သြဂုတ်လဆန်းပိုင်းကတည်းက စခဲ့တဲ့ အပစ်ရပ် ကိုးကန့်အဖွဲ့တွေနဲ့ မြန်မာတပ်ဖွဲ့တွေကြား တင်းမာမှုတွေဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ (သြဂုတ် ၂၆) မှာတော့ လက်နက်ကိုင်တိုက်ပွဲအသွင် ပြောင်းသွားခဲ့ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအတွင်းမှာ ပထမဦးဆုံး အပစ်ရပ်အဖွဲ့ဖြစ်တဲ့ ဖုန်ကြားရှင် ခေါင်းဆောင်တဲ့ ကိုးကန့်အဖွဲ့ဟာ မကြာသေးခင်ကပဲ အပစ်ရပ် အနှစ် (၂၀) ပြည့် အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပေမဲ့ အခုတော့ ဒီ ဆယ်စုနှစ်အတွင်း အပစ်ရပ် သဘောတူ ညီချက် ပထမဦးဆုံး ကျိုးပေါက်တဲ့အဖွဲ့ ပြန်ဖြစ်သွားပါတယ်။ ကိုးကန့်ပြဿနာဟာ အဖွဲ့တွင်း အာဏာကွဲလွဲမှုသာ ဖြစ်တယ်လို့ မြန်မာစစ်အစိုးရက ဆိုကောင်းဆိုနိုင်မယ်ဖြစ်ပေမယ့် ၂၀၁၀ ခုနှစ်မှာ ကျင်းပပြုလုပ်မယ့် အထွေထွေ ရွေးကောက်ပွဲအတွက် ပြည်တွင်းနိုင်ငံရေးအဖွဲ့တွေ နဲ့ အပစ်ရပ်အဖွဲ့တွေကို ချော့တခါ ခြောက်တလှည့် စည်းရုံး သိမ်းသွင်း နေရတဲ့ မြန်မာစစ်အစိုးရဟာ အခု ဒီလို အရေးကြီးတဲ့အချိန်မှာ ဘာကြောင့် ကိုးကန့်အဖွဲ့ နဲ့ ပဋိပက္ခ အဖြစ်ခံခဲ့ရတာလဲ ဆိုတာကို မေးစရာဖြစ်လာပါတယ်။ ၁၉၉၅ ခုနှစ်တုန်းက ကိုးကန့်အဖွဲ့တွင်း ပြဿနာတွေပေါ်ပေါက်ချိန်က သိုသိုသိပ်သိပ် ဝင်ပြီးရှင်းလင်းပေးခဲ့တဲ့ မြန်မာထောက်လှမ်းရေး အရာရှိဟောင်း ဗိုလ်မှုးအောင်လင်းထွဋ် ကို ဗွီအိုအေမြန်မာသတင်း ဌာနမှုး ဦးသန်းလွင်ထွန်း က ဆက်သွယ်မေးမြန်း တင်ပြပေးထားပါတယ်။
ဦးအောင်လင်းထွဋ် ။ ။ ကျနော်တို့ ၁၉၉၅ ခုနှစ်က ကိုးကန့်အဖွဲ့အတွင်းမှာ ဖုန်ကြားရှင်၊ ဖုန်ကြားဖူး အဖွဲ့ နဲ့ ရန်မိုးလျှံ ရန်မိုးဟန်အဖွဲ့တို့ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာတွေ ရှိခဲ့ပါတယ်။ အဲဒီအချိန်မှာ ကျနော်တို့ တပ်မတော်ထောက်လှမ်းရေး ညွှန်ကြားရေးမှုရုံးကနေ စစ်ဦးစီးမှုပထမတန်း ဒုတိယ ဗိုလ်မှုးကြီး သန်းအေး နဲ့ စစ်ဦးစီးမှုး ဒုတိယတန်း ဗိုလ်မှုး အောင်လင်းထွဋ် (ကျနော်ပေါ့လေ..) ကျနော်တို့ နှစ်ယောက်ကို ကိုးကန့်ပြဿနာကို အေးဆေးစွာဖြေရှင်းနိုင်ဖို့ ကွန်လုံကို လွှတ်လိုက်ပါတယ်။ ကွန်လုံကတဆင့် ကိုးကန့်ဒေသဖြစ်တဲ့ ချင်းရွှေဟော်၊ လောက်ကိုင် ကို ရောက်ပါတယ်။ အဲဒီအချိန်အခါတုန်းက ဒုတိယ ဗိုလ်မှုးကြီး သန်းအေး ဦးဆောင်ပြီးတော့ ဖုန်ကြားရှင်၊ ဖုန်ကြားဖူး အဖွဲ့ နဲ့ ရန်မိုးလျုံ၊ ရန်မိုးဟန် အဖွဲ့တို့၊ မုံးကိုးမှာနေတဲ့ မုန်ဆာလအဖွဲ့ သုံးဖွဲ့တို့ကို ကျနော်တို့ ညှိနှိုင်းပေးခဲ့ပါတယ်။ သူတို့သဘောတူညီချက် အရလည်း ဖုန်ကြားရှင်၊ ဖုန်ကြားဖူး အဖွဲ့ကို လောက်ကိုင် ဒေသမှာ နေရာချပေးခဲ့ပါတယ်။ ရန်မိုးလျုံ၊ ရန်မိုးဟန်အဖွဲ့ကို ဂုန်ကြမ်းဒေသ နဲ့ မုန်ဆာလအဖွဲ့ကို မုံးကိုးဒေသ မှာ နေရာချထားပေးခဲ့ ပါတယ်။ နောက်ပြီး သူတို့ သုံးဖွဲ့ ခေါင်းဆောင်တွေ အားလုံးကိုလည်း လားရှိုးကို ဗိုလ်ချုပ်ကြီးခင်ညွှန့် လာရောက်ခဲ့ပါတယ်။ အဲဒီအချိန်မှာ တိုင်းမှုးက ဗိုလ်ချုပ်အေးကျော်ပါ။ နောက်တယောက်က လက်ရှိအတွင်းရေးမှုး (၁) ဗိုလ်မှူးချုပ် သီဟသူရ တင်အောင်မြင့်ဦး။ အဲဒီအဖွဲ့တွေရှေ့မှာပဲ ကိုးကန့် အဖွဲ့တွေကို လက်ဆွဲ နှုတ်ဆက်ပြီးတော့ ကိုးကန့် ပြဿနာကို စစ်တပ်မပါဘဲနဲ့ ငြိမ်းအေးစွာဖြေရှင်းပေးနိုင်ခဲ့တဲ့ အနေအထားမျိုး ရှိခဲ့ပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ဒါကိုကြည့်မယ်ဆိုရင် မြန်မာစစ်တပ်အနေနဲ့ ကိုးကန့်ဒေသအတွင်းမှာဖြစ်တဲ့ ပြဿနာကို အေးအေးဆေးဆေး ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းမယ်ဆိုရင် ဖြေရှင်းလို့ရခဲ့တယ်ဆိုတဲ့ သာဓကပေါ့။ အဲဒီတော့ အခုကိစ္စမှာ တော့ ကျနော်တို့ ကြားခဲ့ရသလောက် သတင်းတွေအရပေါ့ မြန်မာစစ်တပ်၊ ရဲတပ်ဖွဲ့ နဲ့ ဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့် အဖွဲ့တို့ တင်းမာမှုတွေရှိခဲ့တယ်။ အဲဒီအချိန်ကတဆင့် အခုလက်ရှိ ပယ်ဆောက်ချိန် ဦးဆောင်တဲ့အဖွဲ့က အာဏာသိမ်းတဲ့ သဘော ဖြစ်သွားပြီး ဗဟိုကော်မတီအသစ် ထူထောင်ပြီးတော့ ဖုန်ကြားရှင်တို့ကို ကန်ထုတ်လိုက်တဲ့ ပုံစံမျိုးဆိုတော့ ဒီနေရာမှာ မြန်မာစစ်တပ်က အခုလက်ရှိ ပယ်ဆောက်ချိန် တို့ကို အားပေးအားမြှောက် လုပ်နေတယ်လို့ မြင်နေရတယ်။ ဘာကြောင့် ဒီပြဿနာကို အခုလို အရေးကြီးတဲ့အချိန်မှာမှ အဖြစ်ခံရတာလဲ။
ဦးအောင်လင်းထွဋ် ။ ။ ပထမအပိုင်းလေးကို နည်းနည်းရှင်းပြချင်ပါတယ်။ အထူးဒေသ (၁) ပထမဦးဆုံး ငြိမ်းချမ်းရေးအဖွဲ့ ကို စပြီး ငြိမ်းချမ်းရေးယူစဉ်က အဲဒီအချိန်တုန်းက ကိုးကန့်အဖွဲ့ရဲ့ ငြိမ်းချမ်းရေးအကျိုးဆောင်က ဦးလော်စစ်ဟန် ဖြစ်ပါ တယ်။ ကျနော်တို့ဘက်ကတော့ တပ်မတော်ထောက်လှမ်းရေး ဒုတိယဗိုလ်မှုးကြီး တင်ဝင်း နဲ့ ဒုတိယဗိုလ်မှုးကြီး သန်းအေး တို့က ငြိမ်းချမ်းရေး၊ စေ့စပ်ဆွေးနွေးရေး negotiator အဖွဲ့မှာ လုပ်ကြပါတယ်။ အကြမ်းဖျဉ်း သဘောတူညီချက်အချက်က တပ်နေရာချထားတယ်။ ကိုးကန့်က ချင်းရွှေဟော်အထက် ကိုးကန့်ဒေသမှာ ကိုးကန့်တပ်ဖွဲ့ပြီး လက်နက်ကိုင်ပြီး နေခွင့်ရှိ ပါတယ်။ အစိုးရတပ်က ကိုးကန့်ဒေသအတွင်းကို ဝင်ခွင့်မရှိပါဘူး။ ဒါ သဘောတူညီချက်ပါ။ သို့သော် ၁၉၉၅ ခုနှစ် ကိုးကန့် အရေးအခင်းပေါ် မူတည် ပြီး ကျနော်တို့ပင် မသိလိုက်ပါဘူး။ ကကကြည်း ဗိုလ်ချုပ်ကြီးသန်းရွှေ ညွန်ကြားချက်အရ ကိုးကန့် အရေးအခင်း ၉၅ ခုနှစ် ဖုန်ကြားရှင် နဲ့ ရန်မိုးလျှံ ဖြစ်နေတဲ့အချိန်အခါမှာ စစ်တပ်တွေ ကျနော်တို့ တပ်မတော်က လက်နက်ကိုင်တပ်တွေကို ဝင်ပြီး နေရာယူဖို့ကို သူ ညွန်ကြားပါတယ်။ အဓိကအကြောင်းရင်းကတော့ တရုတ်ပြည်က တရုတ်စစ်တပ်တွေက ကိုးကန့် အရေးအခင်းကို အကြောင်းပြပြီး ကျူးကျော်ဝင်ရောက်လာနိုင်တယ်။ အဲဒီလို ဝင်ရောက် လာခဲ့ရင် ကိုးကန့်တွေဘက်ကနေ အကာအကွယ်ပေးဖို့အတွက် စစ်တပ်တွေကို အထဲကို ဝင်ပါလို့ ညွန်ကြားခဲ့ပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ အဲဒါကြောင့်မို့ လောက်ကိုင်မှာ ဒီ ဒကစ ဌာနချုပ် ဖြစ်လာခဲ့တာလား။
ဦးအောင်လင်းထွဋ် ။ ။ အဲဒီအချိန်တုန်းက ကကကြည်း ညွန်ကြားခဲ့တာက ကျနော်တို့ တပ်မတော်စစ်ကြောင်းတွေ တရုတ် ရန် ကို ကာကွယ်ဖို့ ယာယီမျှသာ ကိုးကန့်နယ်မြေကို ကာကွယ်ပေးဖို့ ဝင်ရောက်ခြင်းဖြစ်ပါတယ်။ ကိုးကန့် အရေးအခင်း ပြီးသွား ရင် ဒီတပ်တွေ ပြန်ဆုတ်ပါမယ်လို့ ပြောပြီး ဝင်သွားခဲ့တာပါ။ နောက်ပိုင်းမှာတော့ အဲဒီတပ်တွေက မဆုတ်တော့ဘဲ နောက်ဆုံး တပ်မ အဆင့်လောက်ထိ လောက်ကိုင်မှာ ဖွဲ့တဲ့အဆင့်ဖြစ်ပြီးတော့ အခုလိုအခြေအနေမျိုးကို ဖြစ်ခဲ့ တာပါ။
ဦးသန်းလွင်ထွန်း ။ ။ အခု တင်းမာမှုရဲ့ အဓိကပြဿနာက ဘာလဲ။
ဦးအောင်လင်းထွဋ် ။ ။ ဒီ ကိုးကန့်အဖွဲ့က ရန်မိုးလျုံ၊ ရန်မိုးဟန်၊ ဖုန်ကြားရှင်၊ ဖုန်ကြားဖူး ဒါ ကိုးကန့်အတွင်း ပြဿနာက အမြဲတမ်း ရှိတက်ပါတယ်။ အဓိကကတော့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ပဲ ဆိုင်ပါတယ်။ ဒီ ၂၀၁၀ ရွေးကောက်ပွဲမှာ ဗိုလ်ချုပ်ကြီး သန်းရွှေ အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရယ်၊ ပြည်တွင်းက ဒေါ်အောင်ဆန်းစုကြည် နဲ့ အန်အယ်လ်ဒီ တို့ဟာ သူ့အတွက် အဓိကဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေမှာ ပထမ လက်နက်အပ်ခိုင်းတယ်၊ ဒုတိယ နယ်ခြား စောင့်တပ် လုပ်ခိုင်းတယ်။ ဒါပေမဲ့ လိုက်နာခြင်းမရှိတဲ့အပေါ်မှာ တော်တော်လေး မအောင်မြင်တဲ့ အနေအထား ရှိပါတယ်။ ပြီးတော့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ တိုင်းရင်းသားတွေ နဲ့ ဒေါ်အောင်ဆန်းစုကြည်၊ အန်အယ်လ်ဒီ တို့ မပါဘဲနဲ့ လုပ်ကောင်းလုပ်လို့တော့ ရပါတယ်။ ဒါပေမဲ့ သူရဲ့ ၂၀၁၀ ရွေးကောက်ပွဲက ဘယ်လိုမှ တန်ဖိုး ရှိမယ့် အနေအထားမျိုး မရှိဘူးဆိုတာ ကျနော်တို့ သိရပါတယ်။ ဒါကြောင့်မို့ ဒါ အဓိက အချက်ပေါ့။ နောက်ထပ် တချက်က။
ဦးသန်းလွင်ထွန်း ။ ။ ဒီနေရာမှာ ကျနော် နည်းနည်းလေး ရှင်းအောင်ပြောရမယ်ဆိုရင် အခုလောလောဆယ် ကိုးကန့် အဖွဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဖုန်ကြားရှင်တို့က မြန်မာစစ်အစိုးရက လိုလားတဲ့ နယ်ခြားစောင့်တပ်ဖွဲ့အသွင် ကူးပြောင်းရေးကို လက်မခံဘူး။ ဆိုတော့ အဲဒီကိစ္စအတွက်ကို မြန်မာစစ်တပ်အနေနဲ့ မကြေမလည်ဖြစ်တယ်ဆိုတော့ အခု နောက်တက်မယ့် အသစ်ဖွဲ့စည်းလိုက်တဲ့ ကိုးကန့်အဖွဲ့ ပယ်ဆောက်ချိန်တို့ ဦးဆောင်တဲ့ ကိုးကန့်အဖွဲ့ကရော မြန်မာစစ်အစိုးရ အလိုကျ နယ်ခြား စောင့်တပ်ဖွဲ့ အသွင် ပြောင်းပေးမယ်လို့ ယူဆလို့ ရနိုင်မလား။
ဦးအောင်လင်းထွဋ် ။ ။ သဘောတူနိုင်ပါတယ်။ ပိုင်စောက်ချိန် က ရန်မိုးလျှံ၊ ရန်မိုးဟန် တို့ရဲ့ တပည့်တွေ ဖြစ်ပါတယ်။ သူဟာ တပ်မမှုးပါ။ ရန်မိုးလျုံ၊ ရန်မိုးဟန်တို့ကလည်း စီးပွားရေးသမားတွေပါ။ နဂိုတည်းကလည်း စစ်ရေး၊ နိုင်ငံရေးထက် စီးပွားရေးကို လုပ်တဲ့လူတွေပါ။ ဒီအပြင် ရန်မိုးလျှံ၊ ရန်မိုးဟန်တို့ဟာ ကျနော်သိတဲ့ အရင်တုန်း နဲ့ အခုအချိန်အထိ တပ်မတော် လူကြီးပိုင်း အသိုင်းအဝိုင်းနဲ့ စီးပွားရေးရာမှာ ဆက်စပ်မှုတွေ ရှိပါတယ်။ ဒါကြောင့်မို့ ဒီကိစ္စမှာ ရန်မိုးလျှံ၊ ရန်မိုးဟန် မပါဘဲ မရှိပါဘူး။ နောက်ကွယ်ကနေ ပါပါလိမ့်မယ်။ ဒါကြောင့်မို့ ပိုင်စောက်ချိန် က အင်အားက ကျနော် ထင်ပါ တယ် အင်အားနည်းနည်းပဲ ရှိမှာပါ။ အလွန်ဆုံးရှိရင် တစ်ရာ၊ နှစ်ရာထက် ပိုပြီးတော့ ပိုင်စောက်ချိန် ကို ထောက်ခံတဲ့ အနေအထားမျိုး မရှိပါဘူး။ ပယ်ဆောက်ချိန်နောက်က အခုလက်ရှိ လောက်ကိုင်မှာရှိတဲ့ စစ်တပ်ကပဲ ကျောထောက် နောက်ခံပြုပြီးတော့မှ ကိုးကန့်အချင်းချင်း တိုက်သယောင်ယောင် ဒီကေဘီအေ နဲ့ ကေအန်ယူ ပုံစံမျိုးကို ဖန်တီး ပါလိမ့် မယ်။
ဦးသန်းလွင်ထွန်း ။ ။ ဟုတ်ကဲ့ ဒီနေရာမှာ နည်းနည်းလေး ထူးခြားတဲ့အချက်က အထူးသဖြင့် ကိုးကန့်အဖွဲ့တွေ နဲ့ တရုတ် နိုင်ငံရဲ့ နဂိုတည်းက ရှိထားတဲ့ ရင်းနှီးတဲ့ဆက်ဆံရေးပေါ့။ အထူးသဖြင့် ကိုးကန့်ခေါင်းဆောင်တွေ ဖုန်ကြားရှင်၊ ဖုန်ကြားဖူး တို့ ရန်မိုးလျှံတို့ ညီအကိုတွေ အခု ပိုင်စောက်ချိန်တို့ အားလုံးဟာ တရုတ်ပြည်က လာတဲ့လူတွေကြီးဖြစ်ပါတယ်။ ဒီလူတွေ ဟာ တရုတ်နိုင်ငံနဲ့ အတော်လေး နီးနီးစပ်စပ် ဆက်သွယ်ခဲ့တယ်ဆိုတဲ့ သာဓကတွေရှိနေတော့ အခု ဒီ ပဋိပက္ခမှာ တရုတ် နိုင်ငံက ဘယ်သူ့ဘက်က ရပ်တည်မယ်လို့ ထင်သလဲ။
ဦးအောင်လင်းထွဋ် ။ ။ ကျနော့်အယူအဆအရ ပြောမယ်ဆိုရင်တော့ တရုတ်နိုင်ငံကတော့ ဖုန်ကြားရှင်၊ ဖုန်ကြားဖူး တို့ ဘက် က ရပ်တည်ပါလိမ့်မယ်။ သို့သော် သူ့အနေကတော့ ကိုးကန့်အချင်းချင်း ပြဿနာကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းဖို့ပဲ ပြောပါလိမ့်မယ်။ အားလုံးကတော့ တရုတ်ပြည်ရဲ့ ကျောထောက်နောက်ခံနဲ့ ဦးဖုန်ကြားရှင်၊ ဦးဖုန်ကြားဖူး ကျန်တဲ့ အားလုံး က ရပ်တည်နေကြတာပါ။ ကျနော်တို့ ငြိမ်းချမ်းရေး စလုပ်စဉ်ကလည်း တရုတ်ပြည်ရဲ့ ထောက်ခံမှုမရဘဲနဲ့ လုပ်လို့ မရပါ ဘူး။ အလားတူဘဲ ၁၉၉၅ ခုနှစ် ကိုးကန့်အရေးအခင်း ဖြေရှင်းတဲ့အခါမှာလည်း တရုတ်ထောက်လှမ်းရေးနဲ့ ကျနော်တို့ ညှိရပါတယ်။ ကျနော်နဲ့ ဗိုလ်ချုပ်ကြီးသန်းအေး တို့ ချင်းရွှေဟော်ကို ရောက်တယ်။ ချင်းရွှေဟော်ကနေ ဟိုဘက်အခြမ်း တရုတ်ဘက်ကလည်း ချင်းရွှေဟော်ပါပဲ။ ကျနော်တို့ တရုတ် ချင်းရွှေဟော် ကို သွားခဲ့တယ်။ အဲဒီမှာ တရုတ် ထောက်လှမ်းရေး နဲ့ တွေ့တယ်။ တွေ့တဲ့အခါမှာ ကျနော်တို့ အချင်းချင်း ပြောကြတယ်။ ကျနော်တို့ ကိုးကန့်ဒေသမှာ အေးအေးဆေးဆေးဖြစ်ဖို့ အတွက် လာရောက်ဖြေရှင်းပေးတာ၊ ဘယ်ဘက် ဘယ်ဘက်ကမှ ပါဖို့မဟုတ်ဘူး၊ ခင်ဗျားတို့ လည်း ကူညီပါဆိုပြီး မေတ္တာရပ်ခံပါတယ်။ အဲဒီမှာ တရုတ်ဘက်ကလည်း ထောက်ခံတဲ့အနေအထားမျိုး ရှိပါတယ်။ တရုတ် နဲ့ ကျနော်တို့ ညှိနှိုင်းမှုပေါ် မှုတည်ပြီးတော့ ဖုန်ကြားရှင်၊ ဖုန်ကြားဖူးတို့ကလည်း ကျနော်တို့ ပြောစကားကို နားထောင်ပါ တယ်။ အလားတူ ရန်မိုးလျုံ၊ ရန်မိုးဟန်အဖွဲ့ကလည်း နားထောင်တယ်။ မုန်ဆာလအဖွဲ့ကလည်း နားထောင်ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် တရုတ်ရဲ့ သြဇာအာဏာဟာ ဒီအဖွဲ့တွေအားလုံးအပေါ်မှာ အကုန်လုံး သက်ရောက်မှု ရှိပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ အခုလောလောဆယ် ကျနော်တို့ ကြားနေရတဲ့ သတင်းတချို့အရ အတည်တော့မပြုနိုင်သေးဘူးပေါ့၊ ဒီ ကိုးကန့်ခေါင်းဆောင် ဖုန်ကြားရှင်က သူရဲ့ မဟာမိတ်ဖြစ်တဲ့ 'ဝ' တပ်ဖွဲ့တွေဆီမှာ ခိုလှုံနေတယ်လို့ ကြားပါတယ်။ အဲဒီ တော့ 'ဝ' တပ်ဖွဲ့တွေကရော အခု စစ်ရေးမဟာမိတ်လုပ်ထားတဲ့ ကိုးကန့်အဖွဲ့တွေနဲ့ မြန်မာတပ်ဖွဲ့ တိုက်ခိုက်မှုကြားမှာ နောက်ပိုင်းမှာ ဘယ်လိုပါလာနိုင်သလဲ။ ဒီ အပစ်အခတ် ရပ်စဲရေးအဖွဲ့တွေကြားမှာ အပစ်အခတ်ရပ်စဲရေး ကျိုးပေါက်မှုဟာ ကျယ်ပြန့် လာနိုင်မယ်လို့ ယူဆနိုင်သလား။
ဦးအောင်လင်းထွဋ် ။ ။ ကျယ်ပြန့်လာနိုင်မှာပါ။ 'ဝ' တပ်ဖွဲ့ နဲ့ ဦးဖုန်ကြားရှင်တို့ အဖွဲ့ဟာ တသွေးတသားတည်းပါ။ 'ဝ' အဖွဲ့၊ ဖုန်ကြားရှင် နဲ့ ဦးစိုင်းလင်းတို့ အဖွဲ့တွေပါ။ ဘာလို့ ကျနော်ပြောနိုင်တယ်ဆိုတော့ ၁၉၉၅ ခုနှစ် ဦးဖုန်ကြားရှင် တပ်တွေ ရန်မိုးလျှံ၊ ရန်မိုးဟန်တပ်တွေကို ပြန်တိုက်တဲ့အခါမှာ ဦးဖုန်ကြားရှင်ရဲ့ နောက်မှာ 'ဝ' အင်အား သုံးထောင်ကျော် ပါခဲ့တယ်။ ကျနော်တို့ကိုယ်တိုင်လည်း 'ဝ' တပ်သားတွေက ကင်းစောင့်ပေးခဲ့ပါတယ်။ ကျနော်တို့ အဲဒီအချိန်တုန်းက ကိုးကန့်ထဲမှာ သွားနေအခါမှာ ကျနော်တို့ နှစ်ယောက်တည်းပါ။ ပစ္စတိုသေနတ်နှစ်လက်ကို ဖုန်ကြားဖူး.. မင်းယူထားပါဆိုကာ ပေးပြီး ကျနော်တို့ 'ဝ' က ဆယ်ယောက်ကင်းနဲ့ ကျနော်တို့ လုံခြုံရေးကို လုပ်ပေးခဲ့ပါတယ်။ 'ဝ' ရယ် ကိုးကန့်ရယ် ဖုန်ကြားရှင်အဖွဲ့ တွေဟာ အတူတူပါဘဲ။ အထူးသဖြင့် ပေါက်ယူချန် နဲ့ ဖုန်ကြားရှင်၊ ဖုန်ကြားဖူးတို့ဟာ ပိုပြီးတော့ close ဖြစ်ပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ တကယ်လို့သာ အပစ်အခတ်ရပ်စဲရေးအဖွဲ့တွေ အထူးသဖြင့် 'ဝ' ပါ ဝင်ပါလာပြီးတော့ အပစ်အခတ် ရပ်စဲရေး ကျိုးပေါက်သွားတာကို တရုတ်နိုင်ငံအနေနဲ့ လိုလားမှာမဟုတ်တဲ့အတွက် ကြားဝင်ဖြေရှင်းပေးနိုင်မယ့် အလားအလာ က ပိုများနိုင်တယ်လို့ ယူဆလို့ ရနိုင်မလား။
ဦးအောင်လင်းထွဋ် ။ ။ ယူဆပါတယ်။ တရုတ်က ဒီကိစ္စမှာတော့ ပြည်တွင်းရေးပဲဆိုပြီး သူနေလို့ မရပါဘူး။ ဒီကိစ္စမှာ ဗမာ အစိုးရကို တနည်းနည်းနဲ့ ဝင်ပြောရပါလိမ့်မယ်။ အခုအချိန်ကတော့ ကိုးကန့်ဘက်က ဦးဖုန်ကြားရှင်ဘက်က 'ဝ' တပ် တွေ ပါတယ်။ ဒါပေမဲ့ ကိုးကန့်ဒေသဘက်မှာပဲ တိုက်ပွဲတွေဖြစ်နေပါသေးတယ်။ 'ဝ' ဒေသမှာ တိုက်ပွဲတွေ မလာသေးပါဘူး။ ဒါပေမဲ့ ကျနော်ကြားတဲ့ သတင်းတွေအရ ရင်ကွဲတောင်တို့ ကွန်လုံတို့ဟာ ချင်းရွှေဟော်ကို သွားတဲ့ လမ်းတွေပါ။ မြေ အနေအထားအရ ချင်းရွှေဟော်၊ နန့်တစ် 'ဝ' ဒေသ နယ်စပ်ဒေသဟာ 'ဝ' တပ်၊ မြန်မာတပ် နဲ့ ကိုးကန့်တပ်တွေ နေရာ လမ်းဆုံ junction လေးဖြစ်ပါတယ်။