သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြပွဲတွေကြောင့် ထိုင်းခရီးသွားလုပ်ငန်း ထိခိုက်


ထိုင်းနိုင်ငံရဲ့ စီးပွားရေးဟာ အထိနာနေရပြီး မကြာသေးခင်ကဖြစ်ခဲ့တဲ့ ဆန္ဒပြပွဲတွေကြောင့် ကမ္ဘာလှည့်ခရီးသည်တွေ အဝင်အထွက်နည်းသွားတာနဲ့အမျှ အထူးသဖြင့်တော့ အရေးပါလှတဲ့ ခရီးသွားလုပ်ငန်းမှာ ပိုပြီး ထိခိုက်ရပါတယ်။ ဘန်ကောက်မြို့တော်မှာ အသေးစားဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တဲ့ကြားမှာပဲ တာဝန်ချထားတဲ့ စစ်တပ်တွေကို ဆန္ဒပြသူတွေက အတင်းအကျပ် ရုပ်သိမ်းစေခဲ့တာနဲ့အမျှ တင်းမာမှုတွေ တိုးလာခဲ့တယ်လို့ ဘန်ကောက်မြို့တော်ကနေ ဗွီအိုအေသတင်းထောက် Ron Corben ပေးပို့တဲ့ သတင်းဆောင်းပါးထဲမှာ ဖော်ပြထားပါတယ်။ ကိုကျော်ကျော်သိန်းက အပြည့်အစုံ တင်ပြထားပါတယ်။

ရွေးကောက်ပွဲအသစ်တွေ ကျင်းပပေးဖို့ ဖိအားပေးတဲ့အနေနဲ့ သိန်းနဲ့ချီတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ဘန်ကောက်မြို့တော် လမ်းတွေပေါ်မှာ ဆန္ဒပြခဲ့ကြတာနဲ့အမျှ ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်း ထိခိုက်ခဲ့ရတာပါ။

ရှပ်နီတွေလို့ခေါ်တဲ့ ဝန်ကြီးချုပ်ဟောင်း တက်ဆင် ရှင်နာဝပ်ကို ထောက်ခံသူတွေဟာ နည်းလမ်းအမျိုးမျိုးနဲ့ ဆန္ဒပြခဲ့ကြပါတယ်။ ဒီထဲမှာ သွေးတွေလောင်းပြီး ဆန္ဒပြတာ၊ ကတုံးရိတ်တာ၊ မြို့တော်ရဲ့လမ်းတွေတလျှောက် ကားတွေ မော်တော်ဆိုင်ကယ်တွေ စီတန်း လှည့်လည် မောင်းနှင်ပြီး ဟွန်းတွေ ဆူညံနေအောင်တီးပြီးတော့ ဆန္ဒပြတာ စသည်ဖြင့် မျိုးစုံ ဆန္ဒပြခဲ့ကြပါတယ်။

ဒီတခါဆန္ဒပြပွဲတွေဟာ ခုချိန်ထိတော့ အတိုင်းအတာတခုထိ ငြိမ်းငြိမ်းချမ်းချမ်း ရှိနေသေးပေမယ့် အကြမ်းဖက်တဲ့ အခြေအနေထိ ပြောင်းသွားခဲ့တဲ့ မနှစ်က ဆန္ဒပြပွဲတွေကို လူအများအပြားက အမှတ်တရ ရှိနေတုန်းပါပဲ။

ဆန္ဒပြပွဲတွေစဖြစ်ခဲ့တဲ့ မတ်လမှာ နိုင်ငံတကာကဝင်လာတဲ့ ခရီးသည်အရေအတွက်ဟာ ၂၀ နဲ့ ၃၀ ရာခိုင်နှုန်းကြား ကျဆင်းသွားခဲ့ တယ်လို့ ထိုင်းနိုင်ငံ ခရီးသွားလာရေး လုပ်ငန်းရှင်များအသင်းက ပြောပါတယ်။ ဂျပန်၊ တရုတ်၊ ဟောင်ကောင်၊ တိုင်ဝမ်နဲ့ တောင် ကိုရီးယားတို့လို ကမ္ဘာလှည့်ခရီးသည်တွေ အများဆုံးလာတဲ့ အဓိကဈေးကွက်နိုင်ငံတွေက ခရီးသည်တွေဟာ သူတို့ရဲ့ခရီးစဉ်တွေ ကို ဖျက်သိမ်းပစ်ခဲ့ကြပါတယ်။

နိုင်ငံပေါင်း ၃၀ ကျော်ကနေ သူတို့နိုင်ငံသားတွေကို ခရီးသွားသတိပေးချက်တွေ ထုတ်ပြန်တာကလည်း ခရီးသွား လုပ်ငန်းကို ထိခိုက်စေတဲ့အကြောင်းတခု ဖြစ်တယ်လို့ Dusit Thani ဟော်တယ်ရဲ့ အရောင်းနဲ့ဈေးကွက်ဆိုင်ရာ ညွှန်ကြားရေးမှူး Andrew Cornelio က ပြောပါတယ်။

