မကြာသေးမီက ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီကြား သဘောတူညီမှုတရပ်ကို တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ရရှိခဲ့ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီဘက်ကလည်း အသေးစိတ်အချက်အလက်ကို မထုတ်ပြန်ပေမဲ့ သဘောတူညီမှုရရှိကြောင်း၊ စေ့စပ်ပေးတဲ့ တရုတ်ကို ကျေးဇူးတင်ကြောင်းစသဖြင့် ပြောကြားထားပါတယ်။ ဒီသဘောတူညီချက်က ဘယ်အတိုင်းအတာထိ ရိုက်ခတ်ပြီး၊ မြန်မာ့ဒီမိုကရေစီရေးမှာ တရုတ်ကို ဘယ်လောက် အားထားနိုင်သလဲ ဆိုတာတွေကို ဒီတပတ်အယ်ဒီတာနဲ့ ဆွေးနွေးခန်းအစီအစဉ်မှာ ဦးကျော်ဇံသာကို မမြသဇင်အောင်က ဆွေးနွေးမေးမြန်းထားပါတယ်။
မမြသဇင်အောင် ။ ။ မင်္ဂလာပါ ဦးကျော်ဇံသာ။ ရှမ်းမြောက်ကိစ္စမှာ တရုတ်က ကြားဝင်စေ့စပ်ပေးတာဟာ၊ သဘောတူညီမှုတွေ ရတယ်ဆိုပြီးတော့ သတင်းတွေ ထွက်နေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုသဘောရပါသလဲ။
ဦးကျော်ဇံသာ ။ ။ ရှမ်းမြောက်ကို တိုက်ပွဲဖြစ်ပြီးကတည်းက တရုတ်က စေ့စပ်ပေးခဲ့တာ လေးငါးကြိမ် ရှိခဲ့ပြီ ထင်ပါတယ်။ အဲဒီကြားထဲမှာ သဘောတူညီမှု ရရှိပြီလို့ သတင်တွေထွက်လိုက်၊ ပြန်တိုက်လိုက် အဲဒီလို ဖြစ်ဖြစ်လာခဲ့တာ အခုတကြိမ်ကတော့ သဘောတူညီမှုရတယ်ဆိုတဲ့ သတင်းကတော့ တော်တော်ကျယ်ကျယ်ပြန့်ပြန့် ထွက်လာတော့ ဒီတကြိမ်မှာတော့ သဘောတူညီမှုရတာ မှန်နိုင်တယ်လို့ ယူဆရပါတယ်။ လူတွေကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ သိပ်စိတ်ဝင်စားတယ် ဒီသတင်းကို။ စိတ်ဝင်စားတော့ လူတွေရဲ့ သုံးသပ်အမြင်ကိုကြည့်ရင် တချို့ကလည်း အကောင်းမြင်ကြတယ်။ ငြိမ်းချမ်းရေး ရသွားတယ်ဆိုတော့ တရုတ်နယ်စပ်ကုန်သွယ်ရေး လမ်းပွင့်သွားမယ်၊ အဓိကအားဖြင့် မြန်မာနိုင်ငံက ကုန်စည်တွေ၊ ဟိုဘက်ကလာတာတွေ အဲဒီပြသာနာတွေ ပြေလည်သွားနိုင်တယ်။ နောက်တခါ ရှမ်းမြောက်ပြည်သူတွေ ဘ၀ နေသာထိုင်သာ ရှိသွားမယ်။ နောက်ပြီးတော့ ရှမ်းမြောက်က တိုင်းရင်းသား ကိုးကန့်ဒေသ၊ သူတို့လိုချင်တဲ့ နယ်မြေတွေကို သူတို့ ရသွားမယ် စသည်ဖြင့် အဲဒီလို အကျိုးတွေ ရှိတဲ့အတွက်ကြောင့် ကောင်းတယ်လို့ တချို့က မြင်ကြတာ ရှိပါတယ်။ တချို့ကလည်း ဒီသုံးပါတီ စတိုက်တုန်းကတော့ တနိုင်ငံလုံး၊ ပြည်ထောင်စုတခုလုံး လွတ်မြောက်ရေး၊ ဒီမိုကရေစီ ရရှိရေးဆိုပြီး၊ အခုကြတော့ ဘယ်လိုလုပ်လိုက်တာလဲဆိုပြီးတော့လည်း တချို့က မကျေမချမ်းနဲ့ ပြောကြတဲ့ လူတွေလည်း ရှိကြပါတယ်။ အမြင်မြင်အမျိုးမျိုး ရှိနေတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။
မေး ။ ။ အွန်လိုင်းမှာ ပျံ့နေတဲ့ သတင်းတွေမှာတော့ အသေးစိတ်အချက်အလက်တွေနဲ့ ဖော်ပြတာကို တွေ့ပါတယ်။ စစ်ကောင်စီဘက်က ပြောခွင့်ရကတော့ ဒါကို အသေးစိတ် ထုတ်ဖော်ပြောကြားတာ မရှိပါဘူး။ ဒီပေါ်မှာ ဘယ်လိုနှိုင်းယှဉ်ပြီး ပြောရပါမလဲ။
ဖြေ ။ ။ အွန်လိုင်းမှာ ပျံ့နေတဲ့ သတင်းတွေက တစ်ရက်နှစ်ရက်လောက်ရှိပြီ ထင်ပါတယ်။ အဲဒီအခါမှာမှ စစ်ကောင်စီက မလွှဲမရှောင်သာ ပြန်ပြောလာရတဲ့ သဘောဆိုပြီးတော့ ဖြစ်ပါတယ်။ အဲဒီလို စစ်ကောင်စီက ထုတ်ပြန်တဲ့နေရာမှာလည်း အွန်လိုင်းမှာ ပျံ့နေတဲ့ အချက်အလက် ၅ ချက်လောက်ရှိမယ် ထင်ပါတယ်။ အဲဒါတွေကို အကုန်လုံး ပယ်ချထားတာ မဟုတ်ပါဘူး။ လွှမ်းခြုံပြီးတော့ စစ်ကောင်စီပြောတာက - ကျနော်တို့က ဒီသဘောတူညီချက်ကို အပြင်ကို မပြောစတမ်းဆိုပြီး သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကောလာဟလတွေ ပျံ့နေတယ်။ လိုရာဆွဲပြောနေကြတယ်။ အဲဒါကြောင့် ကျနော်တို့ ဖြေရှင်းပါရစေဆိုပြီးတော့ ပြောပြန်တယ်။ အချက်အလက်တွေကို မပြောပါဘူး။ အကုန်လုံး ယေဘူယျလွှမ်းခြုံပြီးတော့ ပြောခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အွန်လိုင်းမှာ ပျံ့နေတဲ့ အချက်အလက်တွေထဲ ကြည့်မယ်ဆိုရင်တော့ အရေးကြီးတဲ့အချက်တွေကို ဖော်ပြထားပါတယ်။ ဒီအပစ်အခတ်ကို ရပ်စဲမယ်။ ရပ်စဲပြီးတော့ တပ်ဿှစ်ခု မျက်နှာချင်းဆိုင် မတွေ့အောင်လို့ လုပ်မယ်။ ပြီးတော့ သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို ကိုးကန့်ရဲ့ အာဏာပိုင်ဆိုင်မှု လက်အောက်မှာထည့်မယ်။ နောက်ပြီးတော့ တရုတ်နယ်စပ် ကုန်သွယ်ရေး မပျက်စီးအောင် လုပ်ထားမယ်။ အဲဒီမှာ လုပ်တဲ့နေရာမှာ ၇၀ ရာခိုင်နှုန်းကို ဒေသခံတိုင်းရင်းသားအဖွဲ့က ရပြီးတော့ သူတို့ဟာ တရားဝင်အစိုးရအဖြစ် ကိုယ်ပိုင်အုပ်ချုပ်အစိုးရအဖြစ်နဲ့ အသိအမှတ်ပြုတယ်။ သူတို့ကရမယ်။ ၃၀ ရာခိုင်နှုန်းကိုတော့ ဒီဘက်ကယူမယ် စသည်ဖြင့် ပြောထားတယ်ဆိုတော့ အတော်လေး အသေးစိတ်ကျတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။ ဒီဟာကို ကြည့်မယ်ဆိုရင်တော့ လောလောဆယ်မှာ ရှမ်းမြောက်က ဒေသခံတိုင်းရင်းသားတွေဘက်က အသာစီးရတဲ့ အချက်အလက်တွေပါ။ အဲဒါကြောင့်လည်း စစ်ကောင်စီက ဒီဟာကို အဓိကဝန်မခံလိုဘဲနဲ့ ကျနော်တို့က အချုပ်အခြာအာဏာ ပဲ့ပါမသွားဘူး၊ တရုတ်ကိုလည်း ကျေးဇူးတင်ပါတယ်တို့နဲ့ ပြောဆိုတာ ဖြစ်ပါတယ်။ ရှမ်းမြောက်က တိုင်းရင်းသားအဖွဲ့တွေကို နယ်မြေပေးလိုက်ရတာ၊ သူတို့က နယ်မြေထိန်းချုပ်မှုနဲ့ စီးပွားရေး တော်တော်ရရှိသွားတာတွေကလည်း အချုပ်အခြာအာဏာကို ထိခိုက်တာ မဟုတ်ပါဘူး။ သူက အနှောင်အသွားလွတ်အောင် စစ်ကောင်စီဘက်က ပြောသွားခြင်းဖြစ်တယ်လို့ ယူဆရပါတယ်။
နောက်ပြီးတော့ ကျနော်တို့ အခုဆွေးနွေးနေတာ တနင်္လာနေ့ဆိုတော့ ဒီကိစ္စအသေးစိတ်တွေ ဘယ်လိုဖြစ်လာမလဲ။ ကျနော်တို့ အသံလွှင့်တဲ့ ဗုဒ္ဓဟူးနေ့ကျရင် အဲဒီကြားထဲမှာ အပြောင်းအလဲတွေ ရှိကောင်းရှိလာနိုင်ပါတယ်။ အဲဒါကိုလည်း စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
မေး ။ ။ တကယ်လို့ အွန်လိုင်းမှာ ပျံ့နေတဲ့ အချက်တွေသာ မှန်ကန်ခဲ့မယ်ဆိုရင် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိနိုင်ပါသလဲ။
ဖြေ ။ ။ စောစောကပြောခဲ့သလို အဲဒီလိုသာဆိုရင် စစ်ကောင်စီကတော့ နည်းနည်းအသက်ရှူပေါက် ရသွားမှာပေါ့။ ရှမ်းမြောက်က တိုင်းရင်းသားဒေသတွေကလည်း သူတို့လိုချင်တဲ့ အချက်အလက်တွေ ရရှိသွားပြီဆိုပြီးတော့ တွက်နိုင်ပါတယ်။ ဆိုတော့ နှစ်ဘက်လုံးက အဆင်ပြေတယ်။ စစ်ကောင်စီက နယ်မြေအားဖြင့် အာဏာပိုင်စိုးမှုအားဖြင့် စီးပွားရေးချုပ်ကိုင်မှုအားဖြင့် အလျှော့ပေးရတဲ့သဘော ရှိပေမဲ့၊ သူတို့က လောလောဆယ်မှာတော့ ထွက်ပေါက်ရသွားတာပေါ့။ မဟုတ်ရင် သူတို့ အရှုံးနဲ့ပဲ စစ်မြေပြင်မှာ ရင်ဆိုင်နေရတယ်။ ထွက်ပြေးတာတွေ၊ လက်နက်ချတာတွေ အများကြီးကြုံနေရတော့ ဒီပြသာနာကတော့ ရှမ်းမြောက်ဒေသမှာတော့ လွတ်သွားမှာ ဖြစ်ပါတယ်။ သို့သော်လည်းပဲ စောစောကပြောခဲ့သလိုပါပဲ ပြည်သူတွေကတော့ တချို့ကတော့ မကျေနပ်ဘူးပေါ့။ အကုန်လုံး ဒီမိုကရေစီရအောင် ဆက်တိုက်မယ်ဆိုလို့ပြောတယ်ဆိုတော့။ ရှမ်းမြောက်မှာ တိုက်ပွဲပြီးသွားပေမဲ့လဲ ကျန်တဲ့နေရာတွေမှာ စစ်ကောင်စီက ဟိုဘက်က အင်အားကို ပြန်ပြီးသုံးကောင်း သုံးလာနိုင်တဲ့ သဘောလည်း ရှိနေပါတယ်။
မေး ။ ။ ဒီတော့ ဦးကျော်ဇံသာ ပြောချင်တာက ရှမ်းမြောက်မှာသုံးမယ့် အင်အားတွေကို စစ်ကောင်စီက တခြားနေရာတွေမှာ ဖိပြီးတော့ သုံးလာနိုင်တယ်ဆိုတဲ့ သဘောလား။
ဖြေ ။ ။ ဟုတ်ပါတယ်။ ဒီစစ်ပွဲပြီးတဲ့နောက်မှာပဲ ရှမ်းမြောက်မှာ တိုက်ပွဲဖြစ်ပြီးတော့ ခဏလေး သဘောတူညီမှုရတယ်လို့ ကြာတဲ့အခါမှာ စစ်ကောင်စီက အင်အားနဲ့ဖိပြီး ကော်လင်းကို ပြန်ပြီးသိမ်းသွားတာ ကြည့်မယ်ဆိုရင် စစ်ကောင်စီကတော့ ကျန်တဲ့နေရာမှာ အဲဒီလိုပဲ လုပ်လာမယ့်သဘောကို တော်တော်လေး ထင်ထင်ရှားရှား တွေ့နေရပါတယ်။ အဲဒါကတော့ တော်လှန်ရေးအင်အားစုတွေဘက်က အဓိက စဉ်းစားစရာအချက်ပေါ့။
မေး ။ ။ အဲဒီတော့ AA နဲ့ ရခိုင်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေ အခြေအနေက တရုတ်က ရှမ်းမြောက်မှာလိုပဲ ရခိုင်မှာကော အဲဒီလို ကြားဝင်ပြီးတော့ စေ့စပ်ပေးလာနိုင်ပါသလား။
ဖြေ ။ ။ ဒီကိစ္စကို လူတိုင်း တော်တော်လေး စိတ်ဝင်စားကြပါတယ်။ အခုလောလောဆယ်မှာတော့ အခုဆွေးနွေးပွဲမှာ ရခိုင်ကိစ္စမပါပါဘူး။ အဲဒါကို AA ရဲ့ ဒုစစ်ဦးစီးချုပ်ဖြစ်တဲ့ ဒေါက်တာညိုထွန်းအောင်က ပြောလိုက်တာ ကြားလိုက်ပါတယ်။ လောလောဆယ်မှာ ရခိုင်ကိစ္စကို မဆွေးနွေးဘူးဆိုတာ။ သူ့စကားကို သေချာနားထောင်ကြည့်ရင် လောလောဆယ်မှာ မပါဘူးဆိုတော့၊ နောင်ပါလာနိုင်တဲ့သဘောပေါ့။ ပါနိုင်ရင် ဘယ်အတိုင်းအတာအထိ ဖြစ်လာမလဲ။ အဲဒါက သိပ်စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ရခိုင်ကိစ္စဟာ ရှမ်းမြောက်လောက် တရုတ်က မင်း ဒါတွေယူသွား၊ ဒီလောက်နဲ့ရပ်လိုက်၊ တော်ပြီ၊ ဒီဟာဖွင့်ထားဆိုပြီး ပြီနိုင်တဲ့ကိစ္စ မဟုတ်ပါဘူး။ တရုတ်ရဲ့ အကျိုးစီးပွားဟာ ရှမ်းမြောက်အကျိုးစီးပွားထက် ရခိုင်မှာ ပိုများပါတယ်။ မဟာဗျူဟာအရ ထွက်ပေါက်ရနိုင်တယ်။ အဲဒီကနေ အိန္ဒိယသမုဒ္ဒရာကို။ ရခိုင်ကတဆင့် ရေနက်ဆိပ်ကမ်း၊ အထူးစီးပွားရေးဇုန်၊ ပိုက်လိုင်းတို့ ရှိနေတယ်ဆိုတော့ သိပ်အရေးကြီးတဲ့ကိစ္စပါ။ အဲဒါအပြင် တရုတ်တယောက်တည်းသဘောနဲ့ လုပ်ပြီးတော့ အခုတောင်မှ အိန္ဒိယက စိုးရိမ်နေပြီ။ တရုတ်လုပ်နေတဲ့ ကျောက်ဖြူက စီမံကိန်းတွေနဲ့ စစ်တွေမှာ အိန္ဒိယ တည်ဆောက်နေတဲ့ ကုလားတန် ဘက်စုံစီးပွားရေးဟာ မိုင် ၆၀ လောက်ပဲ ဝေးတာ။ အိန္ဒိယကလည်း အဲဒါကို စောင့်ကြည့်နေတော့၊ တရုတ်က သူ့တယောက်တည်းသဘောနဲ့ လုပ်မလား။ ကျနော့်အထင် အိန္ဒိယနဲ့ တရုတ်တို့ ငြိ့မယ်ဆိုတဲ့ အချက်ကတော့ ဒီမှာမဖြစ်နိုင်ဘူးလို့ ထင်ပါတယ်။ အိန္ဒိယကလည်း စိုးရိမ်နေတယ်။ အခု ရခိုင်မှာ တရုတ်က အတော်ဩဇာကြီးနေပြီ။ ငါတို့က AA တို့ဘာတို့နဲ့ ဆက်မှဖြစ်မယ်ဆိုပြီးတော့ အိန္ဒိယသတင်းစာဆရာတွေက တော်တော်များများ တိုက်တွန်းရေးနေတယ်ဆိုတော့ ရှမ်းမြောက်မှာ လုပ်သလိုပါပဲ၊ AA ကို နယ်မြေတချို့ ပေးပြီးတော့ - မင်းတို့ ဒီမြို့ ဒီမြို့တွေ ယူပြီးတော့ တရုတ်နဲ့လုပ်တဲ့ စီးပွားရေးက အတိုင်းအတာတချို့အထိ - မင်းတို့ ဒီလောက်ယူဆိုတာမျိုးနဲ့ လုပ်မလား။ AA လက်ခံမလား။ သိပ်ပြီးတော့ စဉ်းစားရခက်တဲ့ကိစ္စ ဖြစ်ပါတယ်။ တခုလည်း စိုးရိမ်စရာ ရှိတယ်။ တရုတ်က ယုံကြည်အားထောက်လောက်တဲ့ မဟာမိတ်မဟုတ်ဘူးလို့ပြောရင် မှားမယ်မဟုတ်ပါဘူး။ ကျနော် ဘာကိုအထောက်အထား ပြချင်သလဲဆိုရင် အရင်တုန်းက ဗမာပြည်ကွန်မြူနစ်ပါတီကို တရုတ်ကွန်မြူနစ်ပါတီက ညီနောင်ပါတီဆိုပြီးတော့ လည်ပင်းဖက်ပြီး ပေါင်းလာခဲ့တာပါ။ သူတို့ရဲ့ ထောက်ခံမှုကြောင့်လည်း ဗမာပြည်ကွန်မြူနစ်ပါတီက အတော်လေး အသက်ရှည်လာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့လဲ တိန်ရှောင်ဖိန်တက်ပြီး နောက်ပိုင်းမှာ ဗမာပြည်ကွန်မြူနစ်တွေကို ထိုးကျွေးလိုက်တယ်။ အဲဒီဒေသမှာ စီးပွားရေးလုပ်မယ်။ နယ်စပ်ကုန်သွယ်ရေး ဆိုပြီတော့။ အဲဒီလို လုပ်လိုက်တဲ့အခါကြတော့ ဗမာပြည်ကွန်မြူနစ်ပါတီက ဒါကို မလိုလားဘူး။ ကျနော် ကြားရတာက အဲဒီမှာ ဖတ်ရတာ ကြားမိတာက တိန်ရှောင်ဖိန်နဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌ သခင်ဗသိန်းတင် ဆွေးနွေးတဲ့အခါ သခင်ဗသိန်းတင်က အပြင်းအထန် ကန့်ကွက်ပြီးတော့ အထောက်အထားတွေနဲ့ မလုပ်ပေးဘူးဆိုတာကို ပြောတယ်။ တရုတ်ပြည်ခေါင်းဆောင် တိန်ရှောင်ဖိန်က စိတ်ဆိုးပြီးတော့ အစည်းအဝေးကနေ ထွက်သွားတယ်လို့ ပြောပါတယ်။ ပြီးတော့ ထိုးကျွေးလိုက်တာပဲ။ တရုတ်ကို ယုံရင်တော့ အဲဒီလို ထိုးကျွေးခံရလေမလားဆိုတာလဲ သူတို့က စိုးရိမ်ကြတာ ဖြစ်ပါတယ်။ အခုလည်း သိလိမ့်မယ် ထင်ပါတယ်။ ရခိုင်ရေးကတော့ ဘယ်လိုဖြစ်လာမလဲဆိုတာကို ဆက်လက်ပြီးတော့ စောင့်ကြည့်ရမယ်။ စိတ်ဝင်စားစရာ အကောင်းဆုံးအခန်းလို့ ပြောချင်ပါတယ်။
မေး ။ ။ အဲဒီတော့ တရုတ်ရဲ့ ဒီလိုမျိုး ငြိမ်းချမ်းရေး ကြားဝင်စေ့စပ်တာက မြန်မာ့ငြိမ်းချမ်းရေးအတွက် ရေရှည်မှာ အားကိုးနိုင်ပါ့မလား။
ဖြေ ။ ။ အားမကိုးနိုင်ဘူးလို့ပဲ ပွင့်ပွင့်လင်းလင်း ပြောရမှာ ဖြစ်ပါတယ်။ တရုတ်က သူတို့အကျိုးစီးပွားအတွက် အခုဆိုရင် အကန့်အသတ်နဲ့ သူ့အကျိုးစီးပွားဖြစ်အောင် လုပ်လိုက်ပြီ။ ဒါပေမဲ့ သူက မြန်မာနိုင်ငံမှာ ရေရှည်ငြိမ်းချမ်းရေး ဆိုတာဟာ ကျနော်တို့ ပြောခဲ့သလိုပါပဲ စစ်အာဏာရှင် ချုပ်ငြိမ်းရေးဟာ ပထမ target ဖြစ်ပါတယ်။ အဲဒါပြီးမှ တိုင်းရင်းသား ညီညွှတ်ရေး ဘာညာဆိုတာကို လုပ်ကြမှာ ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ် ပြုတ်ကျရေးဆိုတာကို တရုတ်က လိုလားပါ့မလား။ စစ်အာဏာရှင် ပြုတ်ကျပြီးတော့ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံအဖြစ် မြန်မာနိုင်ငံဖြစ်သွားမှာကို တရုတ် ကြိုက်ပါ့မလားဆိုတာ အဓိကမေးခွန်းပါပဲ။ ဒီမိုကရေစီနိုင်ငံ ဖြစ်သွားရင်၊ အနောက်နိုင်ငံတွေနဲ့ အမေရိကန်တို့နဲ့ ပိုရင်းနှီးလာမယ်။ သူတို့ ရင်းနှီးမြှုပ်နှံမှုတွေ ဘာတွေ စသည်ဖြင့် ဖြစ်လာမယ်။ ဒါကို တရုတ်က မကျေနပ်နိုင်ပါဘူး။ တရုတ်ကလည်း သူကိုယ်တိုင်ကလည်း တစ်ပါတီ အာဏာပြပြီး အုပ်စိုးနေတဲ့စနစ် ဖြစ်တယ်ဆိုတော့ စစ်ကောင်စီဟာ သူ့အတွက် ပိုပြီတော့ ဆက်ဆံရ၊ ပြောဆိုရ၊ သူပြောတာ နားထောင်မယ့်သဘော ရှိနေတယ်ဆိုတာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာသာ တကယ့် လူထုကိုယ်စားပြုတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီအစိုးရ တက်လာရင်တော့ မြန်မာပြည်သူလူထုရဲ့ တရုတ်ပေါ် သဘောထားကလည်း သိပ်ပြီးတော့ ရင်းရင်းနှီးနှီး မဟုတ်ဘူး။ နည်းနည်းခါးခါးသီးသီး ဖြစ်နေတယ်ဆိုတော့ အဲဒီလို အစိုးရမျိုးကို တရုတ်က လိုချင်ဟန် မရှိပါဘူး။ ဒါကို ကြည့်ကတည်းက တရုတ်သည် မြန်မာနိုင်ငံ ရေရှည်ငြိမ်းချမ်းရေးအတွက် လုပ်ပေးပါ့မလားဆိုတာ စဉ်းစားစရာ ရှိပါတယ်။ အစတုန်းက သုံးသပ်သူတွေကလည်း အမြဲတမ်းပြောကြတယ်။ တရုတ်က လှေနံနှစ်ဘက်နင်းပြီး - တိုင်းရင်းသားအင်အားစုတွေကို သူတို့ရဲ့ နိုင်ဖဲအဖြစ် သုံးပြီးတော့ စစ်ကောင်စီကို၊ မြန်မာနိုင်ငံရဲ့ ဗဟိုအစိုးရ၊ ဘယ်အစိုးရဖြစ်ဖြစ် သူတို့က ဖိနှိပ်ကစားနေတာ ဖြစ်တယ်ဆိုပြီးတော့ ပြောပါတယ်။ အဲဒီလိုပြောတာ အခုလည်း တွေ့ရပြီပဲ။ ရှမ်းမြောက်ကိစ္စမှာပဲ ညီနောင်မဟာမိတ်သုံးဖွဲ့ ဝင်တိုက်တုန်းက တရုတ်က ပယောဂကင်းတယ်လို့ ပြောအုံးတော့ တရုတ်က သိခဲ့တယ်။ မသိကျိုးကျွံ ပြုနေခဲ့တယ်။ ၀ကတဆင့် လက်နက်တွေ ပေးခဲ့တယ်ဆိုပြီးတော့ ပညာရှင်တွေ သုံးသပ်သူတွေ အများကြီးပြောနေကြပါတယ်။ တရုတ်က သူ့အကျိုးအတွက်သာ အဖိအဖော့ လုပ်ပေးတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြည်သူတွေ မျှော်မှန်းနေတဲ့ ထာ၀ရ ငြိမ်းချမ်းရေးရရှိအောင် အားကိုးလောက်တဲ့ မဟာမိတ်လိုတော့ ပြောဖို့ အင်မတန်ခက်ပါတယ်။
မေး ။ ။ အဲဒီတော့ အခုဒီကိစ္စကို မှန်းပြီးတော့ ကြည့်မယ်ဆိုရင် ဒီကိစ္စဟာ မြန်မာပြည်သူတွေ လိုလားနေတဲ့ ငြိမ်းချမ်းသာယာရေးအတွက် အရိပ်အရောင် လမ်းစတခု ဖြစ်နိုင်မလား။
ဖြေ ။ ။ တရုတ်ကိုတော့ ဘေးဖယ်လိုက်ပြီးတော့ တိုင်းရင်းသားအင်အားစုတွေ အကုန်လုံးတွေနဲ့ သူတို့က ညှိနှိုင်းဖြေရှင်းမှ ရမယ်ဆိုတာကို သဘောပေါက်ကြရင်တော့ ညှိနှိုင်းဖြေရှင်းမယ့် အဆင့်ကို ရောက်ကောင်းရောက်လာနိုင်ပါတယ်။ တချို့ တိုင်းရင်းသားခေါင်းဆောင်တွေကလည်း စစ်ကောင်စီကို တိုင်းရင်းသားခေါင်းဆောင်ဆိုတာ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် KIA က ပြောသွားတာကို အင်တာဗျူးတခုမှာ ကြားရပါတယ်။ သူတို့က စစ်တပ်ကို လုံး၀ချေမှုန်းပစ်လိုက်လို့ မရဘူး။ ဒီစနစ်ကို ဖယ်ရှားပစ်ဖို့၊ တိုက်ဖျက်ပစ်ဖို့သာ ဖြစ်တယ်။ အဲဒါကို လုံး၀ချေမှုန်းပစ်ဖို့ မဟုတ်ဘူး။ သူတို့က အင်မတန် မှန်ကန်တဲ့သဘောထားကို ကြားရတော့ အင်မတန်အားတက်စရာကောင်းပါတယ်။ အဲဒီသဘောမျိုး ရှိရင်တော့ ညှိနှိုင်းတဲ့သဘောမျိုး ဖြစ်လာနိုင်ပါတယ်။ သို့သော်လဲပဲရေရှည်မှာ စစ်အာဏာရှင်စနစ် ရှိနေသမျှ အားလုံး စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုဆိုတာ ဖြစ်နိုင်ပါ့မလားဆိုတာကတော့ သိပ်ပြီးတော့ မေးခွန်းမေးစရာတခု ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်နဲ့ ဒီမိုကရေစီဆိုတာ ပြဒါးတလမ်း သံတလမ်းပေါ့။ ဘာမှ မဆိုင်ပါဘူး။ ရေရှည် ဒီမိုကရေစီ၊ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေးဆိုတာကတော့ စစ်အာဏာရှင်စနစ် မရှိတော့တဲ့နောက်ပိုင်းမှာမှ စစ်တပ်ကိုယ်တိုင်က သိပြီးတော့၊ သူတို့ကို ဖယ်ရှားပစ်ဖို့ပြောတာ မဟုတ်ဘူး။ ဗိုလ်ချုပ်ကြီးဂွမ်မော် ပြောသလိုပဲ သူတို့ကိုယ်တိုင်က ဒီဟာကို လက်ခံပြီးတော့ ငါတို့ဟာ နိုင်ငံရေးအရ ဘေးဆုတ်ပြီးတော့၊ ပြည်သူတွေရဲ့ ဆန္ဒအတိုင်း တိုင်းရင်းသားတွေရဲ့ ဆန္ဒအတိုင်း ညီညီညွှတ်ညွှတ် လုပ်ကြပါလို့အဆင့်ထိ ရောက်သွားရင်တော့ ဖြစ်လာနိုင်တယ်။ မဟုတ်ရင်တော့ မလွယ်သေးဘူးလို့ ပြောရမှာ ဖြစ်ပါတယ်။
မေး ။ ။ ဟုတ်ကဲ့ပါ ဦးကျော်ဇံသာ အခုလို ဆွေးနွေးသုံးသပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်။
Forum