သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှား ရွေးကောက်ပွဲ ဝန်ကြီးချုပ်ဘာဒါဝီရဲ့ ညွှန့်ပေါင်းအဖွဲ့ အနိုင်ရ


စနေနေ့က မလေးရှားနိုင်ငံ ရွေးကောက်ပွဲမှာ အတိုက်အခံ ပါတီတွေ တချို့နေရာတွေမှာ အနိုင်ရပေမယ့်လည်း အများစုအနေနဲ့ လက်ရှိ အုပ်ချုပ်နေတဲ့ ဝန်ကြီးချုပ် ဘက်ဒူလာ ဘာဒါဝီ (Abdullah Badawi) ရဲ့ ညွှန့်ပေါင်းအစိုးရ အဖွဲ့က အနိုင်ရလိုက်တယ်လို့ မလေးရှား အာဏာပိုင်တွေက ကြေညာပါတယ်။

အကြမ်းဖက်မှုတွေအပြင် မဲလိမ်တာတွေ ရှိနေတယ်ဆိုတဲ့ စွတ်စွဲချက်တွေ ရှိနေပြီး လူမျိုးရေး တင်းမာမှုတွေကလည်း ရွေးကောက်ပွဲကို အရိပ်ထိုးနေပါတယ်။ တကယ်တော့ မလေးရှားနိုင်ငံဟာ မလေး၊ တရုတ်နဲ့ အိန္ဒိယ လူမျိုးစုတွေအကြား သင့်မြတ်တယ်ဆိုပြီး အမြဲတစေ ဂုဏ်ယူလေ့ရှိတဲ့ နိုင်ငံတစ်ခုပါ။ မလေးရှား ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဗီအိုအေ သတင်းထောက် လူဝစ် ရမ်မားရတ်ဇ် (Luis Ramirez) ကွာလာလမ်ပူက သတင်းပေးပို့ထားတာကို ဦးသိန်းထိုက်ဦးက အစီရင်ခံထားပါတယ်။

မလေးရှားနိုင်ငံ မြို့တော်အတွင်းမှာတော့ မဲပေးရွေးချယ်တာတွေက အေးအေးဆေးဆေး ငြိမ်းငြိမ်းချမ်းချမ်းတဲ့ ကျင်းပနိုင်ခဲ့တာပါ။ မလေးရှားနိုင်ငံသားတွေ မနေ့က စနေနေ့ တစ်နေ့လုံး မဲရုံတွေကို သွားပြီး မဲပေးဖို့ တန်းစီခဲ့ကြပါတယ်။ အတွေ့အကြုံရှိတဲ့သူတွေကတော့ ဝန်ကြီးချုပ် ဟောင်း ဘက်ဒူလာ ဘာဒါဝီရဲ့ ဘရီဆန် နေရှင်နယ် (Barisan Nasioanl)၊ ဒါမှမဟုတ် အမျိုးသား တပ်ဦး ညွှန့်ပေါင်းအဖွဲ့ပဲ နိုင်မယ်ဆိုတာ ကြိုတင် ဟောကိန်းထုတ်ပြီးသားပါ။ မလေးရှားနိုင်ငံ လွတ်လပ်ရေးရခဲ့တဲ့ ၁၉၅၀ ခုနှစ်တွေကတည်းက ဒီပါတီပဲ ရွေးကောက်ပွဲတိုင်းမှာ အနိုင်ရခဲ့တာပါ။

ညွှန့်ပေါင်းအဖွဲ့က ရွေးကောက်ပွဲမှာ အဓိက လူတွေကို စည်းရုံးပြောပြတာက သူတို့ပါတီဟာ မလေးရှားနိုင်ငံကို တည်ငြိမ်တဲ့နိုင်ငံအဖြစ် ထူထောင်နိုင်ခဲ့တယ်၊ စီးပွားရေးအရလည်း ဒေသတွင်းမှာ အတိုးတက်ဆုံး နိုင်ငံတွေထဲက တစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့တယ်ဆိုတာပါပဲ။

ဒါပေမယ့်လည်း အလွဲသုံးစား လုပ်တယ်ဆိုတဲ့ စွတ်စွဲချက်တွေ ရှိသလို၊ လူမျိုးရေး တင်းမာမှုတွေ၊ နောက် စီးပွားရေး နဲ့ပတ်သက်လို့ စိုးရိမ်မှုတွေက အတိုက်အခံတွေကို ထောက်ခံသူတွေ များလာပြီး အားကောင်းလာစေခဲ့ပါတယ်။

ကွာလာလမ်ပူမှာ မဲပေးတဲ့သူတစ်ယောက်က သူက အတိုက်အခံ ပန် မလေးရှား အစ္စလမ်မစ်ပါတီ (Pan- Malaysian Islamist Party) ကို မဲပေးတယ်လို့ ပြောပါတယ်။ လက်ရှိ ညွှန့်ပေါင်းအဖွဲ့အပေါ် သူ မြင်တာက အစ္စလမ်ဘာသာဝင်တွေ အများစုနေထိုင်တဲ့ ဒီနိုင်ငံမှာ အစ္စလမ်ဘာသာရဲ့ တန်ဘိုးထားမှုတွေကို ညွှန့်ပေါင်း အစိုးရအဖွဲ့ဟာ လိုက်နာကျင့်ကြံတာမျိုး မရှိဘူးလို့ မြင်တဲ့အကြောင်းပြောပါတယ်။

“အစ္စလမ်မစ် ပါတီကို ကျနော်တို့ မဲပေးတာ ပိုကောင်းတယ်လို့ ကျနော် မြင်ပါတယ်။ လာဘ်ပေးလာဘ်ယူမှု ကင်းရှင်းတယ်လို့ မြင်လို့ပါ။

ဘရီဆန် နေရှင်နယ် ပါတီကတော့ သူတို့ဟာ အစ္စလမ်ဘာသာဝင်တွေရဲ့ ကျင့်ထုံးတွေကို လိုက်နာတယ်လို့ သေသေချာချာ ပြောလို့ မရပါဘူး။ ဒီ အချိန်ဟာ ပြောင်းလဲရတော့မယ့် အချိန်လို့ မြင်ပါတယ်။”

မလေးရှားနိုင်ငံ အရှေ့မြောက်ပိုင်း တာရန်ဂနု (Terennganu) ပြည်နယ်မှာ အကြမ်းဖက်မှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။ ရဲတွေက ပန် အစ္စလမ်မစ် ပါတီကို ဒေါသတကြီး ဆန္ဒပြတဲ့သူတွေကို မျက်ရည်ယိုဗုံးတွေနဲ့ လူစုခွဲခဲ့ပါတယ်။ မဲရုံသွားမယ့် ကားတွေ ဘတ်စ်ကားတွေကို ဆန္ဒပြတဲ့သူတွေက ခဲတွေနဲ့ ပစ်ပေါက်ခဲ့ပါတယ်။ မဲပေးဖို့ မှတ်ပုံတင်မထားတဲ့သူတွေကို ခေါ်လာပြီး မဲထည့်ခိုင်းတယ် ဆိုပြီး အဓိကရုဏ်းတွေဖြစ်၊ မဲပေးမယ့် ကားကို တားကြရင်းနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြတာလို့လည်း မျက်မြင်သက်သေတွေက ပြောပါတယ်။

မလေးရှားနိုင်ငံမှာ ရွေးကောက်ပွဲ မကျင်းပခင် လအနည်းငယ်က အန္ဒိယ အနွယ်ဝင် တိုင်းရင်းသားတွေက သူတို့အပေါ် ခွဲခြားဆက်ဆံတယ်ဆိုပြီး ထောင်နဲ့ချီပြီး စုရုံး ဆန္ဒပြခဲ့ကြပါတယ်။ ဒီလို ဒီဆန္ဒပြပွဲတွေ ပေါ်ပေါက်ပြီး မလေးရှား ဝန်ကြီးချုပ်က အခုလို ရွေးကောက်ပွဲ ကျင်းပတာပါ။

ဒီလို ခွဲခြားဆက်ဆံခံရတယ်ဆိုတဲ့ အမြင်တွေကလည်း တစ်ချို့နေရာတွေမှာ လွှမ်းမိုးနေပြီး တင်းမာမှုတွေလည်း ရှိနေပါတယ်။ အိန္ဒိယအနွယ် လူမျိုးစုဝင် တစ်ယောက်က လက်ရှိ ညွှန့်ပေါင်းအစိုးရအဖွဲ့ဟာ အာဏာကို နှစ် ၅၀ လောက် ထိမ်းချုပ်နိုင်ခဲ့ပေမယ့် သူတို့ အိန္ဒိယ အနွယ်ဝင်တွေအတွက် ဘာမှ လုပ်ပေးတာ မရှိဘူးလို့ ပြောပါတယ်။

“နှစ်ပေါင်း ၅၀ ရှိပြီ၊ သူတို့က အောင်မြင်အောင် မလုပ်နိုင်ဘူး၊ ကျနော်တို့မှာ ဒုက္ခရောက်ရပါတယ်။ အိန္ဒိယ တိုင်းရင်းသားတွေပဲ ဒုက္ခရောက်ရတာပါ။ လူတိုင်း အခက်အခဲတွေ တွေ့ခဲ့ရပါတယ်။ ဒီလို အောက်ခြေ ပြည်သူတွေ ဒုက္ခရောက်တဲ့ အချိန် သူတို့ ဘာလုပ်နေလဲ။ ကျနော်တို့ကို ဘာကြောင့် ခွဲခြားတာတွေ လုပ်သလဲ။ ကျနော်တို့လည်း မလေးရှားပြည်သူပဲ၊ ဘာကြောင့် ဒီလို လုပ်ရတာလဲ။”

မလေးရှားနိုင်ငံမှာ မလေးအနွယ်ဝင် လူမျိုးစုတွေကို စိုက်ပျိုးမြေယာ ပလတ်ထားဖို့ အထောက်အပံ့တွေ ပေးတဲ့စနစ် နှစ်ရှည်လများ ကျင့်သုံးခဲ့ပါတယ်။ ဒီ စီမံချက်တွေ ရှိနေတာကြောင့် အိန္ဒိယ အနွယ်ဝင် လူမျိုးစုတွေနဲ့ တရုတ်အနွယ်ဝင် တိုင်းရင်းသားတွေ ဒေါသဖြစ်ခဲ့ကြပါတယ်။ လူမျိုးရေး မတူညီမှုကို ကျော်လွှားရေး ဆိုတဲ့ စီမံချက်တွေကလည်း သူတို့ကို ပညာရေး၊ စီးပွားရေးနဲ့ အိုးအိမ်ထူထောင်ခွင့် အခွင့်အရေးတွေ ပိတ်ပင်ထားသလို ဖြစ်နေတယ်ဆိုပြီး အိန္ဒိယနဲ့ တရုတ်လူမျိုးစု အနွယ်ဝင်တွေက ယုံကြည်နေကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG