိုမိုးသီး ပြောတဲ့အထဲမှာ တချို့ အင်အားစုတွေက လုပ်တဲ့သဘောပေါ့။ ဘယ်လို အင်အားစုတွေမျိုးလဲ။
ဦးမိုးသီးဇွန် ။ ။ ကျနော်တို့ ဒီမိုကရေစီလှုပ်ရှားမှုအဖွဲ့တွေမှာလည်း ဒီလိုမျိုး တိုက်ခိုက်မှုတွေနဲ့ နအဖစစ်အစိုးရကို ဖြစ်တဲ့ နည်းနဲ့ လက်တုံ့ပြန်မယ့် အနေအထားတွေလည်း ရှိပါတယ်။ အဲဒါလည်း ဘယ်လိုအင်အားစုတွေလည်းဆိုတာကို ပြောရ ခက်တယ်။ တချို့က အဖွဲ့အစည်း နာမည် မခံထားကြဘူး။ လူပုဂ္ဂိုလ်အနေနဲ့ မထွက်ဘူး။ သူတို့မှာ တစုံတရာ capacity ရှိနေတယ်။ နိုင်ငံရေးအရ ခံယူချက်တွေရှိတယ်။ ရည်မှန်းချက် အမြင် different opinions တခြားနည်းလမ်း စဉ်းစားတာ တွေ ရှိနေတယ်။ အဲဒါ သူတို့လုပ်တာလား၊ နအဖ လုပ်တာလား ဆိုတာကို ကျနော်တို့ ရေရေရာရာ မသိသေးဘူး။ အဲဒါကြောင့် ဘယ်လို motivation နဲ့လုပ်တာလည်း အကြောင်းအချက်နဲ့ လုပ်တာလဲဆိုတာကို ကျနော်တို့ နည်းနည်းတော့ စောင့်ကြည့်ရမယ်။
ဦးသန်းလွင်ထွန်း ။ ။ သဘောအားဖြင့် ပြောရမယ်ဆိုရင်တော့ ဒီလိုလူစည်ကားတဲ့နေရာမှာ ပွဲလမ်းသဘင်တွေမှာ အပြစ်မဲ့တဲ့ လူတွေကို ထိခိုက်သေကျေအောင် လုပ်တယ်ဆိုတာကတော့ ဘယ်လိုနည်းနဲ့ ဘယ်လိုအကြောင်းနဲ့လုပ်လုပ် ခွင့်လွှတ်စရာအကြောင်းမရှိ ဖြစ်နေတယ်။ ဒါကြောင့် ဒီလိုအလုပ်မျိုးကို ဘယ်လိုအဖွဲ့အစည်းမျိုးက လုပ်မယ်လို့ ယူဆ ပါသလဲ။
ဦးမိုးသီးဇွန် ။ ။ အဲဒါတော့ ကျနော် အတိအကျပြောလို့ မရသေးဘူးခင်များ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီလိုမျိုးလည်း မစွပ်စွဲ ချင်ဘူး။ နိုင်ငံရေးအရ သုံးသပ်ရတာမျိုးကိုသာ ထည့်သွင်းစဉ်းစားရတာ။ တကယ်လုပ်နိုင်သလား၊ လုပ်လိုက်သလားဆိုတာ ကျနော်တို့ တိတိကျကျ မသိရသေးဘူး။ တချို့လည်း နည်းမျိုးစုံနဲ့ ပြောနေကြတာရှိတယ်။ တချို့လည်း အပစ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်းသားအင်အားစုတွေမှာလည်း နိုင်ငံရေးအရ မကျေနပ်မှုတွေရှိနေတယ်။ တဘက်မှာလည်း ကျနော်တို့ ဒီမိုကရေစီအင်အားစုတွေမှာလည်း နိုင်ငံရေးအရ အမြင်တွေ၊ နအဖစစ်အစိုးရနဲ့ ဒီနေ့အခြေအနေမှာ တော်တော်ကြီး ကွဲလွဲနေတာရှိတယ်။ ဒါပေမဲ့ သူတို့ ရွေးချယ်တဲ့ target ပစ်မှတ်တွေက ဘာတွေလဲ။ ဘာကြောင့် ဒီနေရာကို ရွေးချယ် တိုက်ခိုက်ရသလဲဆိုတာကို အခုနပြောသလို အခိုင်အမာသုံးသပ်လို့ မရသေးဘူး။ စွပ်စွဲလို့ မရသေးဘူး။ သူတို့ ဘာ ရည်ရွယ်ချက်နဲ့ ဒီလိုလုပ်တာလဲ။ အခုန ကိုသန်းလွင်ထွန်း ပြောသလို အပြစ်မဲ့တဲ့ ပြည်သူတွေကို target လုပ်ထားတယ်၊ ထိသွားတယ်ဆိုတဲ့ကိစ္စက မကောင်းတဲ့ကိစ္စဖြစ်တယ်။
ဦးသန်းလွင်ထွန်း ။ ။ ဒီနေရာမှာ တဖက်လှည့် ပြန်မေးရရင် ဗမာပြည်မှာ နိုင်ငံရေးအရ မတည်မငြိမ် ဖြစ်စေချင်နေတဲ့ အဖွဲ့အစည်းတွေက ဘယ်လိုအဖွဲ့အစည်းတွေက ရှိနေပါသလဲ။
ဦးမိုးသီးဇွန် ။ ။ ဒါကတော့ ကျနော်တို့ ပွင့်ပွင့်လင်းလင်း ပြောလို့ရတယ်။ ကျနော်တို့ အခုရှိနေတဲ့ ပြည်တွင်း၊ ပြည်ပ လုပ်နေတဲ့ အဖွဲ့အစည်းတွေက မတည်မငြိမ်ဆိုတာထက် နအဖ စစ်အစိုးရရဲ့ ဒီနေ့ နိုင်ငံရေးပြဿနာတွေအပေါ်မှာ မှန်မှန်ကန်ကန် မဖြေရှင်းတဲ့အပေါ်မှာ ကိုယ့်အခွင့်အရေးအတွက် တိုက်ပွဲဝင်ဖို့။ လူထုတိုက်ပွဲတွေ လုပ်ဖို့၊ လက်နက်ကိုင် တိုက်ပွဲတွေ ဖော်ဆောင်ဖို့၊ ပိုပြီးဖော်ဆောင်ဖို့ အမြင်တွေက ရှိနေကြတယ်။ ကျနော်တို့အဖွဲ့တွေမှာလည်းရှိတယ်။ ကျနော့်ကိုယ်တိုင်မှာလည်း ရှိနေတယ်။
ဦးသန်းလွင်ထွန်း ။ ။ အခုလို ပြည်တွင်းမှာ မတည်မငြိမ်မှုတွေ၊ ဖောက်ခွဲမှုတွေရှိလာတယ်ဆိုရင် မြန်မာပြည်မှာ အာဏာကို တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားချင်တဲ့ စစ်အစိုးရ စစ်အာဏာရှင်တွေအတွက် ပိုပြီးချုပ်ကိုင်ထားနိုင်ခွင့်ရစေမယ့် အခွင့်အရေးတရပ် ဖြစ်မသွားစေဘူးလား။
ဦးမိုးသီးဇွန် ။ ။ အဲဒါလည်း စဉ်းစားရမယ့်အချက်လည်း ဖြစ်တယ်။ သူတို့က ဒီလိုအခြေအနေမျိုးတွေကို အကြောင်းပြ ပြီးတော့ ပြည်သူလူထုရဲ့ civil rights လွတ်လပ်ခွင့်တွေကို ပိုပြီးတော့ တင်းကျပ်လာနိုင်တယ်။ ပိုပြီးတော့ လုပ်လာတဲ့ အနေအထားတွေ ရှိလာနိုင်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည် ပြောသလို ကျနော်တို့ ကိုယ့်နိုင်ငံ အတွင်းမှာ prison ထဲကို ရောက်နေတယ်။ အဲဒီအထဲမှာ အမြင်မတူတဲ့ အဖွဲ့အစည်းတွေက ဒီ prison gate ကို ဖောက်ခွဲဖို့ ကြိုးစားတာလည်း ဖြစ်နိုင်ပါတယ်။ အဲဒါကြောင့် ကျနော့်အနေနဲ့ ဒီကနေ့ ပြဿနာတွေအပေါ်မှာ ကျနော်ရဲ့ အမြင် ကောက်ချက်ကို ပေးဖို့က အတိအကျ မပြောနိုင်သေးတာ ဖြစ်ပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ဒီပြဿနာတွေက ဒီနှစ်အတွင်းမှာ လုပ်ဖို့ရှိတဲ့ ရွေးကောက်ပွဲတွေကို ဘယ်လောက်အထိ ထိခိုက် နိုင်စရာရှိသလဲ။
ဦးမိုးသီးဇွန် ။ ။ အသေအချာ ဖြစ်တယ်။ ဒါ ရွေးကောက်ပွဲကို သွားနေတယ်။ ဒီနေ့ နအဖစစ်အစိုးရရဲ့ လုပ်ရပ်က တကယ့်ကို ရွေးကောက်ပွဲကို ဒီနေ့ တကယ်ကို ဝင်သင့်တဲ့လူတွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုုပ်၊ ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသား အင်အားစုတွေ တကယ့် အင်အားစုတွေကို ရွေးကောက်ပွဲ မဝင်နိုင်အောင် ရည်မှန်းချက်ရှိရှိ လုပ်လိုက်တာ။ အဲဒါကြီးလုပ်လိုက်တည်းက ကျနော်တို့က မြင်နေတယ်။ ပြဿနာတွေကတော့ ပိုကြီးလာမယ်။ ရှင်းရှင်းပြောရရင် အခုတော့ ပေါက်ကွဲမှုကြီးဖြစ်သွားတယ်။ လူတချို့ သေဆုံးသွားတယ်။ ကျနော်တို့ စိတ်မကောင်းဘူး။ တကယ့်က ဒီထက်မက ပေါက်ကွဲမှုကြီးတွေ လာလိမ့်မယ်။ အဲဒါ လူထုလှုပ်ရှားမှုကြီးတွေ တတိုင်းပြည်လုံး အုံကြွလှုပ်ရှားမှုကြီးတွေကလည်း ဖြစ်လာတော့မယ်။ ဒါကြောင့် နအဖ စစ်အစိုးရအနေနဲ့ ဒါတွေက warning signs တွေ သတိပေးနေတာ။ နိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေးနည်းအရ မှန်မှန်ကန်ကန် ဖြေရှင်းပါ။ ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေးခေါင်းဆောင်တွေကို ပြန်လွတ်ပေးဖို့ လိုတယ်။ ၉၀ ရွေးကောက်ပွဲရလဒ်ကို တနည်းနည်းနဲ့ အသိအမှတ်ပြုဖို့ လိုတယ်။ ပြည်သူ့လွှတ်တော်ကို ခေါ်ယူပေးဖို့လိုတယ် စသဖြင့် နိုင်ငံရေးပြဿနာတွေကို မှန်မှန်ကန်ကန် လမ်းကြောင်းက သွားမယ်ဆိုရင် ဒီလိုမျိုး ဖြစ်ရပ်တွေဖြစ်လာမှာ မဟုတ်ဘူးလို့ ကျနော်အနေနဲ့ မြင်ပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ အရင်တုန်းကဆိုရင် အထူးသဖြင့် ကမ္ဘာအေးလှိုဏ်ဂူမှာ ဗုံးပေါက်ကွဲတုန်းကဆိုရင်လည်း လူတွေ တော်တော်များများ သေခဲ့ပါတယ်။ အဲဒီအချိန်တုန်းကဆိုရင်လည်း မြန်မာစစ်အစိုးရက လက်သည်ရှာမရခဲ့ဘူး။ နောက်ဆုံးတော့ ကျနော်တို့ ကြားသိရတာက ထောက်လှမ်းရေးသတင်းတွေအရ သူတို့ဖမ်းပြီးတော့ စစ်ဆေးတဲ့ သူတွေကလည်း သားအမိနှစ်ယောက်။ အဲဒီတုန်းက ပန်းအိုးကတဆင့် ပေါက်ကွဲခဲ့တယ်ဆိုတာသိရတော့ ပန်းအိုးကို နောက်ဆုံးကိုင်တဲ့ သားအမိနှစ်ယောက်ကလည်း ဖြစ်ချင်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ နီးစပ်တဲ့လူတွေ ဖြစ်နေတော့ ဒီသားအမိနှစ်ယောက်က စစ်ထောက်လှမ်းရေးရဲ့ ဖမ်းဆီးနှိပ်စက်ဒဏ်ကို အတော်ခံလိုက်ရတယ်။ ဆိုတော့ ဒီလိုပြဿနာမျိုးတွေက အခု ပေါက်ကွဲမှုတွေနဲ့ ဆက်စပ်ဖြစ်လာနိုင်စရာ ရှိပါသလား။
ဦးမိုးသီးဇွန် ။ ။ ဒါပေါ့၊ မဆိုင်တဲ့အင်အားစုတွေကို သူတို့လက်ညှိုးထိုးစွပ်စွဲတာတွေ ဖြစ်တယ်။ ပြောမယ်ဆိုရင် ဒါ လွယ်လွယ်လေး ဖြစ်နိုင်ချေရှိတဲ့ အနေအထားတွေက အများကြီးရှိတယ်။ ဥပမာဆိုရင် ဗိုလ်ချုပ်သန်းရွှေနဲ့ မိသားစုကို မကျေနပ်နေတာ တပ်မတော်အတွင်းမှာလည်း ဖြစ်နေတယ်။ ထောက်လှမ်းရေးတွေ ဗိုလ်ချုပ်ခင်ညွှန့်လက်ထက်က ထောက်လှမ်းရေးတွေမှာလည်း မကျေနပ်ချက်တွေ ရှိနေတယ်။ မကြာသေးက တပ်မတော်က အဖမ်းခံရတဲ့ အရာရှိတွေ၊ တိုင်းရင်းသား အင်အားစုတွေ ရှိနေကြတယ်။ ကျနော်တို့ ဒီမိုကရေစီ အင်အားစုတွေမှာလည်း မကျေနပ်တဲ့ အင်အားစုတွေ အများကြီးရှိနေတယ်။ ဒါကြောင့်မို့ ကျနော်တို့ သုံးသပ်ရတာ၊ ပြောရတာ အလွန်ခက်ပါတယ်။ ဒီအင်အားစုတွေအားလုံးက potential ရှိနေတယ်။ ဒါ လုပ်မှာပဲ။ တကယ်လို့ သူတို့နိုင်ငံရေး ပြဿနာတွေ မဖြေရှင်းလာတဲ့အခါမှာ နိုင်ငံရေး ရေချိန် level တယောက်နဲ့ တယောက်မတူဘူး။ အမြင်မတူဘူး။ ဒီလိုဟာတွေကလည်း ကြုံတွေ့လာရမယ်။ ရှေ့လျှောက် အများကြီး ဖြစ်လာတော့မယ်လို့ စိုရိမ်နေမိတယ်။ ဒါကြောင့် ရိုးသားတဲ့ပြည်သူတွေကို မထိခိုက်ဖို့ လိုလာတယ်။ ကျနော်တို့လည်း မကျေနပ်ဘူး။ အခွင့်ရေးရရင် လုပ်မှာပဲ။ ဒါပေမဲ့ ပြည်သူတွေကို မထိခိုက်အောင် အားလုံးသတိထားရမယ့် အနေအထား ရှိပါတယ်။ အဲဒီတော့ ဒီနေ့ ဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေပေါ်မှာ မကျေနပ်တဲ့ အင်အားစုတွေက တနေ့တခြား တိုး တိုး လာတယ်။ ဒီလို တိုးလာတဲ့အနေအထားပေါ်မှာ အကုန်လုံးက management မလုပ်နိုင်ဘူး။ မလုပ်နဲ့ မတော်ဘူးလို့ ပြောရတာ အတော်ခက်တယ်။ ကျနော်တို့ မသိတဲ့ အနေအထားတွေရှိတယ်။ ဒါကြောင့်မို့ အဲဒါတွေအားလုံးကို ပြောနိုင်တဲ့ လူက တယောက်ဘဲရှိတယ်။ အဲဒါ ဒေါ်အောင်ဆန်းစုကြည် ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး ပြန်လွှတ်ပေးရင် ဒီလိုကိစ္စမျိုးတွေ ဖြစ်မှာမဟုတ်ဘူးလို့ ကျနော်အနေနဲ့ မြင်တယ်။
ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးပြီးတော့ မြန်မာစစ်အစိုးရနဲ့ တွေ့ဆုံ ဆွေးနွေးရေး ဆိုတာက ဖြစ်လာနိုင်စရာ အလားအလာရှိပါသလား။
ဦးမိုးသီးဇွန် ။ ။ အခု အနေအထားမှာတော့ အလားအလာ အလွန်နည်းနေတယ်။ အခုန မလိုလားအပ်တဲ့ အလားအလာ တွေက ပိုများနေတယ်။ အဲဒါကြောင့် ကျနော်အနေနဲ့ အားလုံးကို ပြောချင်ပါတယ်။ ပတ်သက်နေတဲ့ အင်အားစုတွေ ရှိနေ မယ်ဆိုရင် ပြည်သူလူထုကို မထိခိုက်ဖို့ မေတ္တာရပ်ခံချင်တယ်။