ထိုင်း-မြန်မာနယ်စပ် မြန်မာနိုင်ငံ တနင်္သာရီကမ်းရိုးတန်း ကော့သောင်းကနေ ရနောင်းဘက်ကိုလာတဲ့ လှေတစင်း ဒီဇင်ဘာလ ၂၀ ရက်နေ့က မှောက်ခဲ့တာကြောင့် မြန်မာနိုင်ငံသား အလောင်း ၂၀ ကျော်ကို ထိုင်းအာဏာပိုင်တွေက ရှာဖွေတွေ့ရှိခဲ့ပါ
တယ်။
မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံထဲကို တရားမဝင် အလုပ်သွားလုပ်တဲ့ ချင်း တိုင်းရင်းသား
တွေ အများစုပါတဲ့လှေ နစ်မြုပ်ခဲ့တာလို့ ဒေသခံတွေက ပြောပါ တယ်။
အခုနောက်ဆုံးရတဲ့ သတင်းတွေအရတော့ ထိုင်းရဲတွေက သေဆုံးသူ အလောင်းရှာတဲ့
အလုပ်ကို ရပ်ဆိုင်းလိုက်ပြီလို့ ပြောပါတယ်။
ထိုင်းနိုင်ငံမှာ ရွေးကောက်ပွဲကာလ လုံခြုံရေးတွေ တိုးမြှင့်ချဖို့လိုတဲ့အတွက် ပင်လယ်
ပြင်မှာ အလောင်းရှာတဲ့အလုပ်ကို ရပ်ဆိုင်းလိုက်ပြီလို့ ထိုင်းတောင်ပိုင်း ရဲတပ်ဖွဲ့ဝင်
တွေကပြောတာပါ။ အပြည့်အစုံကို ဦးသိန်းထိုက်ဦးက အစီရင်ခံထားပါတယ်။
မနေ့ကတုန်းက ထိုင်းရေတပ်နဲ့ ရဲတပ်ဖွဲ့က ထိုင်းတောင်ပိုင်း ပင်လယ်ပြင်မှာ ငါးနာရီ
လောက် အလောင်းရှာတာတွေကို လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ရပြီးသား မြန်မာနိုင်ငံသား
အလောင်း ၂၀ ကျော်အပြင် ဘာအလောင်းမှ ထပ်ပြီးမတွေ့ တော့တဲ့အတွက် အခုလို အလောင်းရှာတာကို ထိုင်းဘက်က ရပ်ဆိုင်းလိုက်ပြီ လို့ ရနောင်းရဲတပ်ဖွဲ့ စစ်ဆေးရေး
မှူးပြောတာကို ထိုင်းနိုင်ငံထုတ် The Nation သတင်းစာမှာရေးပါတယ်။
ကော့သောင်းဘက်က မြန်မာနိုင်ငံသားတွေ စီးလာတဲ့လှေ နစ်မြုပ်ခဲ့တာနဲ့ပတ်သက်
လို့ အဲဒီဒေသဘက်မှာရောက်နေတဲ့ TACDB မြန်မာပြည် ဒီမိုကရေစီရရှိရေး
ထိုင်းလုပ်ငန်းအဖွဲ့ တောင်ပိုင်းဒေသတာဝန်ခံ ကိုသက်ခိုင်က အခုလို ပြောပြပါတယ်။
“ကော့သောင်းရဲ့ ဘုရင့်နောင်ကျွန်းဘက်က ဘုရင့်နောင်ရုပ်တုရှိတဲ့ ရပ်ကွက်ကနေ
အဲဒီလှေက ခိုးပြီးတော့ ထွက်တာဗျ။ အဲဒီမှာ လူက အယောက် ၅၀ လောက်ပါတယ်။
အယောက် ၅၀ လောက် ပါတယ်ဆိုတာကိုတော့ အတိအကျ သိရတာပေါ့။ ၁၂ နာရီ
လောက်က ထွက်တဲ့ အခါကျတော့ လှေက ငါးဖမ်းလှေ ဝါးတန်းတို့ ဝါးလတ်တို့ အဲဒီ
အရွယ်တွေမဟုတ်ဘူး။ ရိုးရိုးပိုက်ချတဲ့ လှေလေးဖြစ် တယ်။ လှေကလည်း ပေါက်နေ
တယ်။
“ပေါက်နေတဲ့ကြားထဲကနေ လှေကိုထွက်တော့ တဖြည်းဖြည်းနဲ့ ရေဝင်ပြီးတော့ သူတို့
က ရနောင်းကိုဝင်တဲ့အခါကျရင် ပုံမှန်လာလို့ရှိရင် ညာဘက်ခြမ်းကနေ ပတ်ဝင်တယ်။
