အခုအချိန်ကာလဟာ အေးချမ်းတည်ငြိမ်တဲ့နိုင်ငံတွေမှာတော့ မိသားစုဝင်တွေ ဆုံတွေ့ကြ၊မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ အတူ ခရစ္စမတ်ပွဲတော်ဆင်နွဲကြဖို့ ပြင်ဆင်နေကြချိန်ဖြစ်ပါတယ်။ဒါပေမဲ့ စစ်ပွဲတွေ၊ တိုက်ပွဲတွေ နေရာအနှံ့မှာဖြစ်ပွါးနေတဲ့ မြန်မာနိုင်ငံမှာတော့ မိသားစုဝင်တွေပြန်လည်ဆုံတွေ့ကြဖို့ အခြေအနေမပေးသလို ခရစ်ယာန်ဘာသာဝင်တွေအနေနဲ့လည်း ခရစ္စမတ်ပွဲတော်ကို စိတ်အေးချမ်းစွာ ကျင်းပပြုလုပ်နိုင်တဲ့ ပတ်ဝန်းကျင် အနေအထားမျိုးလည်း မရှိပါဘူး။ တိုင်းရင်းသားဒေသတွေ၊ ကျေးလက်ဒေသတွေနဲ့ နယ်စပ်ဒေသတွေ မဆိုထားနဲ့ ရန်ကုန်မြို့လိုနေရာမှာတောင် ဗုံးပေါက်မှုတွေ ဆက်တိုက်ဖြစ်ပွါးနေပြီး မြို့ပြနေ လူထုတွေရဲ့ဘဝဟာလည်းမလုံမခြုံ ကြုံတွေ့နေရတာပါ။
မြန်မာနိုင်ငံမှာ အရပ်သားအစိုးရကိုဖြုတ်ချ၊စစ်တပ်ကအာဏာသိမ်းခဲ့တဲ့ ၂၀၂၁၊ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ဖြစ်ပေါ်လာခဲ့တဲ့ မတည်ငြိမ်မှုနဲ့ ပဋိပက္ခတွေကြောင့် ပြည်သူတွေရဲ့ လူနေမှုဘဝတွေ ဘယ်လောက်အထိဆုံးရှုံး၊ဘယ်လောက်အထိ ထိခိုက်ခံစားနေရတယ်ဆိုတာ ကုလသမဂ္ဂကထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေ၊ကမ္ဘာ့ဘဏ်အစီရင်ခံစာတွေနဲ့ မီဒီယာတွေရဲ့ဖော်ပြချက်တွေက အထင်အရှား မီးမောင်းထိုးပြနေပါတယ်။
"၂၀၂၄ ခုနှစ်အတွက် မြန်မာနိုင်ငံလူသားချင်းစာနာမှုအကူအညီလိုအပ်ချက်နဲ့ တုံ့ပြန်မှုအစီအစဉ်”ဆိုတဲ့ အစီရင်ခံစာကို ကုလသမဂ္ဂနဲ့ လူသားချင်းစာနာမှုကူညီရေးမိတ်ဖက်အဖွဲ့အစည်းတွေက ၂၀၂၃၊ ဒီဇင်ဘာ၁၈ ရက်နေ့မှာထုတ်ပြန်ခဲ့တာတွေ့ရပါတယ်။ အဲဒီထုတ်ပြန်ချက်မှာ "မြန်မာနိုင်ငံတွင်စစ်တပ်အာဏာသိမ်းပြီး သုံးနှစ်နီးပါးအကြာတွင် အရပ်သားများ နေရပ်နှင့်အိုးအိမ်စွန့်ခွာထွက်ပြေးရခြင်း၊ စီးပွားရေးကျဆင်းခြင်း၊အခက်အခဲများကြုံတွေ့နေရသည့်ကျန်းမာရေးစနစ်၊မြောက်မြားစွာသော အသက်မွေးဝမ်းကျောင်းများ ဆုံးရှုံးရခြင်းစသည့် ပဋိပက္ခများ မကြုံစဖူးမြင့်တက်လာနေပါသည်”လို့ ထောက်ပြထားပါတယ်။ ဒါ့အပြင် ၂၀၂၄ ခုနှစ်မှာ မြန်မာနိုင်ငံလူဦးရေရဲ့ သုံးပုံ တစ်ပုံနီးပါးဖြစ်တဲ့ လူဦးရေ ၁၈.၆ သန်းဟာ လူသားချင်းစာနာမှုအကူအညီတွေလိုအပ်မယ်။စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း အိုးအိမ်စွန့်ခွါ ထွက်ပြေးတိမ်ရှောင်ရသူအရေအတွက်ဟာ ၂ သန်းကျော်ရှိတယ်။မြန်မာကလေးငယ် ၆ သန်းဟာ လူသားချင်းစာနာမှုအကူအညီလိုအပ်နေပြီး၊ကလေးငယ် ၄ သန်းကျော်ဟာ ပညာသင်ခွင့်ပျောက်ဆုံးနေ တယ်လို့ လည်း ကုလသမဂ္ဂအစီရင်ခံစာက ဆိုပါတယ်။
ကမ္ဘာ့ဘဏ်ကလည်း မြန်မာ့စီးပွါးရေးအခြေအနေဆိုင်ရာအစီရင်ခံစာကို ၂၀၂၃၊ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။အဲဒီအစီရင်ခံစာမှာ မြန်မာ့စီးပွါးရေးဟာ နလံမထူဖြစ်နေပြီး တိုးတက်မှုနှုန်းဟာ အနည်းငယ်သာရှိမယ်။၂၀၂၄၊မတ်လ ဘတ်ဂျက်နှစ်ကုန်ချိန်မှာ စီးပွါးရေးတိုးတက်မှုနှုန်းဟာ ၁ ရာခိုင်နှုန်းသာရှိမယ်လို့ ခန့်မှန်းထားပါတယ်။ဒါ့အပြင် အရှေ့အာရှနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံဟာ ကိုဗစ်-၁၉ (Covid-19) ကပ်ရောဂါမတိုင်မီ အခြေအနေကို ပြန်မရောက်နိုင်သေးတဲ့ တစ်ခုတည်းသောနိုင်ငံဖြစ်တယ်လို့လည်း ကမ္ဘာ့ဘဏ် အစီရင်ခံစာက ထောက်ပြထားပါတယ်။
ပြီးခဲ့တဲ့ဒီဇင်ဘာလဆန်းကစပြီး ဒီဇယ်၊ဓာတ်ဆီပြတ်လပ်တာနဲ့ ကြုံခဲ့ရပါတယ်။အဲဒီအကျိုးဆက်ကြောင့် စက်မှုဇုန်တွေ အချိန်ပြည့် မလည်ပတ်နိုင်တော့ပါဘူး။ဒီအကြောင်းကို ဧရာဝတီသတင်းဌာနက စက်မှုဇုန်လုပ်ငန်းများစက်သုံးဆီမရ၍ လုပ်ငန်းတစ်ချို့ အချိန်ပိုင်းရပ်နားဆိုတဲ့ဆောင်းပါးကို ၂၀၂၃၊ဒီဇင်ဘာ ၁၉ ရက်နေ့က ဖော်ပြခဲ့ပါတယ်။အဲဒီဆောင်းပါးမှာ ဒီဇင်ဘာ ၄ ရက်နေ့က စက်ရုံ ၆၀၀ အတွက် တစ်ပတ်စာ စက်သုံးဆီရရှိခဲ့ပေမဲ့ ဒီဇင်ဘာ ၁၅ ရက်မှာ ရရှိရမယ့် စက်သုံးဆီကတော့ ဒီဇင်ဘာ ၁၉ ရက်နေ့အထိ မရရှိသေးဘူး။ဒါကြောင့် လျှပ်စစ်မီးလာတဲ့အချိန် စက်ရုံလည်ပြီးတော့ မီးမလာတဲ့အချိန် စက်ရုံတွေရပ်နားထားရတယ်။ လျှပ်စစ်မီးကလည်း တစ်နေ့ကို ပျှမ်းမျှအားဖြင့် ၂ နာရီခွဲလောက်သာရတယ်။လျှပ်စစ်မီးနဲ့ လောင်စာဆီအခက်အခဲကြောင့် စက်ရုံတွေဟာ တစ်ပတ်မှာ တစ်ရက်ကနေ သုံးရက်အထိ ရပ်နားကြရတယ်။ စက်မှုဇုန် စုစုပေါင်းရဲ့ ၆၅ ရာခိုင်နှုန်းဟာ ရန်ကုန်မြို့မှာတည်ရှိတယ်လို ဧရာဝတီဆောင်းပါးမှာ ဖော်ပြထားပါတယ်။
ဧရာဝတီရဲ့ ဒီဇင်ဘာ ၁၉ ရက်ကဖော်ပြတဲ့ အခြားဆောင်းပါးတစ်ပုဒ်မှာလည်း ကြက်ဘဲမွေးမြူရေးလုပ်ငန်းများ သုံးပုံတစ်ပုံခန့် ရပ်ဆိုင်းလာ တဲ့အကြောင်းရေးသားထားပါတယ်။အဲဒီဆောင်းပါးမှာ ကြက်မွေးမြူရေးလုပ်ငန်းဟာ အာဏာမသိမ်းခင်က နှစ်စဉ် ၁၅ ရာခိုင်နှုန်းတိုးတက်ခဲ့ပေမဲ့ ၂၀၂၃ မှာ ၃၀ ရာခိုင်နှုန်းကျဆင်သွားကြောင်း၊အရင်က ကြက်သားကို နယ်ကနေ ရန်ကုန်ကို တင်ပို့ရကြောင်း၊ အခုချိန်မှာတော့ ရန်ကုန်ကနေ နယ်တွေကို ပြန်ပို့နေရကြောင်း၊ စျေးနှုန်းကလည်း ကြက်သားတစ်ပိဿာ ရန်ကုန်မှာ ၄,၇၀၀ ကျပ်လောက်ရှိပြီး နယ်မှာ တစ်ပိဿာကို ၇,၀၀၀ ကျပ်လောက်စျေးပေါက်နေကြောင်း ရေးသားထားပါတယ်။