"ကျနော်တို့ Dusit Thani ဟော်တယ်ဆိုရင် အခန်းငှားဖို့ ကြိုပြီး စာရင်းပေးထားတာတွေ အများကြီး ပြန်ဖျက်တာ တွေ့ရပါတယ်။ အရေအတွက်အရ ကျနော်တို့ အတော့်ကို ဆုံးရှုံးခဲ့ပါတယ်။ ကျနော်တို့ ခန့်မှန်း တွက်ချက်ထားတာရဲ့ ၁၅ ကနေ ၂၀ ရာခိုင်နှုန်းအထိ အခုအချိန်မှာ ကျဆင်းသွားတယ်လို့ ဆိုရပါမယ်။ ဒါက ပထမသုံးလပတ်မှာ ကျနော်တို့ လျာထားတဲ့ ဝင်ငွေရဲ့ အောက်ကို လျော့သွားစေမှာဖြစ်ပါတယ်။"

ထိုင်းနိုင်ငံကို ၂၀၁၀ ပြည့်နှစ်အတွင်း ကမ္ဘာလှည့်ခရီးသည်ပေါင်း ၁၅ သန်းကျော် လာမယ်လို့ ခရီးသွားကဏ္ဍက ခန့်မှန်းထားခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအရေအတွက်ကို အခု မပြည့်မီနိုင်တော့ဘူးလို့ သုံးသပ်သူတွေက ပြောလာကြပါပြီ။ ကမ္ဘာလှည့်ခရီးသည် လုပ်ငန်းဟာ ထိုင်းနိုင်ငံစီးပွားရေးရဲ့ ၆ ရာခိုင်နှုန်းလောက်ရှိပါတယ်။

အစိုးရ အငြိမ်းစာရန်ပုံငွေအဖွဲ့ရဲ့ စီးပွားရေးပညာရှင်ချုပ် Arporn Chewrekrengkai က ဒီနှစ်အတွက် ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းအပေါ် သူ့ရဲ့ အကောင်းမြင်ခန့်မှန်းချက်ကို ပြန်ပြင်ပြီး ပြောခဲ့ပါတယ်။

"ဒီ နိုင်ငံရေး မရေမရာဖြစ်မှုက ခရီးသွားလုပ်ငန်းအပေါ်မှာ တကယ့်ကို ဆိုးရွားတဲ့အကျိုး သက်ရောက်စေမှာပါ။ ကနဦးတုန်းကတော့ ခရီးသွားလုပ်ငန်းဟာ ပြီးခဲ့တဲ့နှစ် နောက်ဆုံးသုံးလပတ်မှာ ကောင်းကောင်း အလုပ်ဖြစ်လိမ့်မယ်လို့ ကျမ ထင်ထားခဲ့တယ်။ ဒါကြောင့်လည်း အစောပိုင်းခန့်မှန်းချက်တွေမှာ ပြည်ပခရီးသည် ၁၅ သန်းကနေ ၁၅ သန်းခွဲထိ လာလိမ့်မယ်လို့ တွက်ထားခဲ့ကြတာပါ။ ဒါကြောင့် ဒီလိုမျိုး ဆန္ဒပြပွဲတွေသာ ဆက်ဖြစ်နေမယ်ဆိုရင်တော့ ဒီနှစ်ရဲ့ ကျန်တဲ့ကာလကို ထိခိုက်လိမ့်မယ်လို့ ကျမတို့ ယူဆထားပါတယ်။"

ဒါပေမဲ့လည်း ပြည်ပတင်ပို့မှု အားကောင်းတာကြောင့် ထိုင်းနိုင်ငံရဲ့ စီးပွားရေးတခုလုံးကတော့ တိုးတက်လိမ့်မယ်လို့ Arporn က ပြောပါတယ်။ ပြည်ပတင်ပို့ကုန်ဟာ ၂၀၀၉ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၃.၅ ကနေ ၄ ရာခိုင်နှုန်းကြား တိုးတက်ဖို့ရှိပါတယ။်

ဘန်ကောက်မြို့လယ်ခေါင်က ဆန္ဒပြပွဲလုပ်တဲ့နားမှာ ချထားတဲ့ စစ်တပ်တွေကို ရုပ်သိမ်းပေးဖို့ ရှပ်နီဆန္ဒပြသူတွေက တောင်းဆိုခဲ့တာနဲ့အမျှ စနေနေ့ကဆန္ဒပြပွဲတွေဟာ ပိုပြီး ထိပ်တိုက်ဖြစ်တဲ့ပုံရှိခဲ့ပါတယ်။

ဗုံးပေါက်ကွဲမှုနှစ်ခု သီးခြားစီဖြစ်ခဲ့ပြီး စစ်သားတဦးနဲ့ အရပ်သားနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ လုံခြုံရေး တာဝန်ရှိသူတွေက ပြောပါတယ်။

ဆန္ဒပြသူအများစုဟာ ဝန်ကြီးချုပ်ဟောင်း တက်ဆင်ရှင်နာဝပ်ကို ထောက်ခံသူတွေနဲ့ စစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ဒီမိုကရေစီရေးထောက်ခံသူတွေ ဖြစ်ပါတယ်။ မစ္စတာတက်ဆင်အပေါ် အကျင့်ပျက်ခြစားမှုတွေနဲ့ စွပ်စွဲပြီး ၂၀၀၆ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်း ဖြုတ်ချခဲ့ပါတယ်။ မစ္စတာတက်ဆင်ဟာ သူ့အပေါ်စွဲချက်တွေကို ရှောင်ဖို့အတွက် ခုချိန်ထိ ပြည်ပမှာနေထိုင်ဆဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG