ဒုတိယအကြိမ် ပြည်သူ့ညီလာခံအပြီးမှာ NUCC အပေါ် ဘယ်လို မြင်ကြသလဲ
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က ကြီးမှူးကျင်းပတဲ့ ဒုတိယအကြိမ်ပြည်သူ့ညီလာခံကို ၂၀၂၄၊ဧပြီ ၄ ရက်နေ့မှာ စတင်ပြုလုပ်ခဲ့ပါတယ်။ညီလာခံရက်ကို မူလက ဧပြီ ၄ ရက်ကနေ၆ ရက် နေ့အထိ သုံးရက် သတ်မှတ်ထားခဲ့ပေမယ်လို့ တကယ် လက်တွေ့ကျင်းပတဲ့အခါမှာတော့ မူလသတ်မှတ်ထားတဲ့အတိုင်း သုံးရက်နဲ့ မပြီးပြတ်လို့ နှစ်ရက်ထပ်တိုးပြီး ၅ ရက် ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။
ပထမအကြိမ်ပြည်သူ့ညီလာခံကို ၂၀၂၂၊ဇန်နဝါရီ ၂၇ ရက်နေ့ကနေ ၂၉ အထိ သုံးရက်တာပြုလုပ်ခဲ့ပါတယ်။ ပြည့်သူ့ညီလာခံကို ၆ လတစ်ကြိမ်ပြုလုပ်ဖို့ သတ်မှတ်ထားပေမဲ့ ၂ နှစ်နဲ့ သုံးလအကြာမှသာ ဒုတိယအကြိမ် ပြည်သူ့ညီလာခံကို ကျင်းပပြုလုပ်နိုင်ခဲ့တာတွေ့ရပါတယ်။ဒါကြောင့်လည်း ပြောစရာ၊ ဆိုစရာ၊ ဆွေးနွေးစရာ၊ ငြင်းခုန်စရာအကြောင်းတွေက စုပုံထားသလိုဖြစ်နေခဲ့ပြီး ဆွေးနွေစရာတွေ မပြီးပြတ်တာကြောင့် ညီလာခံရက်ကိုလည်း တိုးချဲ့ခဲ့ရပါတယ်။
ဒုတိယအကြိမ်ပြည်သူ့ညီလာခံ စတဲ့ ဧပြီ ၄ ရက်နေ့မှာပဲ နေပြည်တော် အေလာလေဆိပ်ကို တော်လှန်ရေး အင်အားစုတွေက အသေခံဒရုန်းတွေ အသုံးပြုပြီး တိုက်ခိုက်ခဲ့ပါတယ်။အေလာလေဆိပ်တိုက်ခိုက်ခံရတဲ့ သတင်းက မီဒီယာတွေမှာ ဦးစားပေးသတင်းဖြစ်ခဲ့ပြီး ပြည်သူတွေစိတ်ဝင်စားမှုမြင့်တက်ခဲ့တဲ့ သတင်း လည်းဖြစ်ခဲ့ပါတယ်။ဒါကြောင့် ဒုတိယအကြိမ် ပြည်သူ့ညီလာခံသတင်းဟာ မှေးမှိန်ခဲ့ရသလိုပြည်သူလူထုကလည်း စိတ်ဝင်စားမှု နည်းတဲ့ အနေအထားမျိုး တွေ့ရပါတယ်။ပြည်သူ့ညီလာခံနဲ့ ပတ်သက်ပြီး ဆိုရှယ်မီဒီယာတွေမှာ ဆူဆူညံညံ၊လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့တာကတော့ ညီလာခံနောက်ဆုံးရက်မှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့ မတက်ရောက်တဲ့သတင်း ဖြစ်ပါတယ်။
ဒုတိယအကြိမ် ပြည်သူ့ညီလာခံကို တက်ရောက်ခဲ့သူ တစ်ဦးကတော့
