သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဆိုင်ကလုံးဒဏ်သင့် မြန်မာနိုင်ငံသို့ ခရီးထွက်မည်


မြန်မာနိုင်ငံမှာ နာဂစ်ဆိုင်ကလုံးမုန်တိုင်း ဒုက္ခ
သည်တွေကို ကယ်ဆယ်ရေးအတွက် နိုင်ငံတကာ
က ပေးဖို့ကမ်းလှမ်းနေတဲ့၊ သိပ်ကိုလိုအပ်တယ်လို့
ဆိုရမယ့် အကူအညီတွေကို လက်ခံဖို့ မြန်မာစစ်
အစိုးရကို နားချနိုင်ရေး ကြိုးပမ်းမှုအဖြစ် မြန်မာနဲ့ ထိုင်းနိုင်ငံတို့ကို သွားရောက်ဖို့ ကုလသမဂ္ဂ
အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း (Ban
Ki-moon) ဟာ ဒီနေ့ နယူးယောက်ခ်ကနေ ထွက်ခွာဖို့ရှိပါတယ်။ ဒါ့အပြင် အတွင်းရေးမှူးချုပ်
နဲ့ အရှေ့တောင်အာရှ အာဆီယံအသင်းကြီးတို့
ပူးတွဲ ကမကထပြုပြီး မုန်တိုင်းဘေးကယ်ဆယ်
ရေး နိုင်ငံတကာ အကူအညီကောက်ခံရေး နိုင်ငံတကာညီလာခံတရပ်ကိုလည်း မြန်မာ
နိုင်ငံမှာ မေလ ၂၅ ရက်နေ့ကျရင် ကျင်းပဖို့ရှိတယ်လို့ ကုလသမဂ္ဂက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ဒေါ်လှလှသန်းက စုစည်းတင်ပြ
ပေးထားပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ် သောကြာနေ့က ကုလသမဂ္ဂမှာ တံခါးပိတ်အစည်းအဝေးကျင်းပ
ခဲ့စဉ် ကုလသမဂ္ဂဟာ နိုင်ငံရေးထက် ကယ်ဆယ်ရေးကို ဦးစားပေးမှာဖြစ်တယ်လို့ ဆိုခဲ့
တဲ့ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းအနေနဲ့ ထိုင်းနဲ့ မြန်မာနိုင်ငံကို ဒီနေ့ ခရီး
ထွက်ပြီး ကြာသပတေးနေ့မှာ မြန်မာနိုင်ငံကို ဆိုက်ရောက်ဖို့ရှိတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံကိုဆိုက်ရောက်တဲ့အခါ နာဂစ်ဆိုင်ကလုံးမုန်တိုင်းဒဏ် အဆိုးဆုံးခံခဲ့ရတဲ့
ဒေသတွေကို အတွင်းရေးမှူးချုပ်အနေနဲ့ သွားရောက်ကြည့်ရှုပြီး မြန်မာစစ်အစိုးရ ထိပ်တန်းအရာရှိတွေနဲ့လည်း တွေ့ဆုံဖို့ရှိတယ်လို့ သူ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် မစ်ရှဲလ်
မွန်းတပ်စ် (Michelle Montas) က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။
ခရီးစဉ်ရဲ့ ဦးတည်ချက်နဲ့ပတ်သက်လို့ မစ္စ မွန်းတပ်စ်က …

“သူ့ရဲ့ ဦးတည်ချက်က လက်ရှိကယ်ဆယ်ရေးလုပ်ငန်းတွေကို ဘယ်လိုအားဖြည့်ပေးနိုင်
မလဲ၊ နိုင်ငံတကာကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးတွေကို ဘယ်လိုတိုးပြီး
ဆောင်ရွက်အောင် လုပ်ပေးနိုင်မလဲ၊ မုန်တိုင်းဒဏ် အဆိုးဆုံးခံခဲ့ရတဲ့ ဒေသတွေကို
ရန်ကုန်ကတဆင့် ဘယ်လိုအထောက်အကူတွေ သိသိသာသာကြီး တိုးပေးနိုင်မလဲ၊ မြန်မာအာဏာပိုင်တွေနဲ့ ဘယ်လိုအချက်တွေ ညှိနှိုင်းဆောင်ရွက်နိုင်မလဲဆိုတဲ့ အချက်တွေဖြစ်တဲ့အကြောင်း” မစ္စ မွန်းတပ်စ်က ပြောသွားတာဖြစ်ပါတယ်။

