နာဂစ်ဒဏ်ခံခဲ့ရတဲ့ မြစ်ဝကျွန်းပေါ် ဒေသက တချို့မြို့နယ်တွေမှာ ဒီနှစ် ကြွက်တွေ ထူးထူးခြားခြား များပြားလာတာကြောင့် စိုက်ပျိုးထားတဲ့ စပါးပင်တွေ အတော်များများ ပျက်စီးနေရပါတယ်။ ရပ်ကွက်၊ ကျေးရွာ အာဏာပိုင်တွေက ကြွက်နှိမ်နင်းဖို့အတွက် တအိမ်ထောင်ကို တပတ် ၅ ကောင်နှုန်းနဲ့ ဖမ်းဆီးခိုင်းပြီး မရသူတွေကို ဒဏ်ရိုက်နေတာကြောင့် ပြည်သူတွေမှာ အခက်တွေ့နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီသတင်းကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားတယ်။
နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးတဲ့နောက်မှာ အခုလို ကြွက်သောင်းကျန်းနေတဲ့ ဒေသတွေကတော့ ဘိုကလေး၊ ဖျာပုံ၊ လပွတ္တာနဲ့ ဟိုင်းကြီးကျွန်း စတဲ့ဒေသတွေ ဖြစ်ပါတယ်။ လပွတ္တာနယ်အတွင်းမှာဆိုရင် ကြွက်တွေဟာ စပါးပင်အရင်းကနေ ကိုက်ဖြတ်ပစ်တာကြောင့် တချို့လယ်ကွက်တွေဟာ ရိတ်စရာမကျန်အောင်ထိ ပျက်စီးဆုံးရှုံးနေရတယ်လို့ ဒေသခံတယောက်က အခုလို ပြောပါတယ်။
“ကြွက်တွေ အုပ်လိုက်ပေါ့ စပါးပင်တွေကို ဖျက်တာ။ အခုက ရိတ်သိမ်းချိန် ရောက်ခါနီးမှ တံစဉ်လွတ်တာပေါ့။ ၁၇၅ ဧကက ၁၀၀ နီးပါးလောက်ကို ပျက်တာ။ တနယ်လုံးတော့ မဟုတ်ဘူး။ ပြင်စလူ အပိုင်ဘက်ကပေါ့။ ပြင်စလူပိုင်ဘက်က အတော်များများပျက်တာ။ ကြိုကြား ကြိုကြားပေါ့။ အကုန်လုံးတော့ တပြိုင်နက်တည်း ဖြစ်နေတာတော့ မဟုတ်ဘူးခင်ဗျ။”
လပွတ္တာနယ်အတွင်းက တချို့တောင်သူတွေဟာ မျိုးစပါးမရှိတာ၊ ကျွဲ နွား မရှိတာနဲ့ တခြား အခက်အခဲတွေကြောင့် ဒီနှစ် စပါးမစိုက်နိုင်သူတွေလည်း ရှိပါတယ်။ အခြား လပွတ္တာ နယ်ခံတယောက်ကတော့ ပျက်စီးဆုံးရှုံးတဲ့ အခြေအနေဟာ အနည်းဆုံး ၁၀ ပုံ ၁ ပုံလောက်တော့ ရှိနိုင်ကြောင်း အခုလို ပြောပါတယ်။
“ကြွက်က ဘယ်လောက်များလဲ မသိဘူး၊ ဧကနည်းတဲ့ လူတွေဆို ၁၄-၅ ဧက တကွင်းတည်းဆိုရင်တော့ ပြတ်သွားနိုင်တယ်။ များတဲ့လူ သူကြားကိုယ်ကြား ညပ်နေတဲ့လူကျတော့ ၄-၅ ဧက၊ ၈ ဧကလောက် များရင် များသလိုပေါ့။ ပျှမ်းမျှ ဆိုရင်တော့ ၁၀ ပုံ ၁ ပုံလောက် ၊ ၁၀ ပုံ ၂ ပုံလောက် ပျက်တာများတယ်။ ဒါက အများတောထဲမှာ ဖြစ်တာ။ ကြားညပ်နေတဲ့လူကျ ပြဿနာ မရှိဘဲနဲ့ ထီးတည်းကြီးသမားကျတော့ အကုန်ဝိုင်းကိုက်တာ။ တချို့ဆိုရင် တစေ့မှ မရဘဲနဲ့ အပင်တွေ အရင်းက နေပြီး ကိုက်ဖြတ်ပစ်လိုက်တာ။”
ဒီလိုဖြစ်တာကတော့ လပွတ္တာမြို့နယ် အောက်ပိုင်းဒေသက ကျေးရွာတွေမှာ အဖြစ်များပြီး ကြွက်တကောင်ကို ၅၀ သား လောက်ကနေ ၇၀ သားလောက်အထိ ရှိတယ်လို့ ဆိုပါတယ်။ အခုလို ကြွက်တွေ များပြားတာကြောင့် ဒေသခံ အာဏာပိုင် တွေက တအိမ်ထောင်ကို တပတ် ကြွက် ၅ ကောင်နှုန်း ဖမ်းခိုင်းပြီး မဖမ်းနိုင်သူတွေကို ဒဏ်ရိုက်နေတယ်လို့ လပွတ္တာနယ်ခံ က ဆက်ပြောပါတယ်။
“ကြွက်နှိမ်နင်းရေးနဲ့ ပတ်သက်ပြီးတော့ လုပ်တာတော့ သီးခြားမရှိဘူး။ ရယကတွေ လိုင်းကနေတော့ တအိမ်ထောင်ကို ကြွက်မြီး ၅ ချောင်း ပေးရမယ် တပတ်ကို၊ အမှန်တော့ အဓိပ္ပာယ်ကတော့ တပတ်အတွင်းမှာ တအိမ်ထောင်ကို ကြွက် ၅ ကောင် သတ်ပေးပါလို့ ပြောတာ၊ အိမ်တိုင်းကို။ ဒါပေမဲ့ အိမ်တိုင်းဆိုပေမဲ့ ဘယ်သူက စိတ်ဝင်စားမလဲ။ လယ်သမား လယ်တောထဲမှာ ကိုက်တာပဲ၊ ငါနဲ့မဆိုင်ဘူးဆိုတဲ့ လူမျိုးတွေက များတယ်။
“မရှိတဲ့သူကလည်း ကြွက် ၅ ကောင် ရအောင်ရှာပြီး ကြွက်မြီးဖြတ်ပြီး ရယကကို ပေးလိုက်တာပေါ့။ တချို့ကျတော့လည်း မရှာတော့ဘူး။ ဒဏ်ငွေရိုက်မယ်။ ၁,၀၀၀ ပေးရမယ်၊ ကြွက်မြီး ၅ ချောင်း မပေးနိုင်ရင် ဆိုတော့ ငွေ ၁,၀၀၀ ပဲ လွယ်လွယ်ကူကူ ပေးတယ်။ ကြွက်ကို နှိမ်နင်းတယ်ဆိုတဲ့ အဆင့်က ရည်ရွယ်ချက် ပျောက်သွားပြီးတော့ ကြွက်နှိမ်နင်းတဲ့ အဆင့် မရောက်တော့ဘူးပေါ့။”
တချို့နယ်တွေမှာတော့ တအိမ်ထောင် တပတ်ကို ကြွက်မြီး ၂၀ ပေးခိုင်းနေပြီး မပေးနိုင်ရင် ကြွက်မြီးတချောင်းကို ငွေ ၂၀၀ ကျပ်နှုန်း ဒဏ်ရိုက်တယ်လို့လည်း သိရပါတယ်။ ဘိုကလေးနယ်ခံ တယောက်ကလည်း သူတို့ဒေသတွင်း ဖြစ်ပျက်နေတဲ့ အခြေအနေကို အခုလို ပြောပါတယ်။
“အခုကလည်း စပါးက ပေါ်လုပေါ်ခင်ပေါ့နော်။ ကြွက်အုပ် ကျသွားပြီဆိုရင် လယ်တွေက ဘယ်လောက်ထိ ပျက်စီးလဲဆိုရင် လယ် ၁၀ ဧကဆိုရင် နောက်နေ့ မနက်မိုးလင်းရင် ၂ ဧကလောက်က လုံးဝကုန်သွားတာပေါ့နော်။ အခုက ကျေးရွာ ရယက တွေ၊ အာဏာပိုင် အဖွဲ့အစည်းတွေကလည်း ပေါ်လစီတခုက ဘယ်လိုလုပ်ထားလဲဆိုတော့ တအိမ်ထောင်ကို ၇ ရက် တပတ်ကို ကြွက်မြီး ၁၀ ချောင်း ပေးရမယ်ပေါ့။
“လယ်သမားတွေက မပေးနိုင်ရင် ပိုက်ဆံပေးရတယ်ဗျ။ တအိမ်ထောင် ပိုက်ဆံ ၁,၀၀၀ ပေးရတာတို့ ဘာတို့ အဲလိုမျိုးတွေ ရှိတယ်။ အဲတော့ ကျနော်တို့ ဒီဘက်ကနေပြီး ကြွက်မြီး သွားရောင်းစားတဲ့လူတောင် ရှိတယ်။ ကျနော်တို့ဒေသနားက ရွာတရွာက လူတယောက်ဆိုရင် ကြွက်မြီးတွေကို ဖြတ်ပြီး အဲဒီ အောက်မှာ သွားရောင်းတာ ၇၀,၀၀၀၊ ၈၀,၀၀၀ လောက် ရတယ် ပြောတာပဲ။ သူ ဘယ်လိုရောင်းခဲ့ရတယ်တော့ မသိဘူး။”
မြစ်ဝကျွန်းပေါ်ဒေသမှာ လွန်ခဲ့တဲ့နှစ် နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးစကတော့ ကြွက်တွေနဲ့ ငှက်တွေပါ ပျောက်ဆုံးသွားခဲ့ရပြီး အခုအခါမှ ကြွက်တွေ ပေါများလာတာ ဖြစ်ပါတယ်။ အခုလို ပေါများလာတာကတော့ ကြွက်တွေကို ဖမ်းယူစားသောက်တဲ့ မြွေနဲ့ ဇီးကွက်လို အကောင်တွေ နည်းပါးသွားတာကြောင့် ဖြစ်နိုင်တယ်လို့ သုံးသပ်သူတွေလည်း ရှိပါတယ်။
တချိန်တည်းမှာပဲ မြန်မာပြည် အထက်ပိုင်း ကချင်ပြည်နယ်က ပူတာအို၊ အင်ဂျန်ယန်၊ ဆွမ်ပရာဘွမ်နဲ့ ခေါင်လန်ဖူး စတဲ့ ဒေသတွေမှာ ကြွက်နဲ့ စပါးဖျက်ပိုးတွေ ကျရောက်နေတာကြောင့် ဒေသခံတွေ စားနပ်ရိက္ခာ အခက်အခဲနဲ့ ရင်ဆိုင်နေရတယ် လို့ ပူတာအို ဒေသခံတယောက်က ပြောပါတယ်။
ဒီလို ရိက္ခာအခက်အခဲ ကြုံနေရတာဟာ အနည်းဆုံး ရွာပေါင်း ၇၇ ရွာ၊ လူဦးရေ ၁၀,၀၀၀ လောက် ရှိမယ်လို့ ကူညီ ကယ်ဆယ်ရေး အဖွဲ့တခုက ခန့်မှန်းထားပါတယ်။ ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (KIO) က တာဝန်ရှိသူ တယောက် ကတော့ သူတို့နဲ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ဒုက္ခရောက်နေတဲ့ ကချင်ပြည်သူတွေကို ဆန်နဲ့ ဆေးဝါးတွေ ပို့ဆောင် ပေးထားတယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်းကလည်း ချင်းပြည်နယ်တောင်ပိုင်း မတူပီ၊ မင်းတပ်နယ်တွေမှာ ဝါးတွေပွင့်ပြီး ကြွက်တွေ များပြားခဲ့တာ ကြောင့် ဒေသခံပြည်သူတွေ စားနပ်ရိက္ခာ အခက်အခဲနဲ့ တွေ့ကြုံခဲ့ရပါတယ်။