ချင်းပြည်နယ် ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ်က နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးဒုက္ခသည် စခန်းတွေမှာ စားနပ်ရိက္ခာ ခက်ခဲနေကြသလို ဆောင်းရာသီရောက်လာတာကြောင့် စောင် နဲ့ အနွေးထည်တွေ လိုအပ်နေတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။ စစ်ကောင်စီရဲ့ ကန့်သတ်ပိတ်ပင်မှုတွေကြောင့် အကူညီပေးရေး အဖွဲ့တွေဆီက အကူညီရဖို့လည်း ခက်ခဲနေတာပါ။ ရန်ကုန်ကပေးပို့လာတဲ့ သတင်းကို ကိုဝင်းခန့်မောင် ကတင်ပြပေးပါမယ်။
ချင်းပြည်နယ် ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ်က မြို့တချို့မှာ အကြောင်းအမျိုး ကြောင့် နေရပ် မပြန်နိုင်သေးတဲ့ စစ်ဘေးဒုက္ခသည် လက်ရှိအချိန်ထိ သောင်းနဲ့ချီ ကျန်ရှိနေသေးတာ ဖြစ်ပြီး ဒီ ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာကို ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP တခုတည်းကသာ ထောက်ပံ့နေတာ ဖြစ်ပါတယ်။ WFP က ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ဒုက္ခသည်တဦးကို တလစာအတွက် ကျပ် ၃သောင်းစီ ထောက်ပံ့နေပေမယ့် ကုန်ဈေးနှုန်းတွေ မြင့်တက်လာတာ ကြောင့် စားဝတ်နေရေး မဖူလုံသလို တခြား အသုံးအဆောင်ပစ္စည်း တွေလည်း လိုအပ်နေတယ်လို့ ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးဒုက္ခသည်တဦးကပြောပါတယ်။
“ ကျနော်တို့ အဓိက လိုအပ်တာကတော့ စားရေးသောက်ရေး လိုအပ်နေတယ်၊ စားဖို့အဆင်မပြေဘူး WFPကပေးတဲ့ ပိုက်ဆံနဲ့ပဲ ကျနော်တို့ မျှမျှတတစားသောက်နေရတယ်၊ အခုနောက်ပြီးတော့ ဆောင်းရာသီလည်း ဝင်လာပြီဆိုတော့ အနွေးထည်တို့ စောင်တို့ အဲဒါလည်း ကျနော်တို့မှာ လိုအပ်နေတယ်၊ ဝယ်ဖို့အတွက်လည်း WFP က တယောက်ကို ငွေ ၃ သောင်းပေးတာနဲ့ စားနေရတာဆိုတော့ အပြင်က လိုအပ်တာ ဝယ်ဖို့လည်း ပိုက်ဆံမရှိတော့ဘူး၊ အဓိက ကျနော်တို့ အခက်အခဲဖြစ်နေတာက စာရေးသောက်ရေးက အခက်အခဲဖြစ်နေတာပါခင်ဗျာ။”
ဒါ့အပြင် ချင်းပြည်နယ် ပလက်ဝမြို့နယ်က စစ်ဘေးဒုက္ခသည်စခန်းတွေမှာလည်း WFP က ဆန်နဲ့ စားနပ်ရိက္ခာ တချို့ ထောက်ပံ့တာတွေရှိပေမယ့် စစ်ကောင်စီရဲ့ ကန့်သတ်ချက်တွေ ကြောင့် စားနပ်ရိက္ခာ နောက်ကျတာတွေ ပုံမှန်မရတာတွေရှိတယ်လို့လည်း ပလက်ဝ စစ်ဘေးဒုက္ခသည် တဦးကပြော ပါတယ်။
“စားနပ်ရိက္ခာတွေ နောက်ကျတာ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က ထောက်ပံ့တာကို တပ်က အမိန့်ရမှပေးရတာကို တပ်က အမိန့်မရတော့ မပေးရတော့ဘူးလေ၊ သူတို့က ဆန်ပေးတယ်၊ ဆီပေးတယ်၊ ဆားပေးတယ်၊ လုံလောက်မှုလည်း မရှိပါဘူး ကျနော်တို့က ဆန်တခုတည်း ရလို့လည်း အဆင်မပြေသေးဘူးလေ။ အခက်အခဲက ဘယ်လိုဆိုမလဲ အိမ်တွေကလည်း သေးတော့ နေရထိုင်ရတာ ကျဉ်းကြပ်တယ် အခက်အခဲကြုံရတယ်။”
မိုခါမုန်တိုင်းဒဏ်ကို အကြီးအကျယ်ခံခဲ့ရတဲ့ ရခိုင်မြောက်ပိုင်း ရသေ့တောင်မြို့နယ်မှာ ဆိုရင်လည်း စစ်ဘေးဒုက္ခသည် ၃သောင်းနီးပါး အထိ ရှိနေသလို စစ်ကောင်စီရဲ့ ကန့်သတ်ချက်တွေကြောင့် စားရိက္ခာနဲ့ နေထိုင်ဖို့ အခက်ကြုံနေရဆဲဖြစ်တယ်လို့ ရသေ့တောင်မြို့နယ် စစ်ဘေးဒုက္ခသည်အရေး ဆောင်ရွက်နေသူ တဦးကပြောပါတယ်။
“ အဓိကတော့ စားဝတ်နေရေးကတော့ နံပတ် ၁ ပေါ့ နောက်ထပ်ဆိုလို့ရှိရင်လည်း အဝတ် ထည်တွေ ဆောင်းတွင်းအတွက် အသုံးဆောင်ပစ္စည်းတွေပေါ့ အနွေးထည်တွေ စောင်တွေ ခေါင်းဦးတွေ အဲဒါတွေကတော့ လိုအပ်တယ်၊ တချို့ အဖွဲ့တွေက ပေးတော့ ပေးနေတာပဲ ဒါပေမဲ့ မလုံလောက်ဘူး ပေါ့နော်၊ IRCတို့ကတော့ ပေးတယ် ဒါပေမယ့် အိမ်ထောင်စု တခုကို ၂ထည်နှုန်းပဲ ပေးနိုင်တယ်၊ လူများတဲ့ အိမ်တွေ ကျတော့ မလောက်မငှ ပေါ့ အခုနောက်ပိုင်းဆိုလို့ရှိရင်လည်း အစိုးရကလည်း တခြားအကူအညီပေး ရေးအဖွဲ့တွေကို ကန့်သတ်ထားတဲ့ ဟာတွေ ရှိတယ်။ တခြား CSO တို့ local NGO တို့ဆိုရင် လည်း ပေးချင်ပေမဲ့ ခွင့်ပြုချက်မရတာတွေ တောက်လျောက် အခက်အခဲတွေ ရှိနေကြတယ်။”
ရသေ့တောင်မြို့နယ်မှာ ရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်းတွေမှာ နေရာထိုင်ခင်းအခက် အခဲတွေကြောင့် ကိုယ့်အစီအစဉ်နဲ့ကိုယ် အပြင်မှာ နေထိုင်ရတဲ့ စစ်ဘေးဒုက္ခသည်တွေ လည်းရှိနေတာပါ။ စခန်းတွင်းနေထိုင်သူတွေကို WFP က ထောက်ပံ့မှုရှိပေမဲ့ စခန်းအပြင် မှာနေထိုင်သူတွေအတွက် စားနပ်ရိက္ခာ ထောက်ပံ့မှုမရရှိတဲ့ အပြင် အလုပ်အကိုင်အခွင့် အလမ်းတွေမရှိတာကြောင့် ဒုက္ခသည် စခန်းတွေမှာ နေထိုင်သူတွေက စားဝတ်နေရေး ပိုခက်ခဲနေကြတယ်လို့ဒုက္ခ သည်တွေကပြောပါတယ်။
လက်ရှိအချိန်ထိ ရခိုင်နဲ့ ချင်းပြည်နယ်ပလက်ဝမြို့နယ်က စစစ်ဘေးဒုက္ခသည်စခန်းတွေမှာ ဒုက္ခသည် ၆သောင်းကျော် အထိနေရပ်မပြန်နိုင်သေးပဲ စားဝတ်နေရေး ကျန်းမာရေး ပညာရေး စီးပွားရေး စတဲ့ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေကြရသလို လတ်တလော စစ်ကောင်စီနဲ့ AAအဖွဲ့ကြား စစ်ရေးတင်းမာမှု တွေ ရှိနေတာကြောင့် တိုက်ပွဲတွေ ထပ်ဖြစ်လာမှာကိုပါ စိုးရိမ်နေကြရတာလည်းဖြစ်ပါတယ်။