ဂျပန် Nikkei Asia သတင်းစာကလည်း နယ်စပ်ဒေသတွေမှာ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် မြန်မာ့စီးပွါးရေး ရပ်တန့်နေတယ်ဆိုတဲ့ ဆောင်းပါးကို ဒီဇင်ဘာလ ၁၂ ရက်နေ့က ဖော်ပြခဲ့ပါတယ်။ အဲဒီဆောင်းပါးမှာ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ့စီးပွါးရေးအခြေအနေဆိုင်ရာ အစီရင်ခံစာကို အခြေပြု ရေးသားထားပြီး နယ်စပ်ကုန်သွယ်ရေးအခြေအနေကိုလည်း ရေးသားထားပါတယ်။ မြန်မာ့ကုန်သွယ်ရေးမှာ ပို့ကုန် ၄၀ ရာခိုင်နှုန်းနဲ့ သွင်းကုန် ၂၁ ရာခိုင်နှုန်းဟာ နယ်စပ်ကုန်သွယ် ရေးကတစ်ဆင့် ကုန်သွယ်နေတာဖြစ်တယ်။ မြန်မာနိုင်ငံဟာ တရုတ်၊ထိုင်း၊အိန္ဒိယတို့နဲ့ နယ်စပ်ကုန်သွယ်ရေးလုပ်ဆောင်နေပြီး တရုတ်နိုင်ငံနဲ့ ကုန်သွယ်မှုဟာ အဓိကဖြစ်တယ်။ကုန်သွယ်ရာမှာ သယ်ယူပို့ဆောင်မှုစရိတ်တွေ ကြီးမြင့်နေတယ်။ ကုန်သွယ်ရေးနဲ့ နိုင်ငံခြားငွေလဲလှယ်မှုတွေမှာ ကန့်သတ်မှုတွေများနေတဲ့အပြင် လျှပ်စစ်မီးကလည်း ပြတ်တောက်နေတဲ့အတွက် စီးပွါးရေးလုပ်ရတာ ကုန်ကျစရိတ်တွေ မြင့်မားနေတယ်။ဒါကြောင့် အထည်ချုပ်လုပ်ငန်းတွေဟာ နိုင်ငံတကာနဲ့ ယှဉ်နိုင်မှာမဟုတ်ဘူးလို့ ကမ္ဘာ့ဘဏ်အစီရင်ခံစာရဲ့ သုံးသပ်ချက်ကိုလည်း Nikkei Asia က ဆောင်းပါးအဆုံးသတ်မှာဖော်ပြထားပါတယ်။
လတ်တလောအနေအထားမှာ စစ်ကောင်စီဟာ ဒေါ်လာငွေပြတ်လပ်နေတာကြောင့် သွင်းကုန်တင်သွင်းတာကို တင်းတင်းကြပ်ကြပ်ကန့်သတ်တဲ့ မူဝါဒ ကျင့်သုံးနေပါတယ်။အကျိုးဆက်က လောင်စာဆီပြတ်လပ်မှုနဲ့အတူ ပြည်ပကတင်သွင်းရတဲ့ကုန်ပစ္စည်းတွေရှားပါးကာ စျေးနှုန်းတွေ ခုန်တက်ကုန်ပါတယ်။ အဓိကအားထားရာ တရုတ်နဲ့နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဟာလည်း မြောက်ပိုင်းညီနောင်သုံးဖွဲ့နဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ထိန်းချုပ်မှုအောက်ကျရောက်နေပြီး ပြင်းထန်တဲ့တိုက်ပွဲတွေကြောင့် ရပ်တန့်သလောက်ဖြစ်နေပါတယ်။ ထိုင်းနဲ့ အိန္ဒိယနယ်စပ်ကုန်သွယ်ရေးဟာလည်း အကန့်အသတ်တွေရှိနေပြီး ရပ်တန့်သလောက်နီးပါးလို့ပဲ ဆိုရမှာပါ။ပြောရရင် စစ်ကောင်စီဟာ စစ်ရေးမှာလည်း ကျရှုံးနေသလို စီးပွါးရေးကိုလည်း ပုံမှန်လည်ပတ်အောင် မစွမ်းဆောင်နိုင်တော့ပါဘူး။ဒါကြောင့်လည်း Washington Post သတင်းစာကြီးရဲ့ အယ်ဒီတာတွေအပါအဝင် သတင်းစာတွေ၊မီဒီယာတွေနဲ့ ပညာရှင်တွေက စစ်ကောင်စီဟာ ကျရှုံးနေပြီ၊ စစ်ကောင်စီအလွန်ကာလအတွက် ကြိုတင်ပြင်ဆင်ကြပါလို့ သတိပေးတိုက်တွန်းနေတာဖြစ်ပါတယ်။