အခုဟာသူတို့က အဲလို ပတ်မဝင်ဘဲနဲ့ ပင်လယ်ဘက်ကနေ ထွက်ပြီးတော့ ဘယ်ဘက်က
နေပတ်ဝင်တယ်။ အဲဒီကျတော့ အဲဒီမှာတင်ပဲ လှေကလည်း ရေဝင်တာ မနိုင်တော့ဘူး။
ဝမ်းပိုက်ကလည်းပေါက်တယ်။ ပြီးတဲ့အခါကျ လှေနှုတ်ခမ်းတွေကလည်း ရေဝင်ရော၊
အဲဒီမှာ လှေကမြုပ်တာပေါ့။ မြုပ်တာက ည ၁၂ နာရီပတ်ဝန်းကျင်ပေါ့။ သိပ်မကြာခင်
မှာပဲ သူတို့မြုပ်တယ်။”
ဒီသေဆုံးခဲ့တဲ့သူတွေဟာ ကော့သောင်းဘက်ကနေ ထိုင်းဘက်ကို ကူးလာတဲ့ မြန်မာ
နိုင်ငံက ချင်းတိုင်းရင်းသားတွေ အများစုဖြစ်ပြီး လူကုန်ကူးသူ တစ်ယောက်က
တာဝန်ယူပို့ပေးခဲ့တာလို့လည်း ထိုင်းသတင်းစာတွေမှာ ရေးပါ တယ်။
နောက်ထပ် ရနောင်းမြို့ခံတစ်ယောက်ဖြစ်တဲ့ ကိုမော်စီကတော့ ဒီနှစ်ထဲမှာ ထိုင်းနိုင်ငံ
ထဲကို တရားမဝင် ဝင်လာတဲ့ မြန်မာနိုင်ငံသားတွေ ပင်လယ်ပြင်မှာ လှေမှောက်ပြီး
နစ်မြုပ်ခဲ့တာတွေ ရှိခဲ့ဖူးပေမယ့် ဒီတကြိမ်ကတော့ အဆိုးဆုံးပဲလို့ ပြောပါတယ်။
“ချင်းတိုင်းရင်းသား လူမျိုးများတာပေါ့။ လှေမောင်းတဲ့လူတယောက်ပဲ ကုလားလူမျိုး
လို့ပြောတယ်။ ထိုင်းမှာလည်း လုပ်မှာပေါ့၊ အဓိကကတော့ သူတို့ မလေးတို့ ဘာတို့
သွားတာများတယ်၊ အဲဒီလို ခိုးဝင်လာရင်လေ။ ဒီနှစ်ထဲမှာတော့ မြုပ် တယ်။ ဟိုတလော
ကလည်း တစီးမြုပ်သွားသေးတယ်။”
ထိုင်း ငါးဖမ်းသမားတွေအနေနဲ့ အလောင်းတွေ ထပ်ပြီး တွေ့ခဲ့မယ်ဆိုရင် လုံခြုံရေး
တပ်ဖွဲ့ဝင်တွေကို ချက်ခြင်း အကြောင်းကြားဖို့ ထိုင်းတောင်ပိုင်း ရဲနဲ့ စစ်တပ်က
တပ်လှန့်ထားပါတယ်။
လူ ၅၀ လောက်ပါတဲ့ လှေနစ်မြုပ်ခဲ့ပြီးတဲ့နောက် အလောင်း ၂၀ ကျော်ပဲ ရှာတွေ့ခဲ့တာ
မို့ ကျန်တဲ့သူတွေ ဘေးမသီ ရန်မခ လွတ်မြောက်သွားပြီလားဆိုတာကတော့ မေးခွန်း ထုတ်ရမယ့်ကိစ္စပဲဖြစ်ပါတယ်။
မြန်မာနိုင်ငံဘက်မှာလည်း အလောင်းရှာတာတွေ လုပ်နေတယ်လို့ သိရပေမယ့် ဘယ်
နှစ်လောင်း ထပ်ပြီးတွေ့ရတယ်ဆိုတာတော့ မသိရသေးပါဘူး။
အခုတော့ ရနောင်းမြို့ပြင်က ဘုန်းကြီးကျောင်းတကျောင်းမှာ အလောင်းတွေကို ထား
တယ်လို့ ကိုသက်ခိုင်ကပြောပါတယ်။
“အလောင်းက ပြန်ပေါ်တာက မနေ့ကပေါ့နော်။ မနေ့က တနာရီခွဲလောက်မှာ ပေါ်လာ
တယ်။ ထိုင်းရေပိုင်နက်ထဲမှာ အလောင်း ၂၂ လောင်းပေါ်လာတယ်။ အမျိုးသမီးက
၇ လောင်း၊ ကလေးက ၄ လောင်း၊ ပြီးတဲ့အခါ အမျိုးသားက ၁၁ လောင်း။
“အဲဒါတွေကို ထိုင်းရေတပ်ကနေ ဆယ်ထားပြီး အခုနောက်ဆုံးကျတော့ ရနောင်း
မြို့ပြင်မှာရှိတဲ့ ဘုန်းကြီးကျောင်းတကျောင်းမှာ ထားထားတယ်။”