သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းမြောက်ဒေသ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွါး


နောင်ချိုမြို့နယ်အနီး တအာင်း TNLA ပူးပေါင်းတပ်တွေ စစ်ကောင်စီစခန်းတချို့ကို တိုက်ခိုက် (နိုဝင်ဘာ ၈၊ ၂၀၂၃)
နောင်ချိုမြို့နယ်အနီး တအာင်း TNLA ပူးပေါင်းတပ်တွေ စစ်ကောင်စီစခန်းတချို့ကို တိုက်ခိုက် (နိုဝင်ဘာ ၈၊ ၂၀၂၃)

ညီနောင်မဟာမိတ် ၃ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ၁၃ရက် မြောက်နေ့မှာ တအာင်း TNLA နဲ့ ပူးပေါင်းတပ် တွေ က နောင်ချိုမြို့နယ်က စစ်ကောင်စီတပ်ကို ဆက်လက်တိုက်ခိုက်နေပြီး ဒီရက်ပိုင်းမှာပဲ နမ့်ခမ်းနဲ့ မန်တုံမြို့ ၂ မြို့ကို ထပ်မံထိန်းချုပ်လိုက်ပါတယ်။ MNDAA ကိုးကန့်တပ်ကတော့ ဒီနေ့ စခန်းတခု သိမ်းယူကြောင်းနဲ့ မဟာမိတ် ၃ဖွဲ့ပေါင်း စခန်း ၁၃၀ ကျော် သိမ်းယူထားကြောင်းလည်း သတင်း ထုတ်ပြန်ပါတယ်။ ရှမ်းမြောက်ဒေသက နောက်ဆုံးရ တိုက်ပွဲသတင်းတွေကို ကိုဇော်ဝင်းလှိုင်က စုစည်းတင်ပြထားပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်းဒေသက စစ်ကောင်စီ တပ်စခန်းတွေကို အောက်တိုဘာလ ၂၇ ရက်နေ့ စတင် တိုက်ခိုက်ခဲ့ရာမှာ ဒီကနေ့မှာတော့ TNLA က နောင်ချိုမြို့နယ် ရွှေညောင်ပင်က စစ်ကောင်စီတပ်ကို တိုက်ခိုက်နေပြီး တပ်စခန်း ၂နေရာကို ထိုးစစ်ဆင်နေဆဲ ဖြစ်ပါတယ်။ ဒီကနေ့ တိုက်ပွဲ အခြေအနေကို TNLA ပြန်ကြားရေးတာဝန်ခံ ဒုဗိုလ်မှုးကြီး တာ့အိုက်ကျော်က VOA ကို အခုလို ပြောပါတယ်။

“ ဒီနေ့မှာတော့ နောင်ချိုမြို့နယ် ရွှေညောင်ပင်ရွာနားမှာတော့ ဖြစ်တယ်။ အဲဒီဘက်မှာတော့ မနေ့ကတော့ ဂုတ်ထိပ်မှာ ဖြစ်တယ်။ ဒီမနက်မှာတော့ ရွှေညောင်ပင်မှာဖြစ်တယ်။ ဂုတ်ထိပ်ကတော့ အကုန်လုံးတော့ ကျနော်တို့ မရှင်းနိုင်ဘူး။ ထိပ်ပိုင်းမှာတော့ ကျနော်တို့ နေရာယူထားတယ် ”

ဒီလဆန်း ၁ ရက်နေ့မှာ စစ်ကောင်စီတပ်က ပြင်ဦးလွင်ကနေ သံချပ်ကာကား ၂စီး၊ စစ်ကား ၂၂စီးနဲ့ တက်လာတဲ့ စစ်ကြောင်းကို TNLA နဲ့ MDY PDF ပူးပေါင်းအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး အခု နောင်ချိုမြို့နယ်မှာ တိုက်ပွဲစတင်ခဲ့တာပါ။ ဒီကနေ့တိုက်ပွဲမှာ ရှေ့ ဆက်မတက်နိုင်ဘဲ ညောင်ပင်သာမှာ တပ်ချထားတဲ့ စစ်ကောင်စီစစ်ကြောင်းကို ထပ်မံတိုက်ခိုက်နေတာဖြစ်တယ်လို့ လည်း ပြောပါတယ်။

TNLA တပ်တွေဟာ ဒီလ ၆ရက်နေ့မှာ နမ့်ခမ်းတမြို့လုံးကို ထိန်းချုပ်နိုင်ခဲ့ပေမဲ့ လောလောဆည်မှာ တော့ စစ်ကောင်စီတပ်အခြေပြုရာ စခန်းသစ်ကုန်းကိုတော့ သိမ်းယူနိုင်တာ မရှိသေးပါဘူး။ အလားတူပဲ မန်တုံမှာလည်း မြို့ ကို သိမ်းယူလိုက်ပေမဲ့ စစ်ကောင်စီတပ်ကို တော့သိမ်းယူနိုင်သေးတာ မရှိကြောင်းပြောပါတယ်။

“ မန်တုံ ပြည်သူ့စစ်စခန်းနဲ့ ရဲစခန်းကို ဝင်ရောက်သိမ်းပိုက်နိုင်တာတော့ ၄- ၅- ၆ရက် လောက်တော့ ရှိပြီ။ မြို့ထဲမှာတော့ ကျနော်တို့ ဝင်နိုင်ပြီပေါ့နော။ ဒီ အဲဒီမှာက မန်တုံ ၁၃၀ တပ်ရှိတယ်။ အဲဒီ စခန်းကတော့ ကျနော်တု့ိ ဝင်ရောက်ပစ်ခတ်တာလည်း မရှိသေးဘူး။ သိမ်းဆည်းရမိတာတော့ မရှိသေးဘူး။ ”

ဒီလ ၆ရက်နေ့အထိ စခန်းပေါင်း ၃၁ ခု ကို သိမ်းယူထားကြောင်း TNLA က သတင်းထုတ်ပြန်ထား ပါတယ်။

ကိုးကန့်ဒေသဘက်က ဒီနေ့ တိုက်ပွဲအခြေအနေကိုတော့ MNDAA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက အခုလို ပြောပါတယ်။

“ ဒီနေ့ကတော့ ဒီ တပ်စခန်းတခု လောလောဆည်အချိန်ထိ တခုကိုတော့ သိမ်းပိုက်ထားတာ ရှိပါတယ်ဗျ။ ကျနောတို့ MNDAA နဲ့ AA စုစုပေါင်း တော့ ၁၂၅ ခု ရှိပြီဗျ။ TNLA နဲ့ပါပေါင်းရင် ၁၃၀ကျော်- ၄၀လောက်တော့ ရှိပြီဗျ။ စခန်းတွေကတော့ ဒီ ရှမ်းမြောက်ဘက်က ပါပဲ။ ”

လောက်ကိုင်မြို့အနီး မှာတော့ ဒီလ ၇ရက်နေ့က တိုက်ပွဲဖြစ်ပွားတာ ရှိကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပေမဲ့ MNDAA ပြောခွင့်ရသူ ကတော့ သတင်းထုတ်ပြန်ဖို့ မရှိသေးကြောင်း ပြောပါတယ်။

“ လောက်ကိုင်အခြေအနေကတော့ အခုလောလောဆည် ကျနော် ပြောစရာ မရှိသေးပါဘူးနော်။”

ညီနောင်မဟာမိတ် ၃ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့တဲ့နောက် မဟာမိတ်တပ်တွေက ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ကြူကုတ် (ပန်ဆိုင်း) နဲ့ သိန္နီမြို့တွေကို အလုံးစုံ ထိန်းချုပ်နိုင်ပြီ ဖြစ်ကြောင်းလည်း ဒီလ ၂ရက်နေ့က သတင်းထုတ် ပြန်ထားပါတယ်။ စစ်ကောင်စီရဲ့ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း ကတော့ ချင်းရွှေဟော်၊ ဖေါင်းဆိုင်နဲ့ ကြူကုတ်ကို လက်လွှတ်ခဲ့ရကြောင်း ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG