ဘင်္ဂလားဒေ့ရှ်မှာ စံချိန်တင် အပူရှိန်ပြင်းထန်လွန်းလှလို့ အရေးပေါ်အခြေအနေကြေညာပြီး စာသင်ကျောင်းတွေပါ ပိတ်ထားရသလို ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲမှာလည်း အပူလှိုင်းဒဏ် အပြင်းအထန်ခံနေရတယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေကပြောပါတယ်။ သက်ကြီးရွယ်အိုတွေ၊ နာမကျန်းသူတွေနဲ့ကလေးသူငယ်တွေ အပူဒဏ်ကြောင့် အပူဒဏ်သက်သာအောင်နေနေကြရသလို ဒုက္ခသည်စခန်းထဲ ကျန်းမာရေးသတိပေးချက်တွေလည်း ထုတ်ပြန်သတိပေးထားတယ်လို့ဆိုပါတယ်။ အပူလှိုင်းဒဏ်ခံနိုင်အောင် ကြိုးစားနေထိုင်နေရတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေက အခြေအနေ ရိုဟင်ဂျာတို့မျှော်လင့်ချက်အစီအစဉ်ကနေ မဆုမွန် စုစည်းတင်ပြထားပါတယ်။
ဒီလ ဧပြီလထဲမှာ အရှေ့တောင်အာရှနဲ့ တောင်အာရှနိုင်ငံတလွှား နှစ်ပေါင်းများစွာအတွင်း မကြုံစဖူး အပူလှိုင်းဒဏ် အပူရှိန်ဒဏ်တွေကို အပြင်းအထန်ခံစားနေကြရပါတယ်။ မြန်မာနိုင်ငံတဝန်းလုံးမှာလည်း အပူရှိန်ဒဏ်ကို နှစ်ပေါင်း ၅၀ကျော်အတွင်း အပြင်းထန်ဆုံးခံစားနေရသလို မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်မှာလည်း အပူလှိုင်းဒဏ်ကြောင့် အရေးပေါ်အခြေအနေကြေညာရတဲ့အထိ အပူဒဏ်ကို ဆိုးဆိုးဝါးဝါး ရင်ဆိုင်နေရတာဖြစ်ပါတယ်။
ဘင်္ဂလားဒေရှ့်နိုင်ငံအတွက် ဧပြီလဟာ စံချိန်တင် အပူဆုံးလဖြစ်ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် မိုးလေဝသဌာနက ဒီသီတင်းပတ်ထဲ သတင်းထုတ်ပြန်ပြောဆိုထားပါတယ်။ အပူရှိန်ဒဏ်ပြင်းထန်လွန်းတာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတဝန်းက စာသင်ကျောင်းတွေ ဒီတနင်္ဂနွေအထိ ပိတ်ဖို့ တရားရုံးက အမိန့်ထုတ်ထားပြီး ဘင်္ဂလားကျောင်းသူကျောင်းသား ၃၂သန်း နေအိမ်မှာပဲနေကြဖို့ ဘင်္ဂလားအာဏာပိုင်တွေက သတိပေးထားတဲ့အကြောင်း AFP သတင်းမှာဖော်ပြပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ မြို့တော်ဒါကာမှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ပျမ်းမျှ အမြင့်ဆုံးအပူချိန် ၁၀၅ ဒီကရီဖာရင်ဟိုက် အထိမြင့်တက်ခဲ့တာပါ။ ဒီအပူချိန်က နှစ်ပေါင်း ၃၀ အတွင်း အမြင့်ဆုံးအပူချိန်ဖြစ်ပြီး လာမယ့်ရက်တွေမှာလည်း ရာသီဥတု ဆက်ပြီးပူပြင်းမယ်လို့ ခန့်မှန်းထားပါတယ်။ အပူဒဏ်ကြောင့် ဧပြီလထဲ သေဆုံးသူ ၁၁ယောက်ထက်မနည်း ရှိတယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီနှစ် ရာသီဥတုပြင်းလွန်းတဲ့ဒဏ် သူ့ဘဝမှာ အဆိုးဝါးဆုံး ခံစားရတာပဲလို့ လန်ချားမောင်းသူ Shaheb Ali က Reuters ရိုက်တာသတင်းဌာနကိုပြောပါတယ်။
“ကျနော့်ဘဝတလျောက်မှာ ဒီတခါပူပြင်းလွန်းတဲ့ဒဏ် တခါမှ မခံစားဖူးဘူး။ နွေဆိုတာတော့ ပူတာပေါ့လေ ဒါပေမဲ့ လေပြင်းတိုက်တာ မိုးရွာတာမျိုးလည်းကြုံရနိုင်တာပဲ ဒါပေမဲ့ ဒီတခါမှာတော့ ဒါမျိုးတွေဖြစ်လာမှာမဟုတ်ဘူး အရမ်းရာသီဥတုပြင်းလွန်းတဲ့ ပူတဲ့ဒဏ်ကို လူတွေတော်တော်များများများ ခံစားနေရတယ်။”
အခုလိုဘင်္ဂလားဒေ့ရှ်နိုင်ငံတဝန်း အပူရှိန်မြင့်မားလွန်းလှတဲ့ဒဏ်ကို ခံစားနေရချိန်မှာပဲ ရခိုင်မြောက်ပိုင်းကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘာဇားခရိုင်ထဲက ဒုက္ခသည်စခန်းတွေထဲ ခိုလှုံနေထိုင်နေကြရတဲ့ သိန်းချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေလည်း အပူဒဏ်ကို အပြင်းအထန်ခံစားနေကြရပါတယ်။ လူဦးရေပြွတ်သိပ်ကျပ်ညပ်ပြီး မိသားစုတွေ အစုလိုက်အပြုံလိုက် နေထိုင်နေရတဲ့ ယာယီခိုလှုံနေထိုင်ရာစခန်းထဲက လူနေအဆောက်အဦးတွေဟာ အပူရှိန်ဒဏ်ခံနိုင်ရည်ရှိတဲ့နေရာအဆောက်အဦးတွေမဟုတ်ပါဘူး။
လေဝင်လေထွက်မကောင်းသလို နေ့အပူချိန်ပြင်းထန်လွန်းလာတဲ့အချိန်တွေမှာ နေထိုင်မကောင်းသူတွေ ကျန်းမာရေးချို့တဲ့သူရောဂါသည်တွေ သက်ကြီးရွယ်အိုတွေနဲ့ ကိုယ်ဝန်ဆောင်တွေ လူမမည်ကလေးသူငယ်တွေ ပါ အပူရှိန်မြင့်မားလွန်းတဲ့ဒဏ်ကို ခံစားနေကြရတယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေကပြောပါတယ်။
ဒုက္ခသည်စခန်း တာဝန်ရှိသူတွေနဲ့ ဒုက္ခသည်ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးနေသူတွေက ဒုက္ခသည်စခန်းတွင်း အပူရှိန်ဒဏ် လျော့ပါးသက်သာအောင် နေထိုင်နိုင်ဖို့နဲ့ အပူရှိန်ဒဏ်ကြောင့် ကျန်းမာရေးထိခိုက်မှုမဖြစ်အောင် သတိထားကြပါဖို့ သတိပေးနိုးဆော်နေတယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေက ဗွီအိုအေကိုပြောပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေဟာ သိန်းချီခိုလှုံနေထိုင်နေရတဲ့ ဒုက္ခသည်စခန်းတွေထဲ မိုးများရေကြီးတဲ့ဒဏ် မြေပြိုကျတဲ့ဒဏ် မတော်တဆမီးလောင်ကျွမ်းမှုဒဏ်တွေနဲ့ မကြာခဏရင်ဆိုင်နေရတာဖြစ်ပါတယ်။ အခုလည်း တောင်အာရှနဲ့ အရှေ့တောင်အာရှနိုင်ငံတဝန်း ရင်ဆိုင်နေရတဲ့ မကြုံစဖူးပြင်းထန်လွန်းလှတဲ့ အပူလှိုင်းဒဏ်ကို ရိုဟင်ဂျာဒုက္ခသည်တွေလည်း ရင်ဆိုင်နေကြတဲ့အတွက် အပူဒဏ်ကြောင့် အသက်အန္တရာယ်ဆုံးရှုံးမဖြစ်အောင် သတိထားနေထိုင်ကြဖို့ ဒုက္ခသည်စခန်းတာဝန်ရှိသူတွေကရော ဒုက္ခသည်အရေးကူညီပေးနေတဲ့အဖွဲ့အစည်းတွေကရော ဒုက္ခသည်အချင်းချင်း သတိပေးနိုးဆော်နေကြတယ်လို့လည်း ရိုဟင်ဂျာဒုက္ခသည်တွေကပြောပါတယ်ရှင်။