"ပြည်သူ့ညီလာခံမှာ ဆွေးနွေးတင်ပြတဲ့အထဲမှာ တချို့ဆွေးနွေးချက်တွေက အတော်လေးကောင်းတာတွေပါပါတယ်။ဥပမာ NUG Reform လုပ်ရေး၊ ပကဖ၊ ပအဖ၊ ပလဖ စတဲ့ ပ သုံးလုံးအဖွဲ့တွေ လုပ်ပိုင်ခွင့်တွေမရှင်းလင်းတော့ မြေပြင်မှာ အခက်အခဲဖြစ်နေတဲ့ကိစ္စတွေ၊ နောက် ဘဏ္ဍာရေး၊ ငွေရေးကြေးရေးကိစ္စတွေ ဘယ်လိုသုံးစွဲနေသလဲ၊နောက် တရုတ်မူဝါဒနဲ့ ပတ်သက်ပြီး NUG နိုင်ငံခြားရေးဝ်ကြီးဌာနကို မေးခွန်းထုတ်တာမျိုးတွေပေါ့၊အဲဒီလိုကိစ္စတွေပါတယ်။ဒါပေမဲ့ အဲဒီလိုကိစ္စတွေက မြုပ်သွားပြီး ညီလာခံထဲမှာ ငြင်းခုန်တာ၊ရန်လိုတဲ့ ဆွေးနွေးတင်ပြပုံတွေနဲ့ ညီလာခံနောက်ဆုံးရက်မှာ CRPH နဲ့ NUG မတက်တော့တဲ့အကြောင်းတွေက လွှမ်းမိုးသွားတဲ့ အနေအထားဖြစ်သွားတယ်။ကျနော့်အမြင်ပြောရရင် သဘာပတိအဖွဲ့ကလည်း ခပ်ပြတ်ပြတ်ထိန်းတာမျိုး လုပ်ခဲ့တာ မတွေ့ရဘူး။နောက်တစ်ခုက ဝန်ကြီးဌာနတစ်ခုကို တင်ပြခွင့်က ၁၀ မိနစ်ပဲရတယ်။၂ နှစ်ခွဲကာလ လုပ်ဆောင်ချက် ကို ၁၀ မိနစ်နဲ့ အပြီးတင်ပြဖို့ဆိုတာက အတော်မလွယ်တဲ့ကိစ္စ၊ပြောရရင် ညီလာခံကျင်းပပုံ ဒီဇိုင်းက အတော် အားနည်းတယ်”လို့ပြောပါတယ်။
ဒုတိယအကြိမ် ပြည်သူ့ညီလာခံအပြီး ဧပြီ ၁၁ ရက်နေ့မှာတော့ ပြည်သူ့ညီလာခံကျင်းပရေးကော်မတီက သတင်းစာရှင်းလင်းပွဲလုပ်ပါတယ်။အဲဒီသတင်းစာရှင်းလင်းပွဲမှာ ညီလာခံကျင်းပရေးကော်မတီရဲ့ ပြောကြားချက်ကို မဇ္စျိမသတင်းဌာနက အခုလိုဖော်ပြပါတယ်။
"အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က ကြီးမှူးကျင်းပခဲ့သည့် ဒုတိယအကြိမ်ပြည်သူ့ ညီလာခံမှာ အပြည့်အဝအောင်မြင်မှုမရရှိကြောင်းနှင့် ပြည်သူလူထုကို "အနူးအညွတ်တောင်းပန်"ကြောင်း ညီလာခံကျင်းပရေး ကော်မတီက ဧပြီလ ၁၁ ရက်နေ့တွင် ဝန်ခံပြောဆိုသည်” လို့ ဖော်ပြခဲ့တာတွေ့ရပါတယ်။
ဒုတိယအကြိမ် ပြည်သူ့ညီလာခံကို ညီလာခံကိုယ်စားလှယ် ၂၀၄ ဦး၊အထူးဖိတ်ကြားထားသူ ၁၀၄ ဦးနဲ့ လေ့လာသူ ၁၂၈ ဦးတက်ရောက်ခဲ့တယ်လို့သိရပါတယ်။ဒါပေမဲ့ ညီလာခံနောက်ဆုံးရက်ဖြစ်တဲ့ ဧပြီ ၉ ရက်
နေ့မှာတော့ CRPH၊NUG ကိုယ်စားလှယ်တွေ မတက်ရောက်ခဲ့သလို ညီလာခံတက်ရောက်ခွင့်ရှိသူရဲ့ ၄၉
ရာခိုင်နှုန်းသာ တက်ရောက်ခဲ့တယ်လို့ NUCC ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ဧရာဝတီသတင်းဌာနကတော့ NUCC က ကြီးမှူးကျင်းပတဲ့ ဒုတိယအကြိမ် ပြည်သူ့ညီလာခံအကြောင်းကို NUCC ရှက်ဖွယ်ဆိုပြီး သူ့အတွေး၊သူ့အမြင်ကဏ္ဍမှာ ဒက်စမွန်ရဲ့ ရေးသားချက်ကို ဧပြီ ၁၉ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။သူ့အတွေး၊သူ့အမြင် ဆောင်းပါးရှင်က "တိုင်းပြည်ရဲ့ အပြောင်းအလဲကာလမှာ ဦးဆောင် ဦးရွက်ပြုဖို့ ရည်ရွယ်တဲ့ ပလက်ဖောင်းတခုမှာ ပါဝင်နေသူတချို့ရဲ့ ပရော်ဖက်ရှင်နယ်ဆန်မှုဟာ မေးခွန်းထုတ်စရာ အများကြီး ရှိပါတယ်” လို့ ညီလာခံအတွင်း တင်ပြဆွေးနွေးပုံတွေနဲ့ ပတ်သက်ပြီး ဝေဖန်ထားပါတယ်။ဒါ့အပြင် NUCC ဟာ ၂၀၂၃ ခုနှစ်အတွင်းမှာ အစည်းအဝေးပေါင်း ၈၀ ပြုလုပ်ခဲ့တယ်။ဒါဟာ တစ်လကို အစည်းအဝေး ၇ ကြိမ်ထက်မနည်း ကျင်းပခဲ့တယ်ဆိုတဲ့သဘောဖြစ်တယ်။
"ဒီအစည်းအဝေးတွေရဲ့ ရလဒ်က ဘာလဲ။ Product (မျှော်မှန်းရလဒ်) မရှိဘဲ Process (လုပ်ငန်းစဉ် သဘောအတိုင်း) ပဲ လုပ်နေတာကို ပြနေပါတယ်”လို့လည်း ဆောင်းပါးရှင်က ထောက်ပြထားပါတယ်။
ဒါ့အပြင် ပြည်ထောင်စုရဲ့ လက်ရှိ ပစ္စခ အခြေအနေနဲ့ ကိုက်ညီတဲ့ ရလဒ်ထွက်ပေါ်စေနိုင်တဲ့ အဖွဲ့အစည်းတွေ ပါဝင်ရေးကို ဦးစားပေးသင့်တယ်။လက်ရှိ NUCC မှာ တိုင်းရင်းသားလက်နက်ကိုင် ERO/EAO တွေရဲ့ ပါဝင်မှု၊ နိုင်ငံရေးပါတီတွေရဲ့ ပါဝင်မှုဟာ အားရစရာ မကောင်းလှဘူးလို့လည်းမှတ်ချက်ပေးထားပါတယ်။ ဆောင်းပါးရှင် နောက်တစ်ခု ထောက်ပြထားတာက Full Consensus ကိစ္စပါ။NUCC အဖွဲ့ဝင်တွေ အားလုံးသဘောတူမှ ဆုံးဖြတ်ချက်ချနိုင်တယ်ဆိုတဲ့ Full Consensus ကြောင့် ဆုံးဖြတ်ချက်တွေ မချနိုင်ဘူးဆိုရင်၊ Full Consensus ကြောင့် အလုပ်မဖြစ်ဘူးဆိုရင် ဘာကြောင့် ပြင်ဖို့မစဉ်းစားကြတာလဲလို့ မေးခွန်းထုတ်ထားပါတယ်။ ဆောင်းပါးရဲ့ အဆုံးသတ်မှာတော့ မြေပြင်က တော်လှန်ရေးရဲဘော်လေး တစ်ဦးရဲ့ သတင်းစကားကိုဖော်ပြထားပါတယ်။မြေပြင်က တော်လှန်ရေးရဲဘော်လေးက
"ကျနော်တို့ ဒီနှစ် အိမ်တကယ် ပြန်ရမှာလား အကို။ ကျနော်ထင်တာကတော့ ကျနော်တို့ အိမ်ပြန်လို့ ရ၊ မရ ဆိုတာက မအလ (မင်းအောင်လှိုင်) အပေါ် မူမတည်တော့ဘူး။ လူကြီးတွေအပေါ်ပဲ မူတည်တော့တယ် အကို” တဲ့။ လူကြီးတွေဆိုတာကတော့ NUCC နဲ့ NUG ခေါင်းဆောင်တွေကို တာပါ။
အတိုင်ပင်ခံ(NUCC)ရဲ့ အခန်းကဏ္ဍကို ဆန်းစစ်ခြင်းနဲ့ တိုင်းရေးပြည်ရေးအဖြာဖြာဆိုတဲ့ မဇ္စျိမသတင်း ဌာနရဲ့ အင်တာဗျူးမှာ ဥပဒေအထောက်အကူပြုကွန်ရက်တည်ထောင်သူနှင့် လူ့အခွင့်ရေးရှေ့နေကြီး ဦးအောင်ထူးကို မေးမြန်းထားတဲ့ ရုပ်သံသတင်းတစ်ပုဒ်ကို ကြည့်ရှုရပါတယ်။ ရှေ့နေကြီး ဦးအောင်ထူးက တော့ ဥပဒေသမား ပီပီ ဥပဒေရှုဒေါင့်ကပဲအဓိကထားပြောကြားခဲ့တာတွေ့ရပါတယ်။ကြားကာလဖွဲ့စည်းပုံ အရေးကြီကြောင်းကို အလေးထားပြောကြားတာတွေ့ရပါတယ်။ NUCC နဲ့ပတ်သက်ပြီးပြောကြားရမှာတော့ NUCC ဆိုတာ စစ်အာဏာရှင်စနစ်ကို ငြိမ်းချမ်းစွာ ဆန့်ကျင်ရေး CDM နောက်ခံ လှုပ်ရှားမှုကြီးကနေ ပေါ်လာတာ၊ နိုင်ငံရေးအရ အရေးကြီးပါတယ်၊ နိုင်ငံရေးအရ တန်ဖိုးထားရမယ်။NUCC ဟာ ဥပဒေပြု လွှတ်တော်လား၊ အတိုင်ပင်ခံ ကောင်စီလား။ရှေ့ဆက် ဘယ်လို အကောင်အထည်ဖော်မလဲ။ရှင်းရှင်း လင်းလင်းဖြစ်ဖို့လိုပါတယ်။NUCC ကို ပြန်လည်ဖွဲ့စည်းဖို့လိုပါမယ်။ အခုတိုင်း ရှေ့ဆက်သွားလို့ မရပါဘူး။
လွန်ခဲ့တဲ့ သုံးနှစ်ကျော်အတွင်းမှာ CRPH၊ NUG၊ NUCC တို့ စုပေါင်းကြိုးပမ်းမှုကို အသိအမှတ်ပြု တန်ဖိုးထားရမယ်။သူတို့ ကမ ကထပြု ကြိုးပမ်းခဲ့လို့ စစ်ကောင်စီကို တပြည်လုံးအတိုင်းအတာနဲ့ ဆန့်ကျင်တဲ့အဖွဲ့အစည်းတွေပေါ်လာတာဖြစ်တယ်။ဒါပေမဲ့ ဒီလောက်နဲ့မလုံလောက်သေးပါဘူး။နိုင်ငံရေးဆုံးဖြတ်ချက် ချဖို့လိုပါတယ်။တဖက်က ရန်သူကို ဆက်တိုက်၊ တဖက်က State Building နိုင်ငံတော်တည်ဆောက်ရေးလုပ်ရပါမယ်။ အဲဒီအတွက် နိုင်ငံရေးအရ ဆုံးဖြတ်ချက်က အရေးကြီးပါတယ်လို့ ပြောကြားပါတယ်။
ပြည်သွေးနိုင်