မြန်မာနိုင်ငံမှာ ဒီပလိုမာပေးတဲ့ စိုက်ပျိုးရေး သိပ္ပံကျောင်းတချို့ရှိသလို ဘွဲ့ဒီဂရီပေးတဲ့ တခုတည်းသော စိုက်ပျိုးရေး တက္ကသိုလ်ကတော့ ရေဆင်း မှာရှိပါတယ်။ အဲဒီ တက္ကသိုလ်ကနေ နှစ်စဉ် စိုက်ပျိုးရေးဘွဲ့ရပေါင်းရာနဲ့ချီ ထွက်ရှိပါတယ်။ အဲဒီလို စိုက်ပျိုးရေး နဲ့ နှစ်စဉ် ဘွဲ့ရလာသူတွေ အမြောက်အမြားရှိပေမယ့် မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးလုပ်ငန်းက ဖွံဖြိုးမူမရှိပဲ နိုမ့်ကျလာနေပါတယ်။ ဒါတွေဟာ ဘာကြောင့်ပါလိမ့်။ ဒါနဲ့ပတ်သက်ပြီးတော့ ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ်ကျောင်းကဘွဲ့ရပြီး ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ FAO မှာ အလုပ်လုပ်ခဲ့တဲ့ ကိုထက်ဇော်ထွန်း က အခုလိုပြောပါတယ်။
" စိုက်ပျိုးရေး တက္ကသိုလ်ဆင်းအားလုံးကိုယ်တိုင်က အိမ်ကထားလို့ပဲဖြစ်ဖြစ် ဒါမှမဟုတ် အလုပ်အကိုင်အခွင့်အလန်းပေါတယ်ဆိုပြီးတော့ဖြစ်ဖြစ် ဒီလိုမျိုးတွေနဲ့လာပြီးတာ့ တက်ကြတယ်။ တချို့တလေဘွဲ့ရပြီးရင် စိုက်ပျိုးရေးမလုပ်တဲ့သူတွေရှိသလို စိုက်ပျိုးရေးလုပ်တဲ့အခါမှာဆိုရင်လည်း တခြားလုပ်ငန်းတွေနဲ့ မတူဘူး။ ဘာဖြစ်လို့လည်းဆိုရင် စိုက်ပျိုးရေးက တကယ်လက်တွေ့လုပ်ရရင် ပင်ပန်းတဲ့အခါကြတော့ ရွံ့ထဲ၊ဘွက်ထဲဆင်းရတယ်။ ပင်ပင်ပန်းပန်းလုပ်ရတော့ တချို့တလေကြတော့ သဘောမကျဘူး။ သူတို့ကိုယ်တိုင် လုပ်နေရသော်ငြားလည်း တကယ်ထိထိရောက်ရောက် ပညာပေးရတဲ့ ကဏ္ဍတွေမှာ အားနည်းကြတယ်ပေါ့နော်။ ကျနော်တို့ရွာကို သွားကြတယ်။ ဟောပြောပွဲလေးတွေ အတိုင်းအတာပေါ့နော်။ တောင်သူတွေ လုပ်နိုင်မယ် နည်းစနစ်တွေ မပေးတော့ပဲနဲ့ သူတို့ရဲ့အထက်က ချမှတ်ထားတာလေးတွေနဲ့ပဲ ကွင်းဆင်းပြီး ပြန်လာတယ်။ ဒီလိုမျိုးလေးတွေနဲ့ လုပ်လာကြတဲ့အခါကြတော့ တကယ်တောင်သူတွေ သိသင့်သိထိုက်တဲ့ နည်းပညာတွေကြတော့ တောင်သူတွေလက်ထဲကို မရောက်တဲ့အခါကြတော့ တောင်သူတွေက သူတို့ရဲ့ မိရိုးဖလာလုပ်ငန်းတွေနဲ့ အတွေ့အကြုံတွေနဲ့ လုပ်လာကြတဲ့အခါကြတော့ စိုက်ပျိုးရေးနည်းပညာမှာ အရမ်းအားနည်းမူတွေရှိတယ်ပေါ့နော် "
မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်မှာ ဆယ်တန်းအောင်မှတ်နဲ့ တက္ကသိုလ်၊ ကောလိပ်ဝင်ခွင့်တွေ သတ်မှတ်တာဟာလည်း တခြားကဏ္ဍတွေလိုပါပဲ စိုက်ပျိုးရေးလုပ်ငန်းမှာလည်း ထိခိုက်မူတွေဖြစ်စေပါတယ်။ ယျေဘူယျအားဖြစ် စိုက်ပျိုးရေးကို နေစဉ်ထိတွေ့ရတဟာ ကျေးလက်မှာနေထိုင်တဲ့သူတွေက အများစုဖြစ်ကြပါတယ်။ အဲဒီအတွက် ကျေးလက်က ကျောင်းသားတွေဟာ သူတို့ မိဘတွေရဲ့ လက်ငုတ် မိရိုးဖလာလယ်ယာစိုက်ပျိုးရေးမှာ တတတ်တအားပါဝင် လုပ်ကိုင်ကြရင်း နဲ့ ကျောင်းတက်ကြရတာဖြစ်ပါတယ်။ အဲဒီအတွက် စိုက်ပျိုးရေးလုပ်ငန်းဟာ သူတို့အတွက် မစိမ်းပဲ နိစ္စဒူဝ ပတ်သက်နေပါတယ်။ ဒါပေမယ့်လည်း တကယ်တန်း ဆယ်တန်းအောင်တဲ့အခါမှာတော့ မြို့ပေါ်က ကျောင်းသားတွေကိုလို အမှတ်ကောင်းကောင်း အောင်တဲ့သူကနည်းပါတယ်။ အဲဒီအတွက် စိုက်ပျိုးရေး တက္ကသိုလ်ကို တက်ရောက်သင်ကြားခွင့်ရတဲ့ ကျေးလက်တွေက ဆယ်တန်းအောင်တဲ့ ကျောင်းသားတွေက နည်းပါးပြီး မြို့ပြတွေက အမှတ်ကောင်းတဲ့ ကျောင်းသားတွေက ပိုမိုများတာတွေ့ရပါတယ်။ ဒါနဲ့ပတ်သက်ပြီးလည်း ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ်ကျောင်းကဘွဲ့ရပြီး ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ FAO မှာ အလုပ်လုပ်ခဲ့တဲ့ ကိုထက်ဇော်ထွန်း က အခုလိုပြောပါတယ်။
" ကျနော်တို့ ကျေးရွာမှာကြီးပြီး ဆယ်တန်းအောင်တဲ့သူတွေရဲ့ အမှတ်က ဘယ်သူပဲပြောပြောမမီနိုင်ဘူး။ မြို့ပေါနေ ကျူရှင်ကောင်းကောင်းနဲ့ သင်ရတဲ့သူတွေပဲ အမှတ်က မီနိုင်တယ်။ ကျနော်တို့စတက်တဲ့နှစ်မှာတောင်ကြုံဘူးတယ်ပေါ့နော်။ စတက်တော့ လက်တွေ့ ကွင်းဆင်းခိုင်းတယ်ပေါ့။ အဲဒီမှာ တလ ၂လလောက်နေပြီးတော့ မြို့ကလူတွေ ဒီတက္ကသိုလ်ကနေ ထွက်ပြီးတော့ တခြား တက္ကသိုလ်ပြောင်းကြတာတွေရှိတယ်။ ဒါတွေကလည်း ဆိုင်ပါတယ်။ အခုနောက်ပိုင်းဆိုရင် စိုက်ပျိုးရေးက အလုပ်ရတယ်။ နိုင်ငံခြားအခွင့်အရေးတွေရှိတယ်။ အဲဒီလိုတွေရှိတော့ တချို့မိဘတွေကကြတော့ သူတို့ သားသမီးတွေ စိတ်ဝင်စားမူရှိလား၊ မရှိလားမသိ စိုက်ပျိုးရေး တက္ကသိုလ်ကို ပို့လိုက်ကြတယ်။ အဲဒီလို သားသမီးတွေကြတော့ စိတ်မပါပဲနဲ့ ကျောင်းရောက်တယ်။ စာတွေကျက်ပြီးတော့ ဘွဲ့ရသွားတယ်။ ဘွဲ့ရပေမယ့် သူတို့ကိုယ်တိုင်က ဒီလောကကို စိတ်မဝင်စားကြဘူး။ အဲဒီအခါမှာ တောင်သူတွေကို ပညာပေးနိုင်တဲ့ အခြေခံမရှိတော့ကြတာတွေ အများကြီးကြုံရပါတယ်။ တချို့ဆိုရင် စိုက်ပျိုးရေးလောကမှာ လုပ်နေပေမယ့် မပျော်တော့ဘူး။ တောင်သူတွေကို ထိထိရောက်ရောက်မပေးတော့ပဲနဲ့ ဝန်ထမ်းတွေပဲ လုပ်ပြီးတော့ ဒီအတိုင်းပဲ ရုံးတက်ရုံးဆင်းလောက်ပဲလုပ်ကြတော့တယ်။ ထိရောက်မူက မရှိတော့ပါဘူး။ မြို့ပေါ်က ပြီးလာတဲ့သူတွေဆိုရင် အဲဒီ ပြသာနာတော့ရှိတာပေါ့နော်။ သူတို့ကိုယ်တိုင်လည်း ဗွက်ထဲ၊ နွံထဲမှာ မဆင်းချင်တာတို့ ဖြစ်လာတယ်။ စိုက်ပျိုးရေးမှာလည်း လိုင်းတွေက အများကြီးပါ။ အဲဒီလို လုပ်စရာမလိုတဲ့ လိုင်းတွေလည်းရှိပါတယ်။ တချို့တွေက တောင်သူတွေလုပ်တဲ့ အလုပ်တွေကို ကြောက်ရွံပြီးတော့ ပညာပေးလုပ်ငန်းတွေကို မပေးချင်တဲ့သူတွေ ၊ မပေးနိုင်တဲ့သူတွေ ဒါတွေက ကြုံရပါတယ်။ ဒါတွေက အားလုံးကို အကြမ်းဖျင်းပြောတာပါ"
စိုက်ပျိုးရေးဌာနတွေဟာ မြို့နယ်တိုင်းမှာရှိကြသလို ကျေးရွာအုပ်စုတွေ စုပေါင်းထားတဲ့ တိုက်နယ်တွေမှာတောင် ဝန်ထမ်းတွေထားရှိကြပါ တယ်။ စိုက်ပျိုးရေးဌာနတွေက ဝန်ထမ်းတွေ အများစုဟာလည်း ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ်က ဘွဲ့ရလာသူတွေ နဲ့ စိုက်ပျိုးရေးသိပ္ပံကျောင်းဆင်းတွေဖြစ်ကြပါတယ်။ ဒါပေမယ့်လည်း အဲဒီ စိုက်ပျိုးရေးဌာနကြီး အနေနဲ့လည်း စိုက်ပျိုးရေးကို တကယ်လုပ်ကိုင်နေကြတဲ့ တောင်သူလယ်သမားတွေနဲ့ ထိတွေ့ ပူးပေါင်းဆောင်ရွက်ကြတာတွေဟာ တော်တော်ကို နည်းပါးလွန်းပါတယ်။ အဲဒီလိုပါပဲ စိုက်ပျိုးရေးဌာနကို တောင်သူလယ်သမားတွေက သူတို့ရဲ့ အာရုံထဲမှာတောင် မရှိကြပါဘူး။ အဲဒီတော့ စိုက်ပျိုးရေးဌာန ဘာလုပ်မှန်း တောင်သူလယ်သမားတွေ မသိသလို တောင်သူလယ်သမားတွေ ဘာလုပ်နေမှန်းလည်း စိုက်ပျိုးရေးဌာနက အလေးထားတာမရှိပါဘူး။ ဒီလို အခြေအနေတွေကြောင့် ရလဒ်အနေနဲ့ကတော့ မြန်မာနိုင်ငံရဲ့ အဓိက စီးပွားရေးဖြစ်တဲ့ စိုက်ပျိုးရေးလုပ်ငန်းဟာ ဖွံဖြိုးတိုးတက်မူမရှိရာကနေ ကျဆင်းလာပြီး တဖြေးဖြေး တိမ်ကောတော့မဲ့ အခြေအနေကိုပါ ဆိုက်ရောက်မှာကို စိုးရိမ်နေကြရပါတယ်။