ဒေါ်အောင်ဆန်းစုကြည်ကို သားဖြစ်သူက တရားဝင် တွေ့ခွင့်တောင်းလာရင် တွေ့ခွင့်ပေးဖို့ စဉ်းစားသွားမယ်လို့ စစ်ကောင်စီက ပြောဆိုလိုက်ပါတယ်။ တချို့ထောင်တွေမှာ နှစ်ကြီးပြစ်ဒဏ် ကျခံရသူတွေကို ထောင်ဝင်စာ တွေ့ခွင့်မပေးတာဟာ ထောင်ရဲ့လုံခြုံရေးအရ ထောင်အရာရှိတွေရဲ့ ဆုံးဖြတ်ချက်သာဖြစ်တယ်လို့လည်း ပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့ သတင်းကို အလိမ္မာကပြောပြမှာပါ။
ကာလရှည်ကြာပိတ်ပင်ထားတဲ့ ထောင်ဝင်စာလူတွေ့ခွင့် စစ်ကောင်စီဘက်က ပေးလိုက်ချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ရှေ့နေတွေက အလားတူ အခွင့်အရေးရဖို့မျှော်လင့်နေသလို ဒေါ်အောင် ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်း(ကင်မ်) ကလည်း မိခင်ကျန်းမာရေးနဲ့ပတ်သတ်လို့ ဖုန်းစကား ပြောခွင့်ရဖို့၊ တွေ့ဆုံခွင့်ရဖို့ လိုလားနေတာပါ။ ဒါကြောင့် အခြေအနေကို သိရဖို့ စစ်ကောင်စီဘက်ကို မေးမြန်းရာမှာ ခုချိန် အထိတော့ မိသားစုဘက်က တရားဝင်အကြောင်းကြားတာ မရှိသေးဘူးလို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြောပါတယ်။
"ကျွန်တော်တို့အနေနဲ့ သူတို့ဆီဘက်က တရားဝင်အကြောင်းကြားတာလက်ခံရရှိခြင်းမရှိသေးပါဘူး။ သဘော ထားကတော့ ကျွန်တော်တို့အနေနဲ့က အကျဉ်းသားတိုင်းက ခွဲခြားထားတာမရှိဘူး။ ကျွန်တော်တို့ အကျဉ်းသား တိုင်းမှာ ဒီအခွင့်အရေးဆိုတာပြောပြီးသားဖြစ်တယ်။ ဒါကတော့သူတို့ အပေါ်မှာပဲ မူတည်ပါလိမ့်မယ်။"
စစ်အာဏာသိမ်းပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ရှေ့နေတွေက တွေ့ဆုံခွင့်ရဖို့ တစိုက်မတ်မတ် မျှော်လင့်ကြိုးစား နေကြတာပါ။ သူတို့နဲ့ နီးစပ်သူတွေကတော့ ဒီသတင်းပါတ်ထဲမှာဘဲ တွေ့ခွင့်ရနိုင်ဖို့ တရားဝင် စာတင်သွားဖို့ ပြင်ဆင်နေတယ်လို့ ပြောပါတယ်။ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒေါ်အောင်ဆန်းစုကြည်ကို သူမရှေ့နေတွေနဲ့ တွေ့ဆုံခွင့်ပေးဖို့ အထူးကိစ္စ တရပ်အနေနဲ့ ဆောင်ရွက်မယ်လို့ VOA ကို ပြောခဲ့ပေမဲ့၊ တွေ့ခွင့်ပေးမပေး ရှင်းရှင်းလင်းလင်း မပြောပါဘူး။
ဒေါ်အောင်ဆန်းစုကြည် သားငယ်ကိုထိန်လင်းနဲ့တွေ့ခွင့်ရနိုင်ဖို့ မျှော်လင့်ချက်တွေ ရှိနေတဲ့ အခြေနေကြောင့် ကိုထိန်လင်းရဲ့ သဘောထားကို ဗွီအိုအေက ဆက်သွယ်မေးမြန်းနိုင်ဖို့ ကြိုးစားနေဆဲပါ။
ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သူ့ရှေ့နေတွေက တွေ့ခွင့်ရနိုင်ဖို့ အကျဉ်း ဦးစီး ဌာနကို အကြိမ်ကြိမ်စာတင် တောင်းဆိုခဲ့ပေမဲ့ စစ်ကောင်စီ ဘက်က ခွင့်မပြုခဲ့ပါဘူး။ အသက် ၇၈ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက နောက်ဆုံး လက်ကျန် အဂတိလိုက်စားမှု စွဲချက် တွေကို စီရင်ချက်ချခဲ့ချိန် သူမကို ရှေ့နေတွေက ထောင်ထဲမှာ နောက်ဆုံး တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစု ကြည် ကျန်းမာရေးနဲ့ သူ့ အမှုတွေ အယူခံဝင်ရေး နဲ့ပတ်သက်ပြီး တွေ့ဆုံ ဆွေး နွေးခွင့်ပြုဖို့ အကျဉ်းထောင် အာဏာပိုင်တွေထံ ရှေ့နေတွေက ၂၀၂၃၊ ဇန်နဝါရီလလယ်ပိုင်း ကတည်းက တောင်းခံ ထားခဲ့ပေမဲ့ ဒီနေ့ဒီအချိန် တွေ့ခွင့်မရခဲ့ပါဘူး။
လက်ရှိမှာ ထောင်ဝင်စာလူတွေ့ခွင့်ကို ပြန်လည်ခွင့်ပြုလိုက်ပေမဲ့ သေဒဏ်၊ တသက်တကျွန်းနဲ့ နှစ် ၂၀ အထက် ထောင်ဒဏ်ကျခံရသူ တွေကိုတော့ ထောင်ဝင်စာတွေ့ခွင့် မပေးတဲ့ အခြေနေတွေ တွေ့နေရပါတယ်။ ဒါကြောင့် စစ်ကောင်စီရဲ့ သဘောထားကို မေးတာမှာတော့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထောင်ရဲ့လုံခြုံရေးအရ ထောင်အရာရှိတွေရဲ့ ဆုံးဖြတ်ချက်သာဖြစ်တယ်လို့ ပြောပါတယ်။
"ကျွန်တော်တို့အနေနဲ့သီးခြား စဉ်းစား ထားတာမရှိဘူး။ ဒါက ထောင်ရဲ့လုံခြုံရေးနဲ့ပတ်သတ်ပြီးတော့ကျ ထောင်မှာတာဝန်ရှိတဲ့ ထောင်ဝန်ထမ်းတွေ ထောင်အရာရှိတွေရဲ့ ဆုံးဖြတ်ချက်ပဲ ဖြစ်ပါလိမ့်မယ်။"
လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေကိုလည်း အမှုနဲ့ပတ်သက်ပြီး သတင်းမီဒီယာတွေကို မပြောဖို့ စစ်ကောင်စီက တားမြစ်ပိတ်ပင်ထားတာပါ။ စစ်တပ် အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ အသက် ၇၈ နှစ် ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အမှု ၁၉ မှုနဲ့ ထောင်ဒဏ် ပြစ်ဒဏ် ၃၃ နှစ် ချမှတ်ထားပြီး ဒီအထဲကမှ ၆ နှစ်ကို သြဂုတ်လ ၁ ရက်နေ့က လွတ်ငြိမ်းသက်သာခွင့်နဲ့ လျှော့ပေါ့ ပေးလိုက်ပေးခဲ့ပါတယ်။ ကျန်နေသေးတဲ့ ၁၄ မှုအတွက် လက်ရှိမှာ ထောင်ဒဏ် ၂၇ နှစ် ကျခံနေရတာဖြစ်ပါတယ်။