စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့မှာ စစ်တပ် တပ်စွဲထားတဲ့ ၄ နေရာကို ကာကွယ်ရေး တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ပါတယ်။ နှစ်ဘက် ထိခိုက်ကျဆုံးမှုရှိတဲ့ ပြင်းထန်တဲ့ တိုက်ပွဲတွေကြောင့် မြို့ခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရသလို ဒေသခံတချို့လည်း စစ်တပ်ဖမ်းဆီးတာကို ခံခဲ့ရတာပါ။ တန့်ဆည်မြို့ နောက်ဆုံး အခြေအနေ ရန်ကုန်ကပေးပို့တဲ့ သတင်းကို အခြေခံပြီး ကိုငြိမ်းချမ်းက ပြောပြပါမယ်။
တန့်ဆည်မြို့ အရှေ့ပိုင်းက စစ်တပ် တပ်စွဲထားတဲ့ အထက်တန်းကျောင်း ၊ ပြည်သူ့ဆေးရုံ၊ ထွေအုပ်ရုံးနဲ့ ဝန်ထမ်းအိမ်ယာ ကို နိုဝင်ဘာ ၂၁ ရက် သန်းခေါင်ကျော် အချိန်မှာ ကာကွယ်ရေး တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။ ကာကွယ်ရေး တပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ချိန်မှာ စစ်တပ်ဟာ နောက်ထပ် တပ်စွဲထားတဲ့ နေရာတွေဖြစ်တဲ့ တန့်ဆည်ရဲစခန်းနဲ့ ရဲစခန်းအနီးက ဘောလုံးကွင်းထဲကို ဆုတ်ခွါပြီး ပြန်လည် ပစ်ခတ်ခဲ့ကြောင်းနဲ့ အခုအချိန်မှာတော့ သူတို့ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ နေရာ ၄ နေရာ စလုံးမှာ တပ်စွဲထားတဲ့ စစ်တပ် မရှိတော့ဘူးလို့ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ပြန်ကြားရေး တာဝန်ရှိသူတဦးက VOA ကို ပြောပါတယ်။
“၁၂ နာရီကျော်လောက်မှာ တန့်ဆည် အထက (၁) ရယ် ပြည်သူ့ဆေးရုံကြီးရယ် ရဲစခန်း ပတ်ပတ်လည်က ထွေအုပ်ရုံးနဲ့ ဝန်ထမ်းအိမ်ယာကို ဝင်စီးတာပေါ့နော်။ ဆေးရုံနေရာကနေ စစ်အသုံး အဆောင်ပစ္စည်းတွေ ဆေးဝါး ပစ္စည်းတွေ သိမ်းဆည်းရမိတာတော့ရှိတယ်။ အဲ့ဒါတွေ ကတော့ စီစစ်ဆဲပေါ့နော်။ အခုလောလောဆယ် အဲ့ဒါတွေကိုသိမ်းပြီးတော့ ကျွန်တော်တို့ ပြန်ဆုတ်လာ ခဲ့တာပေါ့။ တန့်ဆည်မြို့ အားကစားကွင်းနဲ့ ရဲစခန်းက မနီးမဝေးနေရာဆိုတော့ အဲ့ ၂ နေရာကိုပဲ သူတို့ ခံစစ်ပြင်ပြီး ဝင်ပြေးကြတာ။ လက်နက်ကြီးနဲ့ ပြန်ပစ်တဲ့ အနေအထားပေါ့။ အဲ့ ၄ နေရာမှာတော့ သူတို့မရှိတော့ဘူး။ သူတို့ အထိခိုက်အကျအဆုံးလည်းများတယ်။ အဲ့ဒါတွေကို သူတို့ အကုန်ပြန်သယ် ပြေးသွားတာပေါ့။ (ကျွန်တော်တို့ဘက်က) တယောက်တော့ကျသွားတယ်။ သွေးထွက်လွန်ပြီးတော့ ချက်ချင်းတော့ ဆုံးတာတော့မဟုတ်ဘူး။”
တိုက်ပွဲမဖြစ်ခင် နိုဝင်ဘာ ၂၁ ရက် ည ၁၁ နာရီအချိန်ခန့်မှာ စစ်တပ်ဟာ ရဲစခန်းအနီးက အိမ်တွေကို မီးတင်ရှို့ ခဲ့တယ်လို့လည်း ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။ တိုက်ပွဲဖြစ်ပြီးတဲ့နောက်မှာ ကန့်ဘလူမြို့ကနေ စစ်တပ်က အင်အားတွေဖြည့်တင်း နေတယ်လို့လည်း ပြောပါတယ်။ တိုက်ပွဲတွေ မဖြစ်ခင်ကတည်း ဒေသခံအချို့ဟာ တန့်ဆည်မြို့ကနေ တိမ်းရှောင်နေကြသလို တိုက်ပွဲဖြစ်ပြီး မနက်ပိုင်းမှာလည်း ဘေးလွတ်ရာ နေရာတွေကို ရွှေ့ပြောင်းနေပြီး မြို့ထဲမှာတော့ လူသိပ် မကျန်တော့ ဘူးလို့ မြို့ခံတွေက ပြောပါတယ်။
“တန့်ဆည်မြို့အခြေအနေက ထွက်ပြေးနေရတာပဲ။ အသွားအလာတွေက တိမ်းကြပြုကြတာပဲရှိတယ်။ မြို့ထဲမှာက တဦးတလေလောက်နဲ့ ဈေးသည်တွေ လောက်ပဲရှိတယ်။ ဒီကနေ့မနက် အကုန်တိမ်းကြ တော့တာ။ ၈ ယောက်ဖမ်းတယ်။ တန့်ဆည်လမ်းဆုံမှာ။ တန့်ဆည်မြို့က လူ ၃၀ လောက်ဖမ်း သွားတယ်။ တမြန်နေ့ မနက်က ထင်တယ်။ မြင်တော့မမြင်ရဘူး ကြားရတာပေါ့။ အဲ့ဒါတွေကို တန့်ဆည်မြို့ပေါ်မှာ ပြန်မလွှတ်ဘူးတဲ့။”
ဖမ်းခံရသူတွေဟာ မြို့ထဲမှာ တိုက်ပွဲတွေဖြစ်လာနိုင်တဲ့အတွက် ဘေးလွတ်ရာ တိမ်းရှောင်ကြတဲ့ အရပ်သား ဒေသခံတွေ ဖြစ်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေ ဘက်ကလည်း အတည်ပြုခဲ့ပါတယ်။ ဒါပေမယ့် အခုလို အဖမ်းခံရတာနဲ့ ပတ်သက်လို့ ဗွီအိုအေက သီးခြား အတည်မပြုနိုင်သေးပါဘူး။
လွန်ခဲ့တဲ့ စက်တင်ဘာ ၂၂ ရက် နေ့တုန်း ကလည်း တန့်ဆည်မြို့ အနောက်ဘက်က စစ်တပ် တပ်စွဲထားတဲ့ လူဝင်မှု ကြီးကြပ်ရေးရုံး၊ ပညာရေးမှူးရုံး၊ တရားရုံးနဲ့ ရွှေဒေါင်းမင်း စက်သုံးဆီဆိုင် နေရာတို့ကို ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ တာ ဖြစ်ပြီး အခု ၂ လ အကြာမှာတော့ မြို့အရှေ့ပိုင်းက စစ်တပ် တပ်စွဲထားတဲ့ နေရာတွေကို ဝင်ရောက်တိုက်ခိုက်တာ ဖြစ်ပါတယ်။
တန့်ဆည်မြို့ အနောက်ဖက်ကို ဝင်ရောက်တိုက်ခိုက်ချိန် တုန်းက စစ်တပ်ဘက်က လေကြောင်းကနေ ပစ်ခတ်တာတွေ ရှိခဲ့ပါတယ်။ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကတော့ လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်း ရမိခဲ့တာပါ။ တန့်ဆည်မြို့နယ် ထဲက ကျေးရွာတွေဟာ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ဒဏ်ကို မကြာခဏ ခံရတဲ့နေရာတွေဖြစ်ပြီး ထောင်နဲ့ချီတဲ့ နေအိမ်တွေပါ မီးရှို့ဖျက်ဆီးခံထားရတဲ့ စစ်ကိုင်းတိုင်းထဲက မြို့တမြို့လည်း ဖြစ်ပါတယ်။