သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုံလောက်တဲ့ ဆေးကုသမှုမရတဲ့အတွက် အိုးဘိုထောင်မှာ နိုင်ငံရေးအကျဉ်းသူတဦး သေဆုံး


Google Earth မြေပုံမှ မြင်တွေ့ရသည့် မန္တလေးတိုင်း မန္တလေးမြို့ရှိ အိုးဘိုအကျဉ်းထောင်
Google Earth မြေပုံမှ မြင်တွေ့ရသည့် မန္တလေးတိုင်း မန္တလေးမြို့ရှိ အိုးဘိုအကျဉ်းထောင်

မန္တလေးမြို့၊ အိုးဘိုအကျဉ်းထောင်မှာ ထောင်ချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူတယောက် ဆေးကုသမှု မလုံလောက်တာမို့ သေဆုံးသွားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများ ကွန်ရက် (PPNM)က ထုတ်ပြန်ပါတယ်။ ကျောက်ကပ်ရောဂါ ခံစားခဲ့ရသလို ကျောက်ကပ်ဆေးဖို့ အချိန်မှီ မလုပ်နိုင်တာနဲ့ အချိန်ပြည့် ဆေးကုသမှုမရတာမို့ အခုလို သေဆုံးခဲ့ရတာလို့ နိုင်ငံရေးအကျဉ်းသားတွေကို ကူညီပေးသူတွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး အလိမ္မာ က ပြောပြပေးမှာပါ။

သေဆုံးသွားတဲ့ နိုင်ငံရေးအကျဉ်းသူဟာ အသက် ၃၅ နှစ်အရွယ် မယဉ်မိုး ဆိုသူ ဖြစ်ပါတယ်။ သူမဟာ စစ်အာဏာသိမ်းပြီးချိန် မန္တလေးမြို့ပေါ်က ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ၂၀၂၁ ခုနှစ်၊ မတ်လမှာပဲ ဖမ်းဆီးခံရပြီး ပုဒ်မ ၅၀၅(က) အမှု နှစ်မှုနဲ့ ထောင်ဒဏ် (၆)နှစ် ချခံထားရတာပါ။

မယဉ်မိုးဟာ ဖေဖော်ဝါရီ ၄ ရက်နေ့မှာ သေဆုံးသွားခဲ့တာဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများ ကွန်ရက် (PPNM) တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ပြောပါတယ်။ သူမဟာ အိုးဘိုအကျဉ်းထောင်မှာ ထောင်ဒဏ်ကျခံရပြီးတဲ့နောက် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လမှာ မြင်းခြံ အကျဉ်းထောင်ကို ပြောင်းရွှေ့ခံခဲ့ရပြီးနောက်မှာ ကျန်းမာရေးကြောင့် မြင်းခြံထောင်ကနေ အိုးဘိုထောင်ကို ပြန်လည် ရွှေ့ပြောင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

"၄ ရက်နေ့က ဆုံးသွားတာဗျ၊ သူကပုံမှန်က ကျောက်ကပ်ရောဂါရှိနေတာ သူမသိသေးဘူးပေါ့နော်။ သူက ၂၀၂၂ ဇူလိုင်လထဲမှာ သူ့ကိုထောင်ပြောင်းတယ်ပေါ့နော်။ ထောင်ပြောင်းပြီးတော့ သူက မြင်းခြံရောက်တဲ့အခါမှာ သူက မြင်းခြံထောင်ဆေးရုံက ကောင်းမွန်စွာ မကုသပေးနိုင်တဲ့နေရာတွေဆိုတော့ကျတော့ သူ့ကို မြင်းခြံထောင်ကနေမှ အိုးဘိုပြန်ပို့လိုက်တာ။ အဲဒီအချိန်အထိက သူ့မှာ ဘာရောဂါဖြစ်နေမှန်းတော့မသိဘူး။ နေမကောင်းဘူး ကိုယ်ခံအားနည်းတယ်ပေါ့၊ ဆေးရုံတက်ရတာလေးတွေတော့ ရှိတယ်ပေါ့။ ဒီဇင်ဘာလလောက်ကျမှ ပြင်ပဆေးရုံကို ၂ ကြိမ်လောက်ပို့တဲ့အခါမှာလည်း ဘာရောဂါမှန်းမသိသေးဘူး။ နှစ်ကြိမ်မြောက်လောက်ကျမှပေါ့နော် သူ့ကို ကျောက်ကပ်ရောဂါရှိတယ်၊ ကျောက်ကပ်ဆေးရမယ်ပြောတယ်။ သူ့ရဲ့အခြေအနေကိုမေးလိုက်တဲ့အခါမှာ နောက်ဆုံးအဆင့်ပေါ့နော်။ ဇန်နဝါရီလထဲမှာသူက ၂ ကြိမ် ထောင်မှာနေလိုက်ရ အရေးပေါ်ဖြစ်လိုက်၊ ပြင်ပဆေးရုံပို့လိုက် နည်းနည်းလေး သက်သာသွားလိုက် ထောင်ကိုပြန်ပို့လိုက်နဲ့ သူ့ကို အဲလိုလုပ်နေတာ။ ပြင်ပဆေးရုံမှာလည်း လုံလောက်တဲ့ စောင့်ကြည့်ခြင်း စောင့်ရှောက်ခြင်း မရတဲ့အခါ ၃ ရက်နေ့လောက်ထိက ကောင်းကောင်းမွန်မွန်ပဲရှိမယ်။ ၄ ရက်နေ့လောက်ကျတော့ ဆုံးသွားတာ"

ကျောက်ကပ်ရောဂါ ခံစားနေရတဲ့ မယဉ်မိုးဟာ ရောဂါမသက်သာဘဲ အကျဉ်းထောင်နဲ့ ဆေးရုံကို မကြာခဏ ကူးပြောင်းခဲ့ရတာ၊ ထောင်တွင်း ဆေးဝါးကုသမှု ညံ့ဖျင်းတာတွေကြောင့် သေဆုံးရတာလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများ ကွန်ရက် (PPNM)က ကောက်ချက်ချပါတယ်။

ပြင်ပဆေးရုံကို ကုသခွင့်ရပေမယ့် သေချာပျောက်ကင်းအောင် လုံလောက်တဲ့ အချိန်နဲ့ ကုသခွင့်၊ သေချာဆေးစစ်ခွင့်တွေ မရခဲ့ဘူးလို့ သူက ပြောပါတယ်။ လက်ရှိ အကျဉ်းထောင်တွေထဲမှာ ကျန်းမာရေး ဆေးကုသခွင့် အားနည်းတာ၊ ကျန်းမာရေးစောင့်ရှောက်ခွင့်တွေ အားနည်းတာ တွေဟာ အဆိုးဝါးဆုံး ကြုံတွေ့နေရတယ်လို့ သူက ပြောပါတယ်။

"ဒါကရိုးရိုးသားသားသေဆုံးမှုမဟုတ်တော့ဘူး။ တိုက်ဆိုင်မှု မဟုတ်တော့ဘူး။ တလရဲ့အစ ပထမပတ်မှာ အနည်းဆုံးတယောက်သေတယ်။ ပြီးရင် ဆက်တိုက်သေကြတာမျိုးတွေရှိတယ်။ ဒီဇင်ဘာကိုပြန်ကြည့်မယ်ဆိုရင် ၄ ယောက်သေခဲ့တယ်။ ဇန်နဝါရီကိုပြန်ကြည့်မယ်ဆိုရင် ၄ ယောက်သေခဲ့တယ်။ ဒီလို တလ တလ ၄ ယောက်နှုန်းနဲ့သာ သေပေးရမယ်ဆိုရင်တော့ တနှစ်မှာ နိုင်ငံရေးအကျဉ်းသားတွေသေရမှာ ၅၀ နှုန်းလောက်ကပ်သွားမယ်။ ဘာပြောချင်တာလဲဆိုတော့ ကျွန်တော်တို့ပြောနေတဲ့ ပြင်ပနိုင်ငံခြားဆေးဝါးတွေကို ထောင်ထဲကို သွင်းခွင့်ရဖို့၊ အချိန်နဲ့တပြေးညီပေါ့နော် ပြင်ပဆေးရုံတွေပို့ခွင့်ရဖို့၊ မပို့ခင်စပ်ကြားမှာလည်း ထောင်ထဲမှာ ထောင်ရဲ့ဥပဒေအတိုင်း လုံလောက်တဲ့ စောင့်ရှောက်မှုပေးဖို့၊ ပြင်ပဆေးရုံကိုပို့တယ်ဆိုရင်တောင်မှ ပြင်ပဆေးရုံမှာ လုံလောက်သော ဆေးဝါးစောင့်ရှောက်မှု ကျန်းမာအောင်ထိမဖြစ်နိုင်ရင်တောင်မှ သက်သာတဲ့ ဆေးဝါး စောင့်ရှောက်မှု တခုအထိ ကုသပေးနိုင်တဲ့အခါမှသာ ထောင်ဆေးရုံကိုပြန်လည်ပို့ဆောင်ပေးဖို့ ပြောချင်ပါတယ်။ "

လက်ရှိတည်ဆဲ အကျဉ်းထောင်ဥပဒေအရ ရောဂါဝေဒနာ တစ်ခုခုခံစားရတဲ့ အကျဉ်းသားတွေကို လိုအပ်တဲ့ ဆေးကုသမှုခံယူဖို့ ထောင်အာဏာပိုင်တွေက စီစဉ်ပေးရမှာ ဖြစ်ပေမယ့် လျစ်လျူရှုထားတာမို့ နိုင်ငံရေးအကျဉ်းသားတွေ အသက် ဆုံးရှုံးနေရတယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်ကလည်း ပြောပါတယ်။ နိုင်ငံတကာဘက်ကလည်း ဒါကို လစ်လျူရှုထားတာမို့ နိုင်ကျဉ်းတွေဟာ ပိုဖိနှိပ်ခံနေရတာ ဖြစ်တယ်လို့ သူက ခုလိုဝေဖန်ပါတယ်။

"အကျဉ်းထောင်တွေကို အဓိပ္ပါယ်ဖွင့်ဆိုရမယ်ဆိုရင်တော့ လူ့အခွင့်အရေးကို အဆိုးဝါးဆုံးနဲ့ အပြင်းထန်ဆုံး ချိုးဖောက်နေတဲ့ ယန္တရားဖြစ်တယ်။ အသက်ရှူလည်းကျပ်တယ်။ နေရထိုင်ရတာကော။ နောက် အသက်ရှူရပ်ဖို့ကလည်းအရမ်းလွယ်တယ်။ လူ့ဂုဏ်သိက္ခာတို့ လူ့တန်ဖိုးတို့ အဲဒါတွေနဲ့ပတ်သတ်လို့ နိုင်ကျဉ်းတွေမှာ သူတို့ထားတဲ့ သဘောထားရပ်တည်ချက်ကတော့ တော်တော်လေးကို ဆိုးဆိုးဝါးဝါးအခြေအနေမျိုးရှိတဲ့အခါကျတော့ ICRC ကလည်း အဲဒီကိစ္စကို ဖိအားပေးပြီးတော့ တောင်းဆိုတာတွေလည်း မတွေ့ရသလို တဖက်မှာလည်း NUG အစိုးရအနေနဲ့ကလည်း ICRC ကနေတဆင့် ဖိအားပေးဖို့အားနည်းတဲ့အခါ နိုင်ကျဉ်းတွေအပေါ်မှာ ပိုသထက်ပိုလေ ဖြစ်လာနေတယ်လို့ ရှုမြင်သုံးသပ်ပါတယ်"
အကျဉ်းထောင်တွေဆီ ထောင်ဝင်စာ ပါဆယ်ပေးပို့ရာမှာ နိုင်ငံခြားဆေးဝါးတွေ ပို့ခွင့် ကန့်သတ်ထားသလို အကျဉ်းထောင်ထဲမှာလည်း လုံလောက်တဲ့ ဆေးဝါး ကုသခွင့်လည်း မရတဲ့အပြင် အရေးပေါ်လူနာတွေကို အချိန်နဲ့တပြေးညီ ပြင်ပဆေးရုံဆီ ပို့ဆောင် ကုသခွင့် မရခဲ့တာတွေကြောင့် နိုင်ငံရေးအကျဉ်းသားတွေ မသေသင့်ဘဲ သေဆုံးနေရတယ်လို့ အကျဉ်းသားတွေကို ကူညီပေးနေသူတွေက ထောက်ပြနေပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းမှာလည်း ကျိုက်မရောထောင်မှာ နိုင်ငံရေးအကျဉ်းသား ၂ဦး ဆေးကုသခွင့် အချိန်မီ မရတာမို့ သေဆုံးခဲ့ရပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် စာရင်းအရ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီကနေ ဒီနေ့အထိ မယဥ်မိုး အပါဝင် အကျဥ်းထောင်တွေမှာ သေဆုံးခဲ့တဲ့ နိုင်ငံရေးအကျဥ်းသား ငါးဦး ရှိခဲ့ပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် တနှစ်ထဲမှာတင် နိုင်ငံရေး အကျဉ်းသား အယောက် ၂၀ ထက် မနည်း ထောင်တွင်းမှာ သေဆုံးခဲ့ပါတယ်။

ထောင်တွင်းအခြေအတွေနဲ့ ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ အကျဉ်းဦးစီးဌာန ပြောခွင့်ရသူ ဒုတိယညွန်ကြားရေးမှူးချုပ်နဲ့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းတို့ကို အကြိမ်ကြိမ် ဆက်သွယ်ပေမယ့် ပြန်လည်ဖြေဆိုတာ မရှိခဲ့ပါဘူး။

နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဖေဖော်ဝါရီ ၆ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သူ ၂၅,၀၀၀ကျော် ဖမ်းဆီးခံထားရပြီး အဲဒီထဲက ၉,၀၀၀နီးပါး ထောင်ဒဏ်တွေ ချမှတ် ခံထားရပါတယ်။ စစ်ကောင်စီဘက်ကတော့ ဒီစာရင်းတွေက ချဲ့ကားထားတဲ့ စာရင်းသာဖြစ်တယ်လို့ ပြန်လည် တုံပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG