သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖယ်ခုံမြို့အနီး တိုက်ပွဲ ပြန်လည် ပြင်းထန်နေ


စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပျက်စီးမှုဖြစ်နေသည့် ဖယ်ခုံမြို့နယ် တနေရာ။ (မှတ်တမ်းရုပ်ပုံ) မတ်လ၊ ၂၀၂၃
စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပျက်စီးမှုဖြစ်နေသည့် ဖယ်ခုံမြို့နယ် တနေရာ။ (မှတ်တမ်းရုပ်ပုံ) မတ်လ၊ ၂၀၂၃

ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့တဝိုက်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေအကြား အခုရက်ပိုင်းအတွင်း တိုက်ပွဲ ပြင်းထန်နေတာကြောင့် သောင်းနဲ့ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ လက်ရှိ မြို့ထဲမှာ ပိတ်မိနေသူတွေလည်း ကျန်ရှိနေသေးတယ်လို့ ထွက်ပြေးလာသူတွေက ပြောပါတယ်။ မြို့ပေါ်ရပ်ကွက်တွေထဲ လက်နက်ကြီးကျည်တွေ နေ့စဉ်ဆိုသလို ကျရောက်ပေါက်ကွဲမှုတွေကြောင့် လူအထိအခိုက်ရှိမရှိ မသိရသေးပေမဲ့ နေအိမ်ပျက်စီးမှုက များပြားနေတယ်လို့ ဆိုပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး အလိမ္မာက တင်ပြပေးမှာပါ။

ဖယ်ခုံမြို့တဝိုက်မှာ အခုရက်ပိုင်းအတွက် နေ့စဉ်ဆိုသလို တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဖယ်ခုံမြို့ကနေ ဘေးလွတ်ရာကို တိမ်းရှောင်နေတဲ့ စစ်ရှောင်တဦးက ဗွီအိုအေကို ပြောပါတယ်။ ဒေသခံအများစုက ဘေးကင်းရာ တခြား မြို့နယ်နဲ့ ကျေးရွာတွေဘက်ကို ထွက်ပြေး တိမ်းရှောင်နေကြပြီး ဖြစ်သလို တချို့ဒေသခံတွေကတော့ မြို့ထဲမှာဘဲ ပိတ်မိနေသေးတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ တစ်လေးလုံး စစ်ဆင်ရေးစတင်ကတည်းက မိုးဗြဲမြို့မှာ တိုက်ပွဲပြင်းထန်ပြီးတဲ့နောက် မြို့ခံအများစုက ဖယ်ခုံမြို့ဘက်ကို တိမ်းရှောင်လာကြပါတယ်။ အခုတခါ ဖယ်ခုံမြို့တဝိုက်မှာပါ တိုက်ပွဲကျယ်ပြန့်လာတာကြောင့် ဘေးလွတ်ရာကို ထပ်မံ တိမ်းရှောင်ရတာလို့ စစ်ရှောင်တဦးက အခုလို ပြောပါတယ်။

“ထပ်ပြောင်းတာ ဒီဖယ်ခုံမှာလည်း စစ်တွေ ထပ်ဖြစ်တာပေါ့နော်။ အရင်က မိုးဗြဲမှာဖြစ်လို့လေ၊ ဖယ်ခုံမှာ လာခိုတယ်။ ဒီဖယ်ခုံလည်းမှာ ထပ်ဖြစ်တော့ ထပ်ရှောင်ရတဲ့ဟာမျိုးတွေပေ့ါ။ (ဖယ်ခုံ)မြို့ပေါ်မှာတော့ ဖြစ်တယ် ပုံမှန်တော့ဖြစ်တယ်။ မနေ့က ရှေ့တစ်ရက်တောင်မှ ဖယ်ခုံမှာပဲ ဖြစ်သေးတယ်။ ပုံမှန်ကတော့ စစ်တပ်ဘက်ကနေ လက်နက်လှမ်းထုတာတို့ လေယာဉ်ကြဲတာတို့ ရှိတာပေ့ါလေ။ တစ်ခါတလေ သူ ပေါင် ၅၀၀(ဗုံး) နဲ့ သူတို့သုံးတဲ့ဟာမျိုးဆို ပြင်းထန်တယ်။”

တိုက်ပွဲကြောင့် စစ်ကောင်စီဘက်က ပေါက်အားပြင်းတဲ့ ပေါင် ၅၀၀ ဗုံးတွေအပြင် လေကြောင်း အသုံးပြုပြီး အပြင်းအထန် ရမ်းသမ်း တိုက်ခိုက်နေတာလို့ ဆိုပါတယ်။ လက်ရှိမှာ ဖယ်ခုံမြို့အတွင်း ပိတ်မိနေတဲ့ ဒေသခံတွေ ကျန်ရှိနေသေးတဲ့ အခြေအနေကိုလည်း စစ်ဘေးရှောင်တဦးက အခုလို ပြောပြပါတယ်။

“မနေ့ကအထိ ပြောတာတော့ ပိတ်မိတဲ့လူတွေ ရှိသေးတယ်၊ ဖယ်ခုံမှာ ပိတ်မိတယ်။ အဲ့ဒါ ထွက်လို့မရသေးဘူးဆိုပြီး ပြောတဲ့လူရှိတယ်။ (စစ်ကောင်စီ)သူတို့က တပ်ထဲကနေပဲ လှမ်းလှမ်းထုတာမျိုးပေါ့။ ရွာသားတွေရှိတဲ့ နေရာတွေ သူတို့လှမ်းထုတာမျိုးတွေ၊ အိမ်တော့ တော်တော်ပျက်စီးကြတယ်။ ရက်တိုင်းလိုလိုတော့ သူတို့က ထုတယ်။ တိုက်ပွဲမရှိလည်း ထုတယ်။ အခုက တိုက်ပွဲ နည်းနည်း ဖြစ်တဲ့ဟာမျိုးဆိုတော့ သူတို့က ပိုပြီးမှ ထုတာပေါ့။”

ဖယ်ခုံမြို့ပေါ်ရပ်ကွက်တွေမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ လူအထိအခိုက်ရှိ မရှိမသိရသေးပေမယ့် နေအိမ်ပျက်စီးမှုတွေက အများအပြားရှိတယ်လို့ ပြောပါတယ်။ ဖယ်ခုံမြို့ဖက်မှာ ဖုန်းလိုင်း အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရပြီး မြို့ထဲမှာ ပိတ်မိနေတဲ့ ဒေသခံတွေ အဆက်အသွယ်ရဖို့ ခက်ခဲနေပါတယ်။ ဖယ်ခုံတိုက်ပွဲနဲ့ ပတ်သက်လို့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ နှစ်ဖက်စလုံးက တစုံတရာ ထုတ်ပြန်တာမရှိသေးသလို VOA ကလည်း ဆက်သွယ်လို့ မရသေးပါဘူး။

ဖယ်ခုံမြို့နယ်အတွင်း ရွှေပြည်အေးနဲ့ လွယ်ပတာ စခန်းကုန်းတွေကို ပူးပေါင်းမဟာမိတ် တော်လှန်ရေးအင်အားစုတွေက ဒီဇင်ဘာလ တတိယအပတ်လောက်မှာ သိမ်းပိုက်ရရှိခဲ့တဲ့ကြောင်း မိုးဗြဲ-ဖယ်ခုံ စစ်ဆင်ရေး မဟာမိတ်အင်အားစုတွေက ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။ ဒါအပြင့် ဖယ်ခုံမြို့ အဝင်အထွက် နေရာကိုလည်း ထိန်းချုပ်ထားနိုင်တယ်လို့ ဆိုပါတယ်။

လွယ်ပတာကျေးရွာနဲ့ ၈မိုင်အကွာ ခေါင်းအိ ကျေးရွာ၊ စက်တော် ကျေးရွာ၊ လယ်လုံ ကျေးရွာ စတဲ့ ၃ ရွာက လူဦးရေ ၁,၀၀၀ လောက်က နေရပ် ပြန်လာနေကြပြီလို့ ခေါင်းအိ ရွာခံတဦးက ဗွီအိုအေကို ပြောပါတယ်။ ဒါပေမယ့် လွယ်ပတာကျေးရွာတောင်ပိုင်းကနေ ဖယ်ခုံမြို့အထိ ပြီးခဲ့တဲ့ ၈ ရက်နေ့အထိ တိုက်ပွဲအသံကြားနေရတာကြောင့် စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။

“လွယ်ပတာတို့ မပြန်နိုင်ဘူးပေါ့။ အခြေအနေက ပြီးခဲ့တဲ့ ၂ရက်၊ ၃ရက်ကတော့ တော်တော်ဆိုးသွားတယ်။ တိုက်ပွဲဖြစ်တယ်။ လွယ်ပတာ ရွာရယ်၊ လွယ်ပတာ ရဲ့ တောင်ဘက်တကျောပေါ့၊ ဖယ်ခုံမြို့အထိပေါ့။ မနေ့ညနဲ့ ဒီရက်ကတော့ ငြိမ်သွားတယ်။ ဒီစိုးရိမ်မှုက အမြဲတမ်း ဖြစ်တာပေါ့၊ လေယာဉ်လည်း ကြောက်ရ၊ လက်နက်ကြီးလည်း ကြောက်ရ အဲ့လိုမျိုးပေါ့။”

စစ်ပြေးရှောင်ဘဝနဲ့ ကာလကြာရှည် ဘေးလွတ်ရာမှာ ဖြစ်သလို နေထိုင်စားသောက်ရပြီး အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်ကြုံတွေ့နေရတာကြောင့် နှစ်ဖက်ပစ်ခတ်မှု တည်ငြိမ်စပြုလာချိန်မှာ ရွာသူ၊ ရွာသားတွေ နေအိမ် ပြန်လာကြတာပါ။ စစ်ရေးတင်းမာမှုတွေ ပြန်ဖြစ်လာရင် ချက်ချင်း ပြေးလွှားနိုင်ဖို့ အထုပ်အပိုး ပစ္စည်းတွေ အဆင်သင့် ပြင်ဆင်ထားကြတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG