နိုင်ငံတကာ အမျိုးသမီးများနေ့ကို ကမ္ဘာတဝန်း ကျင်းပပြုလုပ်နေချိန်မှာ ဝမ်းနည်းစရာကောင်းတာကတော့ မြန်မာနိုင်ငံမှာ အမျိုးသမီးတွေရဲ့ ဘဝဟာ အဆိုးရွားဆုံးအခြေအနေတွေနဲ့ ရင်ဆိုင်၊ကြုံတွေ့ ဖြတ်သန်းနေကြရတာ ဖြစ်ပါတယ်။မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဖြစ်တဲ့ အသက် ၇၇ နှစ်အရွယ် နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသမီး လေးထောင်နီးပါးဟာ စစ်ကောင်စီရဲ့ အကျဉ်းထောင်တွေထဲမှာ ရောက်ရှိနေကြပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရဲ့ စာရင်းတွေမှာ လောလောဆယ် စစ်ကောင်စီရဲ့ အကျဉ်းထောင်တွေထဲမှာ အမျိုးသမီး ၃၉၀၈ ဦးကို ဖမ်းဆီး အကျဉ်းချထားတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ သတ်ဖြတ်ခြင်းခံရသူ ၄၆၅၀ ဦးထဲမှာ အမျိုးသမီး ၈၂၂ ဦးပါဝင်တယ်လို့ AAPP က ဖော်ပြထားတာ တွေ့ရပါတယ်။သိပ်မကြာသေးခင်ကပဲ အမျိုးသမီး တစ်ဦးဖြစ်တဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ၊နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးလည်းဖြစ်သူ မနိုဘယ်အေးဟာ ဖမ်းဆီးခံထားရစဉ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ သတ်ဖြတ်ခြင်းခံရကြောင်း မီဒီယာတွေမှာ ဖော်ပြခဲ့တာ တွေ့ရပါတယ်။
ဒါကြောင့်လည်း ကုလသမဂ္ဂ အမျိုးသမီး စီးပွားရေး စွမ်းဆောင်နိုင်မှုကဏ္ဍဆိုင်ရာအကြီးအကဲ ဂျမိုင်းမား နျူခီ (Jemimah Njuki)က အမျိုးသမီးအခွင့်အရေးတွေ တိုးတက်လာနေတယ်လို့ ခေါင်းဆောင်တွေက ယူဆထားကြတဲ့နိုင်ငံတချို့အပါအဝင် တကမ္ဘာလုံးမှာ အမျိုးသမီးအခွင့်အရေးတွေ ခြိမ်းခြောက်ခံနေရပြီး တချို့နေရာတွေမှာဆိုရင် နောက်ပြန်ဆုတ်နေသလို ဖြစ်နေတယ်လို့ သတိပေးခဲ့တာဖြစ်မှာပါ။
မတ်လ ၈ ရက်နေ့ကို နိုင်ငံတကာ အမျိုးသမီးများနေ့အဖြစ် သတ်မှတ် ကျင်းပကြပါတယ်။International Women’s Day ကို IWD လို့လည်း အတိုကောက် ခေါ်လေ့၊သုံးစွဲလေ့ရှိပါတယ်။ မတ်လ ၈ ရက်နေ့ကို နိုင်ငံတကာ အမျိုးသမီးများနေ့အဖြစ် ကမ္ဘာ့ကုသမဂ္ဂအဖွဲ့ကြီးက ၁၉၇၅ နှစ်မှာ စတင်သတ်မှတ်ခဲ့ပေမဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့(IWD)စတင်မြစ်ဖျားခံခဲ့တာကတော့ အလုပ်သမားလှုပ်ရှားမှုတွေ ဖြစ်ပါတယ်။အမျိုးသမီးအခွင့်အရေးအတွက် ၁၈၅၇ ခုနှစ်၊မတ်လ ၈ ရက်နေ့မှာ အမေရိကန်နိုင်ငံ၊နယူးယောက်မြို့က အထည်ချုပ် အမျိုးသမီးအလုပ်သမားတွေ စတင်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ပထမဆုံးသော National Woman’s Day ကိုတော့ ၁၉၀၉ ခုနှစ်၊ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာအမေရိကန်နိုင်ငံ၊နယူးယောက်မြို့
မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးကတော့ မတ်လ ၈ ရက်နေ့ကို နေ့ထူးနေ့မြတ် အဖြစ်သတ်မှတ်ပြီး အမျိုးသမီးတွေရဲ့ အောင်မြင်မှုတွေကို ဂုဏ်ပြုတာ၊ကျား၊မတန်းတူ အခွင့်အရေးတွေအတွက် လှုံ့ဆော်မှုတွေကို နှစ်စဉ်ပြုလုပ်လေ့ရှိတာတွေ့ရပါတယ်။၂၀၂၄ ခုနှစ်၊နိုင်ငံတကာ အမျိုးသမီးများနေ့ရဲ့ ဆောင်ပုဒ်ကတော့"အရှိန်အဟုန်နဲ့ တိုးတက်ဖို့ အမျိုးသမီးများတွင် ရင်းနှီးမြုပ်နှံစို့” ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားချိန်ဖြစ်တဲ့အတွက် အမျိုးသမီးအဖွဲ့အစည်းတွေဟာ နိုင်ငံတကာ အမျိုးသမီးများနေ့ လှုပ်ရှားမှုတွေကို ပြည်တွင်းက မြို့ကြီးတွေမှာ ကျင်းပပြုလုပ်နိုင်တဲ့အနေအထား မရှိပါဘူး။ဒါကြောင့် သူတို့ရောက်ရှိနေကြတဲ့ လွတ်မြောက်နယ်မြေ၊စစ်ဘေးရှောင်စခန်းတွေနဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံတွေမှာ လုပ်ဆောင်ခဲ့ကြသလို အွန်လိုင်းကတစ်ဆင့် ဆွေးနွေးပွဲတွေ၊ စကားဝိုင်းတွေ၊ ဂုဏ်ပြုပွဲတွေ လုပ်ခဲ့တာကိုတွေ့ရပါတယ်။ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့မှာ မြန်မာအမျိုးသမီးတွေ ဦးဆောင်ပြုလုပ်ခဲ့တဲ့ နိုင်ငံတကာအမျိုးသမီးများနေ့ အထိမ်းအမှတ် လှုပ်ရှားမှု အကြောင်းကို ဧရာဝတီသတင်းဌာနက ဖိနှိပ်ခံ မြန်မာအမျိုးသမီးတွေဘဝကို ပြသခဲ့တဲ့ ထိုင်းနိုင်ငံက အမျိုးသမီးများနေ့ ဆိုတဲ့ ရုပ်သံသတင်းတစ်ပုဒ်ကို ဖော်ပြခဲ့ပါတယ်။အဲဒီ အထိမ်းအမှတ်ပွဲမှာ လမ်းလျှောက်ချီတက် ဆန္ဒထုတ်ဖော်တာ၊ မြန်မာနိုင်ငံအတွင်းက အမျိုးသမီးတွေရဲ့ဖိနှိပ်ခံရမှုအခြေအနေတွေကို သရုပ်ဖော်ပြသတာ၊"ငါတို့ ထမီ၊ ငါတို့အလံ၊ ငါတို့အောင်ပွဲ”မှတ်တမ်းရုပ်ရှင်ပြသတာ၊နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားတဲ့ အမျိုးသမီးရဲဘော် တွေကိုဂုဏ်ပြုတာတွေ ထည့်သွင်းကျင်းပခဲ့တာ တွေ့ရပါတယ်။
စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့၊ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်အတွက် တိုက်ပွဲဝင် ဆင်နွဲနေတဲ့ နွေဦးတော်လှန်ရေးကြီးမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍဟာ နေရာစုံ၊ကဏ္ဍစုံမှာ အလွှာအသီးသီးက အမျိုးသမီးတွေဟာ ရှေ့တန်းမှာရှိနေပြီး အရေးပါတာကို တွေ့ကြရမှာဖြစ်ပါတယ်။ဒါကြောင့်လည်း နွေဦးတော်လှန်ရေးကြီးဆင်နွဲနေတဲ့ အင်အားစုတွေရဲ့ ၆၀ ရာခိုင်နှုနှုန်းဟာ အမျိုးသမီးတွေဖြစ်တယ်လို့ အမေရိကန်စစ်တပ်ရဲ့ အငြိမ်းစား ဒုဗိုလ်မှူးကြီး ဒေါက်တာမီမီဝင်းဘတ်က ထောက်ပြပြောဆိုထားတာဖြစ်ပါတယ်။ဒါကြောင့်မို့ နွေဦးတော်လှန်ရေးကြီးမှာ ရှေ့တန်းကနေ တက်ကြွစွာပါဝင်နေတဲ့ ကချင်လူငယ် အမျိုးသမီးသမီးတစ်ဦးဖြစ်တဲ့ လူမှုတရားမျှတရေးတက်ကြွလှုပ်ရှားသူ အက်စတာဇေနောကို ဘာကြောင့် ဒီတော်လှန်ရေးမှာ ပါဝင်ဖြစ်တာလဲ။ဒီတော်လှန်ရေးအပေါ်မှာ ဘယ်လိုမျှော်လင့်ချက်ထားသလဲဆိုတာ မေးကြည့်တဲ့အခါ အခုလိုပြောပါတယ်။
"ကျမအတွက်က တော်လှန်ရေးလမ်းကြောင်းပေါ် ရောက်လာတာ ၂၀၁၁၊ ကချင်တကြော့ပြန်စစ်ပွဲလို့ပြောရမယ်။စစ်စပြီးသိပ်မကြာခင်မှာပဲ ကချင်စစ်ဘေးရှောင်စခန်းတွေဆီ စာသင်ဖို့သွားတယ်။အဲဒီမှာ တနိုင်ငံထဲမှာနေပြီးတော့ စစ်တပ်ရဲ့ ရက်စက် ယုတ်မာနေမှုတွေ၊ဖိနှိပ်ခံဘဝတွေကို တွေ့ခဲ့ရတယ်။ ဒါ့ကြောင့်မိုလို့ ကျမအနေနဲ့ မဖြစ်မနေရပ်တည်ရမယ်၊နိုင်သမျှအားထုတ်ရမယ်လို့ ဆုံးဖြတ်ပြီးတော့မှ စပြီးရပ်တည်ခဲ့တာပေါ့။၂၀၂၁ ခုနှစ် အာဏာသိမ်းမှုစတဲ့အခါမှာ ကျမစိတ်ထဲ စတင်စိုးရိမ်မိတာက ဒုက္ခရောက်ကြရမယ့် ပြည်သူတွေပေါ့။သမိုင်းအတွေ့အကြုံအရဆိုလို့ရှိရင် ဖက်ဆစ်တပ်တွေရဲ့ လုပ်ရပ်ကို အလွယ်တကူရပ်တန့်လို့ မရနိုင်ဘူး။တနိုင်ငံလုံးအနှံ့ နှစ်ပေါင်းများစွာဖြစ်နေတဲ့ ဒုက္ခအလုံးစုံကလည်း ဒီဖက်ဆစ်စစ်တပ်ရှိနေသ၍ ဘယ်လိုမှ ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ဒီအတွက်ကြောင့်မိုလို့ ပြည်သူအားလုံး ပါဝင်မှ၊တော်လှန်မှ အောင်မြင်နိုင်မယ်လို့ မြင်တယ်။ဒါကြောင့်မို့လို့လည်း လူထုပါဝင်ဖို့ အားထုတ်ဖို့ လိုတယ်ဆိုတဲ့ စဉ်းစားချက်နဲ့ ပြည်သူတွေကို တတ်နိုင်သမျှ စည်းရုံးလှုံ့ဆော်ပြီးတော့ ဒီတော်လှန်ရေး ခရီးလမ်းကို ဆက်ပြီးတော့ လျှောက်ဖြစ်တာပါ။
အခုအချိန်မှာ နွေဦးတော်လှန်ရေးဟာ တော်တော်လေးကို နည်းပညာအရ၊ဆက်သွယ်ရေးအရ ပြည်သူတွေရဲ့ အမြင်ပွင့်မှု၊မျိုးဆက်အသီးသီးရဲ့ပါဝင်မှု စသဖြင့် အပြုသဘောဆောင်တဲ့ အောင်မြင်ဖို့အတွက်ကို အခိုင်အမာ တွန်းအားပေးနေတဲ့ အချက်တွေရှိတယ်ဆိုတာကို ကျမတော့မြင်ပါတယ်။ဒီလိုမျိုး အောင်မြင်ဖို့ အကြောင်းပေါင်းစုံနဲ့ နိုင်ငံရေးလှိုင်းမျိုး၊နောက်ပြီးတော့ နိုင်ငံအပြောင်းအလဲအတွက် တံခါးပေါက်မျိုးဆိုတာက နောက်တစ်ကြိမ်ပွင့်ဖို့ရာ ဘယ်လိုမှ မလွယ်ကူနိုင်ဘူး။ဒါကြောင့်မိုလို့ ဒီတော်လှန်ရေးက ကျမတို့ တသက်လုံးရည်မျှော်ခဲ့တဲ့ ဖက်ဆစ်စနစ်အောက်က လွတ်မြောက်ရေးအတွက်၊ဖက်ဒရယ်ဒီမိုကရေစီအတွက် မျှော်လင့်ချက် အရှိဆုံး အချိန်အခါပဲလို့ ကျမအနေနဲ့ ယုံကြည်ပါတယ်”
အက်စတာဇေနောပြောသလိုပါပဲ မြန်မာနိုင်ငံတဝန်းမှာ တိုင်းရင်းသား ပြည်သူတွေ နှစ်ပေါင်းများစွာ ခံစားခဲ့ရတဲ့ ဒုက္ခအလုံးစုံဟာ ဒီ စစ်တပ်၊ဒီစစ်ကောင်စီ ရှိနေသ၍ ဘယ်လိုမှ ဖြေရှင်းလို့ ရနိုင်မှာ မဟုတ်ပါဘူး။ဒါကြောင့် နွေဦးတော်လှန်ရေးအောင်မြင်ဖို့လိုပါတယ်။နွေဦးတော်လှန်ရေးဟာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံထူထောင်ရေးတင် မဟုတ်။အတွေးအခေါ်တော်လှန်ရေးလည်းဖြစ်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက ဆိုကြပါတယ်။
ပြည်သွေးနိုင်