သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှား-မြန်မာ စွမ်းအင်ဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်


ရုရှား-မြန်မာ စွမ်းအင်ဆိုင်ရာ ဆွေးနွေးပွဲပြုလုပ် (အောက်တိုဘာ ၁၁၊ ၂၀၂၃)
ရုရှား-မြန်မာ စွမ်းအင်ဆိုင်ရာ ဆွေးနွေးပွဲပြုလုပ် (အောက်တိုဘာ ၁၁၊ ၂၀၂၃)

ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ အောက်တိုဘာလ ၁၁ ရက်ကနေ ၁၃ ရက်အထိ သုံးရက်တာကျင်းပနေတဲ့ စွမ်းအင်ဖိုရမ်ကို မြန်မာစစ်ကောင်စီ စွမ်းအင်ဌာနကပြည်ထောင်စုဝန်ကြီး တက်ရောက်နေပြီး ရုရှား-မြန်မာ နှစ်နိုင်ငံကြား ဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်ရေး ကိစ္စကို ဆွေးနွေးခဲ့တယ်လို့ ရုရှားနိုင်ငံပိုင် သတင်းဌာနတခုက ဒီနေ့ ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ပါတယ်။ မြန်မာစွမ်းအင်ဌာနကတော့ လောလောဆယ် ဆွေးနွေးပွဲ အသေးစိတ်ကို မပြောနိုင်သေးကြောင်း ဗွီအိုအေကို ပြောပါတယ်။ ရန်ကုန်က ပေးပို့တဲ့ သတင်းကို အခြေခံပြီး ကိုဝင်းခန့်မောင်က ပြောပြမှာပါ။

၆ ကြိမ်မြောက် ကျင်းပနေတဲ့ ရုရှား မော်စကိုမြို့က စွမ်းအင်ဖိုရမ်ကို မြန်မာစစ်ကောင်စီရဲ့ စွမ်းအင်ဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်လည်း တက်ရောက်နေပြီး ရန်ကုန်ကို သွယ်တန်းမဲ့ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကိစ္စကို ဆွေးနွေးခဲ့တယ်လို့ ရုရှားသတင်းတချို့က ထုတ်ပြန်ပါတယ်။ ဒီ ဓာတ်ငွေ့ပိုက်လိုင်းကို ဘယ်လိုသွယ်တန်းမယ်၊ ဒါမှမဟုတ် မြန်မာပြည်တွင်းက သဘာဝဓာတ်ငွေ့ တူးဖော်ရေး လုပ်ငန်းတွေနဲ့ ပူးပေါင်းမှာလားဆိုတဲ့ စီမံကိန်း အသေးစိတ်ကိုတော့ မြန်မာဘက်က မထုတ်ပြန်သေးပါဘူး။

မြန်မာစွမ်းအင်ဌာနရဲ့ အမြဲတမ်း အတွင်းဝန် ဦးမင်းမင်းဦးကတော့ ဝန်ကြီဌာနအနေနဲ့ ဒီပွဲကို တက်ရောက်နေဆဲဖြစ်တာမို့ အသေးစိတ်ကို မပြောနိုင်သေးကြောင်း ဗွီအိုအေကို ပြောပါတယ်။

“ဝန်ကြီးက စွမ်းအင်ဖိုရမ်ကို သွားတက်နေတုန်းပဲ ရှိပါသေးတယ်၊ ဒီနေ့မှ စတက်တာပေါ့။ ကျနော်လည်း confirm ပေးလို့ရအောင် ဘယ်ဟာကို ဆွေးနွေးတယ် မဆွေးနွေးဘူးဆိုတာ ဟိုမှာ ဆွေးနွေးဆဲဖြစ်လို့ ပေးလို့မရနိုင်ဘူး။ ဝန်ကြီးကပြန်လာပြီး ဆွေးနွေးတာတွေ သတင်း ထုတ်ပြန်တယ် ဆိုရင်တော့ ပြန်လာမှပဲ ဘာတွေဆွေးနွေးလဲ ဘာလုပ်ခဲ့တယ် အခြေအနေ သိကောင်းသိရမှာ။ ဟိုမှာလည်း ဝန်ကြီးက အခုမှ ဆွေးနွေးခန်းထဲမှာပဲ ရှိနေသေးတယ်လို့ ကျနော်သိရတယ်။”

ဦးကိုကိုလွင်ဟာ ရုရှားကိုမသွားခင် ကာဇတ်စတန်နိုင်ငံမှာ အောက်တိုဘာလ ၃ရက်ကနေ ၆ရက်အထိကျင်းပတဲ့ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး စွမ်းအင်ဖိုရမ်ကို တက်ရောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ စွမ်းအင် အရင်းအမြစ်တွေ ရှိနေပေမဲ့ ထုတ်လုပ်နိုင်ဖို့ အကန့်အသတ်တွေ ရှိနေလို့ ရှန်ဟိုင်းအဖွဲ့ SOC နဲ့ ပူးပေါင်းလိုကြောင်း ဦးကိုကိုလွင်က ပြောခဲ့တာပါ။

ရုရှားစွမ်းအင် ရက်သတ္တပတ်တာ ဖိုရမ်ကို နှစ်စဉ် အောက်တိုဘာလ ၁၂ရက်မှာ ကျင်းပလေ့ရှိပါတယ်။ မြန်မာ့အလင်း သတင်းဌာနကတော့ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း အနေနဲ့ ရုရှားစွမ်းအင်ကုမ္ပဏီ ROSGEO နဲ့ ဆွေးနွေးခဲ့တယ်လို့ ဒီနေ့ထုတ်ပြန်ပါတယ်။ ရုရှားနဲ့ မြန်မာစစ်ကောင်စီဟာ ကုန်သွယ်ရေး၊ စီးပွာရေး၊ စွမ်းအင် စတဲ့ကဏ္ဍတွေမှာ ပူးပေါင်းနိုင်ဖို့ ဆွေးနွေးခဲ့တာ ရှိပါတယ်။ မကြာသေးခင်ကလည်း ရုရှား-မြန်မာ တိုက်ရိုက်လေကြောင်း ခရီးစဉ်ကို စတင်ခဲ့ကြပါတယ်။

ရုရှား နိင်ငံပိုင် နျူကလီယား စွမ်းအင် နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ ROSATOM နဲ့ မြန်မာစွမ်းအင်ဌာနတို့ အကြားမှာလည်း ဒီနေ့ နားလည်မှု စာချွန်ကို ရေးထိုးခဲ့တယ်လို့ Interfax က ထုတ်ပြန်ပါတယ်။ ရုရှားနိုင်ငံဟာ မြန်မာအပါအဝင် သီရိလင်္ကာ နိုင်ငံတို့မှာ နျူကလီယား စွမ်းအင်ကို အသုံးချနိုင်ဖို့ ကူညီပေးသွားမဲ့အကြောင်းလည်း ရုရှားဘက်က ထုတ်ပြောပြီး မကြာခင်မှာ အခုလို လက်မှတ်ရေးထိုးဖြစ်တာပါ။

မြန်မာနိုင်ငံမှာ နျူကလီယားစက်ရုံ အသေးစားတည်ဆောက်မှု အတွက် ဖြစ်နိုင်ချေ ဆန်းစစ်မှုကို အပြီးသတ်လုပ်ဆောင်ဖို့ Rosatom က စီစဉ်ထားတယ်လို့လည်း ရုရှားသတင်းမှာ ဖေါ်ပြပါတယ်။ မြန်မာဟာ နျူကလီယား ဓါတ်အားပေးစက်ရုံ အငယ်စားတခု တည်ဆောက်ရေးအတွက် ရုရှားနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဒီနှစ်ဆန်း ဖေဖေါ်ဝါရီလထဲမှာ သဘောတူညီချက် လက်မှတ်ရေးထိုးထားတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ မြန်မာစစ်ကောင်စီဟာ ရုရှားကနေ လောင်စာဆီကို ဝယ်ယူနေတာ ဖြစ်ပြီး ရုရှားရဲ့ လောင်စာဆီတွေ မြန်မာကတဆင့် တရုတ်ကပြန်ပြီး ဝယ်ယူနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG