တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးခြင်း (၈)နှစ်မြောက် နှစ်ပတ် လည်နေ့ အခမ်းအနား မိန့်ခွန်းအတွင်းပြောဆိုခဲ့တာဖြစ်ပြီး ပြည်ပဒီိမုကရေစီနိုင်ငံအချို့ကလည်း လက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက်မှုတွေကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ အားပေးတာတွေ၊ မြှောက်ထိုးပင့်ကော် ပြုလုပ်နေတာကို တယ်လို့လည်း အာဏာသိမ်းစစ်ခေါင်းဆောင်က စွပ်စွဲပါတယ်။
ဒါက မှားယွင်းနေပါတယ်။
၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ(၁)ရက်နေ့ အာဏာသိမ်းမှုကို စစ်တပ်က ၂၀၀၈ အခြေခံဥပဒေအရ အာဏာထိမ်းတာဖြစ်ပြီး ရွေးကောက်ပွဲ မဲမသမာမှုကြောင့်လို့ အကြောင်းပြပါတယ်။ NCA (၈)နှစ်ပြည့် အခမ်းအနားမှာ ပြောဆိုတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ မိန့်ခွန်းအတွင်းမှာတော့ မဲမသမာမှုကို ဥပဒေနဲ့အညီ ဖြေရှင်းခြင်းမရှိဘဲ လက်နက်ကိုင်အကြမ်းဖက်လမ်းစဉ်ကို ရွေးချယ်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။
၂၀၀၈ အခြေခံဥပဒေ အခန်း(၉) ရွေးကောက်ပွဲတင်မြောက်ခြင်းအပိုင်း၊ ပုဒ်မ (၄၀၂) မှာ ရွေးကောက်တင်မြောက်ခြင်းဆိုင်ရာလုပ်ငန်းများ၊ ရွေးကောက်ပွဲခုံအဖွဲ့များ၏ ဆုံးဖြတ်ချက်များ၊ အမိန့်များနှင့်စပ်လျဉ်းသည့်အယူခံမှုများနှင့် ပြင်ဆင်မှုများတို့မှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ဆုံးဖြတ်ချက်နှင့်ဆောင်ရွက်ချက်များသည် အပြီးအပြတ်ဖြစ်စေရမည်လို့ ပြဌာန်းထားပါတယ်။ ရွေးကောက်တင်မြှောက်ခြင်းအပိုင်းမှာ တပ်မတော်ရဲ့ လုပ်ပိုင်ခွင့်နဲ့ ပါဝင်ခွင့်ကို ထည့်သွင်းပြဌာန်းထားခြင်းမရှိတာတွေ့ရပါတယ်။
၂၀၂၀ ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်ခဲ့တဲ့ Pace အဖွဲ့က ၂၀၂၁ ခုနှစ် မတ်လ ၁၆ ရက်နေ့မှာ ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲ စောင့်ကြည့်လေ့လာမှု အစီရင်ခံစာထုတ်ပြန်ခဲ့ပါတယ်။ ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် စီမံခန့်ခွဲဆိုင်ရာ အားနည်းချက်များနှင့် ချွတ်ချော်မှုများရှိသည်ကိုတွေ့ရသော်လည်း ရွေးကောက်ပွဲကြီး၏ ရလဒ်များကို အပြောင်းအလဲဖြစ်စေနိုင်သည်အထိ သက်ရောက်မှုမရှိသည်ကိုတွေ့ရပါသည်။ လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့မှာ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များက ပူးတွဲကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့ပြီး အဲ့ဒီထုတ်ပြန်ချက်မှာတော့ စောင့်ကြည့် လေ့လာမှုများအရ ရွေးကောက်ပွဲဥပဒေမူဘောင်နှင့် လုပ်ထုံးလုပ်နည်းများ၏ အားနည်းချက်များအပြင် ကိုဗစ်-၁၉ ကပ်ရောဂါ အကန့်အသတ်များကြောင့်လည်း ရွေးကောက်ပွဲ လုပ်ငန်းစဉ်များတွင် အားနည်းချက်များရှိခဲ့သည်ကို လေ့လာတွေ့ရှိပါသည်။ သို့သော်လည်း ရွေးကောက်ပွဲရလဒ်များသည် မဲဆန္ဒရှင်အများစု၏ သဘောထားနှင့်အညီ ရရှိလာသော ရွေးကောက်ပွဲရလဒ်များ ဖြစ်သည်ကို ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များအနေဖြင့် တွေ့ရှိပါသည်။ လို့ ဖေါ်ပြထားပါတယ်။
၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် တို့ကို စစ်တပ်က ဖမ်းဆီးပြီးနောက် ဒုတိယသမ္မတဖြစ်သူ ဦးမြင့်ဆွေက ယာယီသမ္မတအဖြစ်နဲ့ နိုင်ငံတော်အရေးပေါ်အခြေအနေကို ကြေညာခဲ့ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အာဏာလွှဲပြောင်းပေးခဲ့ပါတယ်။
၂၀၀၈ အခြေခံဥပဒေ အခန်း(၃) နိုင်ငံတော်အကြီးအကဲ အခန်း ပုဒ်မ (၇၁) (ခ)မှာတော့ နိုင်ငံတော် သမ္မတကို စွပ်စွဲပြစ်တင်လိုပါက ပြည်ထောင်စုလွှတ်တော်တွင်ပါဝင်တဲ့ လွှတ်တော်နှစ်ရပ်မှ လွှတ်တော်တစ်ရပ်ရပ်၏ ကိုယ်စားလှယ်စုစုပေါင်းရဲ့ လေးပုံတစ်ပုံက လက်မှတ်ရေးထိုးပြီး လွှတ်တော်အကြီးအမှူးထံတင်ပြရမယ်လို့ ပြဌာန်းထားပါတယ်။
၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ(၁)ရက်နေ့ အာဏာသိမ်းပြီးနောက်၊ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်မှုကို တနိုင်ငံလုံးအတိုင်းအတာဖြင့် အကြမ်းမဖက်ဆန္ဒပြတဲ့နည်းနဲ့ စတင်ခဲ့ကြတာဖြစ်ပါတယ်။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အကြမ်းမဖက်ဆန္ဒပြပွဲတွေကို စစ်တပ်က ကျည်အစစ်များအသုံးပြုပြီး အကြမ်းဖက်ဖြိုခွဲမှု၊ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် အာဏာသိမ်းပြီး ( ၂) လအတွင်း အနည်းဆုံး ပြည်သူ (၅၄၃) ဦးသေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က၂၀၂၁ ခုနှစ် ဧပြီလ ၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
အာဏာသိမ်းပြီး ၂ လ အကြာ ၂၀၂၁ ခုနှစ် ဧပြီလအတွင်းမှာ စတင်ပြီး ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးက မြို့နယ်တချို့မှာ စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်ဖြိုခွဲမှုကို လက်လုပ်တူမီးသေနတ်များဖြင့် ခုခံခဲ့ကြတာဖြစ်ပါတယ်။ စစ်အာဏာသိမ်းမှုကို လက်နက်ကိုင်ခုခံမှု ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းမှာ ၂၀၂၁ ခုနှစ် ဧပြီလ ၂ ရက်နေ့ကနေ စတင်ပြီး လက်နက်ကိုင်ခုခံတော်လှန်မှု စတင်ခဲ့တာဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် ဧပြီလ ၂၇ ရက်၊ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမှာ ပြုလုပ်တဲ့ အာဆီယံအစည်းအဝေးကို အာဏာသိမ်းစစ်ခေါင်းဆောင်တက်ရောက်ခဲ့ပါတယ်။အဲ့ဒီအစည်းအဝေးမှာ အာဆီယံဘုံသဘောတူညီချက်(၅) ချက်ထွက်ပေါ်လာခဲ့ပါတယ်။ စစ်ကောင်စီဘက်က ဘုံသဘောတူညီချက်(၅)ချက်ကို အကောင်ထည်ဖေါ်ဆောင်ရွက်ခြင်းမရှိတာကြောင့် အာဆီယံထိပ်သီး အစည်းအဝေးတွေနဲ့ အာဆီယံနဲ့ဆက်စပ်တဲ့ အစည်းအဝေးတွေမှာ တက်ရောက်ခွင့် မပြုဖို့ ပိတ်ပင်ခံထားရပါတယ်။
၂၀၂၁ ခုနှစ် ဧပြီလ ၁၆ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကို စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၂၁ ခုနှစ် မေလ(၅)ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကို စတင်ဖွဲ့စည်းခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် စက်တင်ဘာလ(၇)ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြည်သူ့ခုခံစစ်စတင်ကြောင်းကြေညာခဲ့ပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ NCA (၈)နှစ်ပြည့် အခမ်းအနားမိန့်ခွန်းအတွင်း လက်နက်ကိုင်အကြမ်းဖက်မှုတွေကို ပြည်ပနိုင်ငံအချို့က အားပေးတာတွေ၊ မြှောက်ထိုးပင့်ကော် ပြုလုပ်နေတာတွေ တွေ့ရတယ်လို့ စွပ်စွဲပြောဆိုပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဘက်က နိုင်ငံတကာထံကနေ လက်နက်ထောက်ပံ့ကူညီမှုတွေ ရရှိဖို့ မီဒီယာများကတဆင့်တောင်းဆိုတာမျိုးရှိခဲ့ဖူးပေမယ့် ခုခံတွန်းလှန်စစ် (၂)နှစ်ကျော်ကာလအတွင်း အမေရိကန်နဲ့ ဥရောပနိုင်ငံများအပါအဝင် နိုင်ငံတကာက လက်နက်ထောက်ပံ့မှုရရှိကြောင်း NUG ဘက်က အတည်ပြု ပြောဆိုခြင်းမရှိပါဘူး။
၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (၂၁)ရက်နေ့မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို ချက်ချင်း လွှတ်ပေးဖို့ တောင်းဆိုတဲ့ အချက်တွေပါဝင်တဲ့ ဆုံးဖြတ်ချက်တရပ်ကို ကန့်ကွက်သူမရှိ အတည်ပြုချမှတ်ခဲ့ပါတယ်။
၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်းမှာ အမေရိကန် အမျိုးသားကာကွယ်ရေးဆိုင်ရာ ဥပဒေမူကြမ်း(NDAA) ကို အတည်ပြု ပြဋ္ဌာန်းခဲ့ပြီး အဲ့ဒီအထဲမှာ မြန်မာ့ဒီမိုကရေစီအရေးအတွက်ကူညီဖို့ BURMA Act ကိုလည်း ထည့်သွင်းထားပါတယ်။ BURMA Act မှာ Non-Lethal လို့ ခေါ်တဲ့ လက်နက်မဟုတ်တဲ့ တခြားအထောက်ပံ့တွေပေးဖို့ ထည့်သွင်း ဖော်ပြထားပါတယ်။ ဒီဥပဒေကို ပြဋ္ဌာန်းခဲ့တာ (၂) နှစ် နီးပါးရှိလာပေမယ့် အကူအညီပေးရေးတွေကို စတင်အကောင်ထည်ဖေါ်ဆောင်ရွက်ခြင်းတော့ မရှိသေးပါဘူး။
အာဏာသိမ်းစစ်ခေါင်းဆောင်က သူ့ရဲ့ NCA (၈)နှစ်ပြည့်အခမ်းအနား မိန့်ခွန်းအတွင်းမှာ ၂၀၁၁ ခုနှစ်ကနေ ဒီကနေ့ ကာလအထိဟာ ဒီမိုကရေစီစနစ်ကိုလျောက်လှမ်းနေဆဲကာလဖြစ်ပြီး စစ်ကောင်စီအနေနဲ့ ပြည်သူ့ဆန္ဒဖြစ်တဲ့ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို မလွဲမသွေ ဆက်လက်လျှောက်လှမ်းသွားမယ်လို့ ထည့်သွင်းပြောဆိုထားပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့မှာ ရွေးကောက်ခံမဟုတ်တဲ့ စစ်ကောင်စီအုပ်ချုပ်ရေးကို (၄)ကြိမ်မြောက် သက်တမ်းတိုးထားပါတယ်။ သက်တမ်းတိုးပြီး ၂ ရက်အကြာ ဖေဖေါ်ဝါရီလ (၂)ရက်နေ့မှာ တိုင်းနဲ့ပြည်နယ်(၈)ခုက မြို့နယ်(၃၇)မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာထားပါတယ်။ စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်ပိတ်ပင်ခံထားရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလကနေ ယခုနှစ် စက်တင်ဘာလကုန်အထိ လူမှုကွန်ယက်ပေါ်မှာ ရေးသားမှုတွေနဲ့ ပြောဆိုဆက်သွယ်မှုတွေကြောင့် ဖမ်းဆီးခံရသူ (၁,၃၀၀) ကျော်ရှိတယ်လို့ Data For Myanmar က အောက်တိုဘာလ(၈)ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ဖမ်းဆီးခံရတဲ့အထဲမှာ ရန်ကုန်က လူပေါင်း (၃၀၀)ကျော်၊ မန္တလေးက လူပေါင်း (၃၀၀) နီးပါးနဲ့ အများဆုံးဖြစ်ပါတယ်။ စစ်ကောင်စီကို ဆိုရှယ်မီဒီယာပေါ်မှာ ရုပ်သံဗီဒီယိုကတဆင့် ပြစ်တင်ဝေဖန်ခဲ့တာကြောင့် ဖမ်းဆီးခံထားရတဲ့ ဟစ်ဟော့ပ် အဆိုတော်ဗျူဟာကို ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းမှာ ထောင်ဒဏ်နှစ်(၂၀)အထိ ချမှတ်ထားပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်က သူ့ရဲ့ မိန့်ခွန်းအတွင်းမှာ ၂၀၂၂ ခုနှစ်ဟာ ငြိမ်းချမ်းရေးနှစ်ဖြစ်တယ်လို့ ထည့်သွင်းပြောဆိုခဲ့ပေမယ့် အာဏာသိမ်းပြီးချိန်က စတင်ပြီး ၂၀၂၂ ခုနှစ် အောက်တိုဘာလအတွင်းထိ နိုင်ငံတဝန်း တိုက်ပွဲပေါင်း (၇,၇၀၃)ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီအထဲမှာ တိုက်ပွဲပေါင်း (၄,၅၂၀) ထက်မနည်းက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ISP Myanmar က အချက်အလက်ထုတ်ပြန်ထားပါတယ်။
စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်အောင်လှိုင်ပြောတဲ့ ငြိမ်းချမ်းရေးနှစ် ၂၀၂၂ ခုနှစ်အတွင်းမှာ နိုင်ငံတဝန်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ပေါင်း အကြိမ် (၈၂၀) တိုက်ခိုက်ခဲ့ပြီး ကရင်ပြည်နယ်မှာ အများဆုံးဖြစ်တယ်လို့ ယခုနှစ် မေလအတွင်းမှာ ထုတ်ပြန်တဲ့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
ခုခံတွန်းလှန်စစ် (၂) နှစ်တာ ကာလအတွင်း တိုက်ပွဲအကြိမ်ရေ (၉,၉၀၀) ဖြစ်ပွားခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ပြီးခဲ့တဲ့ စက်တင်ဘာလမှာ ထုတ်ပြန်ခဲ့တဲ့ ပြည်သူ့ ခုခံတွန်းလှန်စစ် (၂)နှစ်ပြည့် အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ ခုခံစစ်( ၂ )နှစ်တာအတွင်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှု အနည်းဆုံး အကြိမ် (၁,၄၀၀) ကျော် တိုက်ခိုက်ခဲ့တယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ခုခံတော်လှန်စစ် ကြေညာခြင်း (၂) နှစ်ပြည့်မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုထားပါတယ်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့အထိ ကောက်ယူထားတဲ့ အချက်အလက်များအရ နွေဦးတော်လှန်ရေးကာလအတွင်း ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူ စုစုပေါင်း (၄၁၄၆) ဦးထက်မနည်းသေဆုံးထားတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။ အာဏာသိမ်းမှုအလွန် အောက်တိုဘာလ (၉)ရက်နေ့အထိ အရပ်သားပြည်သူ(၁၀)ဦးထက်မနည်း သတ်ဖြတ်ခံရတဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ် (၂၂) ကြိမ်ရှိခဲ့တယ်လို့ ISP Myanmar ရဲ့ ကပြင်ရပ်ဝန်းကဖေါ်ပြထားပါတယ်။