သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တပ်အချက်အခြာ စွယ်တော်ကုန်းကို KNLA/ PDF ပူးပေါင်းသိမ်းပိုက်


မြဝတီ လေးကေ့ကော် စစ်ကောင်စီစွယ်တော်ကုန်း အမြောက်ဗျူဟာစစ်စခန်းကို KNLA၊ PDF ပူးပေါင်းတပ်တွေ သိမ်းပိုက်။ (သတင်းမှတ်တမ်းဓာတ်ပုံ ကော်ဘရာစစ်ကြောင်း)
မြဝတီ လေးကေ့ကော် စစ်ကောင်စီစွယ်တော်ကုန်း အမြောက်ဗျူဟာစစ်စခန်းကို KNLA၊ PDF ပူးပေါင်းတပ်တွေ သိမ်းပိုက်။ (သတင်းမှတ်တမ်းဓာတ်ပုံ ကော်ဘရာစစ်ကြောင်း)

ကရင်ပြည်နယ်ထဲမှာ စစ်ကောင်စီတပ်တွေအတွက် အချက်အခြာကျတဲ့ စွယ်တော်ကုန်း (အမြောက်တပ်ကုန်း) ကို KNLA၊ PDF ပူးပေါင်း တော်လှန်ရေးတပ်တွေ ဒီနေ့မနက်က သိမ်းပိုက်လိုက်ပါတယ်။ လေးကေ့ကော်နားမှာ စစ်တပ်အတွက် စစ်ရေးအချက်အခြာကျပြီး လက်နက်ခဲယမ်းအများအပြား သိုလှောင်ထားတဲ့ ဗျူဟာစစ်စခန်းကြီးကို ပူးပေါင်းတပ်တွေ သိမ်းပိုက်ခဲ့တဲ့သတင်းအပြည့်အစုံကို ထိုင်းအခြေစိုက် VOA မြန်မာပိုင်းသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့အနီးမှာရှိတဲ့ စစ်ကောင်စီရဲ့ စွယ်တော်ကုန်း(အမြောက်တပ်ကုန်း) လို့ ခေါ်တဲ့လက်နက်ကြီးဗျူဟာ စစ်စခန်းကို ဒီနေ့ အောက်တိုဘာလ ၁၇ ရက်နေ့ မနက်ပိုင်းမှာ KNLA၊ PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ လေးကေ့ကော်မှာ စစ်တပ်အတွက် အဓိကျပြီး လက်နက်ခဲယမ်းအများအပြားသိုလှောင်ထားတဲ့ လက်နက်ကြီးဗျူဟာစစ်စခန်းကြီး ကို KNLA /PDF ပူးပေါင်းထားတဲ့ Cobra စစ်ကြောင်း အပါအဝင် တခြား PDF ပူးပေါင်းစစ်ကြောင်းတွေက ပူးပေါင်းပြီး သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ ဒီကနေ့ မနက်ပိုင်းမှာ စစ်တပ်စခန်း သိမ်းပိုက်ခဲ့တာနဲ့ပတ်သက်လို့ ဒေသခံတဦးက သူသိထားသမျှ VOAကို အခုလိုပြောပါတယ်။

"ဒီနေ့မနက် ၅ နာရီကျော်လောက်မှာ လက်နက်ကြီးသံတွေ ပစ်ခတ်သံတွေလည်းကြားတယ် စွယ်တော်ကုန်းကို KNLA/ PDF တွေပူးပေါင်းထားတဲ့တပ်တွေက သိမ်းလိုက်တယ်လို့ မိုးလင်းတဲ့အခါမှသိရတယ် ။ တချို့တပ်သားတွေလည်း ထွက်ပြေးကြတယ် တချို့တပ်သားတွေကတော့ ပူးပေါင်းတပ်တွေထံကို လက်နက်ချတယ်ကြားတယ်။အဲဒီမှာ တပ်ထိုင်တာကတပ်မ ၄၄ တပ်သားတွေထိုင်ကြတာ အဲဒီကုန်းကနေ နေရာစုံကိုလက်နက်ကြီးနဲ့ပစ်နေတာလေ အခုလတွေအတွင်း မှာ နေ့တိုင်းလိုလိုပစ်နေတာ။"

စွယ်တော်ကုန်း စစ်တပ်ဗျူဟာစခန်းကို သိမ်းပိုက်ချိန်မှာ လက်နက်ခဲယမ်းတွေလည်း အများအပြား သိမ်းဆည်းရရှိသလို့ စစ်သုံ့ပန်းတွေကိုလည်း ဖမ်းမိတယ်လို့လည်း KNLA /PDF ပူးပေါင်းတပ်တွေဘက်ကပြောပါတယ်။ ဒီထဲမှာ ၁၂၀ မမလို လက်နက်ကြီးတွေပါ သိမ်းဆည်းရမိတယ်လို့သိရပါတယ်။ အကျအဆုံးနဲ့ လက်နက်ချစာရင်းကိုတော့ VOA က အခုအချိန်မှာ အတည်ပြုလို့ မရသေးပါဘူး။ စွယ်တော်ကုန်းဗျူဟာကုန်းစခန်းဟာ လေးကေ့ကော်မြို့သစ်အနီးက စစ်တပ်ရဲ့ နောက်ဆုံးလက်ကျန် စစ်စခန်းဖြစ်ပါတယ်။ အရပ်သားတွေ ရှိနေတဲ့ ကျေးရွာတွေဘက်ကို စစ်တပ်က လက်နက်ကြီးတွေနဲ့ မကြာခဏ ပစ်ခတ်နေတဲ့ တပ်စခန်းလည်း ဖြစ်ပါတယ်။

KNU တပ်မဟာ ၆ နယ် မြေအတွင်း စစ်တပ်က ၂၀၀၃ ခုနှစ်မှာ ထိုင်း မြန်မာ နယ်ခြား စစ်စခန်းအဖြစ် လာရောက် စစ်တပ်စွဲထားတဲ့ စခန်းကြီး တခုဖြစ်ပါတယ်။ တပ်မ ၂၂ ၊ တပ်မ ၄၄ အပြင် ကမ်းရိုးတန်းတိုင်း လက်အောက်ခံတပ်ရင်းတွေ ဒီစစ်စခန်းကြီးမှာ လာရောက် တပ်စွဲလေ့ရှိပါတယ်။ အခုလို စစ်တပ် စွယ်တော်အမြောက်ကုန်း စစ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ဝေါလေစစ်ဗျူဟာစခန်း၊ ဥကရစ် ထစစ်စခန်းတွေကိုလည်း KNLA/ PDF ပူးပေါင်းတပ်တွေဘက်က ဆက်လက် ထိုးစစ်ဆင်သွားမယ့်ပုံရတယ်လို့ ဒေသတွင်းကရင်သတင်းစဉ်မှာ ဖော်ပြပါတယ်။ စွယ်တော် လေးကေ့ကော်အမြောက်တပ်ကုန်း စစ်ဗျူဟာစခန်းကျသွားတာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က ခုချိန်ထိ တစုံတရာ ထုတ်ပြန်ခြင်း မရှိပါဘူး။

Forum

XS
SM
MD
LG