မုန်တိုင်းဒုက္ခသည်တွေကို ကယ်ဆယ်ရေးလုပ်ငန်းမှာ အဟန့်အတားတွေအနက် တခု
ကတော့ မြန်မာစစ်အစိုးရက အထူးသဖြင့် အနောက်နိုင်ငံက ကယ်ဆယ်ရေး ကျွမ်းကျင်ပညာရှင်တွေကို ပြည်ဝင်ခွင့်ဗီဇာပေးဖို့ ငြင်းဆိုနေတဲ့ကိစ္စပဲဖြစ်ပါတယ်။ အတွင်းရေးမှူးချုပ်ရော တခြားပုဂ္ဂိုလ်တွေလိုပဲ ဗီဇာလျှောက်ထားခဲ့ရပါသလားလို့ သတင်းထောက်တဦးက မေးမြန်းရာမှာတော့ ဗီဇာရရှိထားပြီးဖြစ်ကြောင်း၊ နယူး
ယောက်ခ်ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးရဲ့ ဖိတ်ကြားချက်အရ သွားရောက် တာဖြစ်ကြောင်း မစ္စ မွန်းတပ်စ်က ဖြေကြားသွားပါတယ်။

ဒါ့အပြင် အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းအနေနဲ့ မြန်မာစစ်ခေါင်းဆောင်
ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့တော့ ဒီကနေ့အထိ တယ်လီဖုန်းနဲ့ ဆက်သွယ်စကားပြောခွင့် မရသေးပေမယ့် မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ ကုလသမဂ္ဂ
အကြီးအကဲ ဂျွန်ဟုမ်းစ် (John Holmes) ယူဆောင်သွားတဲ့ အတွင်းရေးမှူးချုပ်ရဲ့ တတိယမြောက်စာကိုတော့ မြန်မာအာဏာပိုင်တွေထံကို ပါးပြီးဖြစ်တယ်လို့ ကုလ
သမဂ္ဂ ပြောခွင့်ရအမျိုးသမီးက ပြောကြားသွားပါတယ်။

မစ္စတာ ဘန်ကီမွန်းအနေနဲ့ မြန်မာနိုင်ငံမှာ သောကြာနေ့အထိ နေထိုင်မှာဖြစ်ပြီး မေ
၂၃ ရက်နေ့မှာတော့ အိမ်နီးချင်း ထိုင်းနိုင်ငံကို သွားရောက်မှာဖြစ်တယ်လို့ သိရပါ
တယ်။ တနင်္ဂနွေနေ့ မေ ၂၅ ရက်နေ့မှာ မြန်မာနိုင်ငံမှာကျင်းပမယ့် ကုလသမဂ္ဂ၊
အာဆီယံ အလှူငွေကောက်ခံတဲ့ ညီလာခံကိုတက်ရောက်ဖို့ အတွင်းရေးမှူးချုပ်က
ရန်ကုန်ကို ပြန်လာမှာဖြစ်ပါတယ်။

အတွင်းရေးမှူးချုပ်အနေနဲ့ ဘန်ကောက်ကို ခေတ္တသွားရောက်မှာဖြစ်တဲ့အတွက် မေ
၁၀ ရက် ပြည်လုံးကျွတ်လူထုဆန္ဒခံယူပွဲ မကျင်းပလိုက်ရတဲ့ မုန်တိုင်းဒဏ်သင့် ၄၇
မြို့နယ်တို့မှာ နောက်ဆက်တွဲ ဆန္ဒခံယူပွဲကျင်းပချိန်အတွင်း မြန်မာနိုင်ငံမှာ မစ္စတာ ဘန်ကီမွန်းအနေနဲ့ မရှိတဲ့သဘောဖြစ်ပါတယ်။ သတင်းထောက်တဦးကတော့ အတွင်း
ရေးမှူးချုပ် အခုလို မြန်မာနိုင်ငံကိုရောက်ရှိစဉ် လူထုဆန္ဒခံယူပွဲ ကျင်းပတာကို လေ့လာ စောင့်ကြည့်သင့်တယ်လို့ အကြံပေးသွားတာ ကြားလိုက်ရပါတယ်။ ဒါ့အပြင် နေအိမ်
အကျယ်ချုပ် ကျခံနေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့
ရော အတွင်းရေးမှူးချုပ် တွေ့ဆုံဖို့ရှိပါသလားလို့ သတင်းထောက်တဦးက မေးမြန်းခဲ့ရာ
မှာတော့ လက်ရှိခရီးစဉ်မှာ လူသားချင်းစာနာမှု အထောက်အကူပေးရေး ခရီးစဉ် သက်သက်သာဖြစ်တယ်လို့ မစ်ရှဲလ်မွန်းတပ်စ်က ဖြေကြားသွားပါတယ်။

“အတွင်းရေးမှူးချုပ်အနေနဲ့ မုန်တိုင်းဒုက္ခသည်တွေကို သွားရောက်တွေ့ဆုံမှာ ဖြစ်ပါ
တယ်။ ဒီခရီးစဉ်ဟာ လူသားချင်းစာနာမှု အထောက်အကူပေးရေး ခရီးစဉ်သက်သက်
သာ ဖြစ်ပါတယ်” လို့ မစ္စ မွန်းတပ်စ်က ဖြေကြားသွားပါတယ်။

မစ္စတာဘန်အနေနဲ့ တနင်္ဂနွေနေ့ ရန်ကုန်ကိုပြန်လာပြီး ကုလသမဂ္ဂနဲ့ အာဆီယံတို့
ပူးတွဲကျင်းပတဲ့ အလှူရှင်ညီလာခံကို တက်ရောက်မှာဖြစ်ပါတယ်။ ကုလသမဂ္ဂ အတွင်း
ရေးမှူးချုပ်နဲ့ အာဆီယံဥက္ကဋ္ဌတို့ တနင်္ဂနွေနေ့ ပူးတွဲထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ
တော့ မြန်မာမုန်တိုင်းဒဏ် ကယ်ဆယ်ရေးအတွက် သွေးစည်းခိုင်မာမှု ပြသတဲ့အနေနဲ့
ရန်ကုန်မှာ မေ ၂၅ ရက်နေ့ကျင်းပမယ့် အစည်းအဝေးပွဲကို ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ
များရဲ့ ဝန်ကြီးများအဆင့် အစည်းအဝေးမှာ ကျင်းပမှာဖြစ်ပြီး မုန်တိုင်းဒဏ် ကယ်ဆယ်
ရေးအတွက် ရေတိုရေရှည်ထူထောင်ရေး ကြိုးပမ်းနိုင်ဖို့ ငွေကြေးအထောက်အကူကို ဦးစားပေးကောက်ယူမှာဖြစ်တယ်လို့လည်း သိရပါတယ်။

မစ္စတာဘန်ရဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကြီးအကဲ ဂျွန်ဟုမ်းစ်ကတော့ ပြီးခဲ့တဲ့
တနင်္ဂနွေနေ့က မြန်မာနိုင်ငံကို ဆိုက်ရောက်ခဲ့ပြီး တနင်္လာနေ့မှာတော့ မုန်တိုင်းဒဏ် အဆိုးဆုံးခံခဲ့ရတဲ့ လပွတ္တာအပါအဝင် ဒေသ ၃ ခုတို့ကို သွားရောက်ကြည့်ရှုခဲ့ပြီး
မြန်မာအစိုးရ အရာရှိတွေနဲ့ ဒီနေ့ တွေ့ဆုံဖို့ရှိတယ်လို့ မစ်ရှဲလ် မွန်းတပ်စ်က ပြောသွား
ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းဟာ မြန်မာနိုင်ငံကနေ
လာမယ့် တနင်္လာနေ့မှာ နယူးယောက်ခ်ကို ပြန်လည်ထွက်ခွာမှာဖြစ်တယ်လို့လည်း
သိရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG