အာရှတလွှား အွန်လိုင်းကနေ လိမ်လည်နေတဲ့ ရာဇဝတ်ဂိုဏ်းတွေဟာ မြန်မာနိုင်ငံမှာ ပိုအခြေစိုက်လာနေကြောင်း ကုလသမဂ္ဂရဲ့ အစီရင်ခံစာသစ်က ဖော်ပြလိုက်တယ်လို့ စက်တင်ဘာ ၂၆ ရက်နေ့ VOA သတင်းမှာ ဖော်ပြတာတွေ့ရပါတယ်။ အစီရင်ခံစာကို မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး (UNODC)ကထုတ်ပြန်ခဲ့တာဖြစ်ပြီး တရုတ်နဲ့ ထိုင်ဝမ်က ရာဇဝတ်ဂိုဏ်းတွေဟာ မဲခေါင်ဒေသနိုင်ငံတွေအပြင် ဖိလစ်ပိုင်နိုင်ငံမှာပါ အခြေစိုက်ပြီး၊ အင်တာနက်ကနေ လူမှုရေး အရှုပ်အထွေးတွေနဲ့ ခြိမ်းခြောက် လိမ်လည်တာ၊ ငွေညစ်တာတွေ ၊ ရင်းနှီးမြှုပ်နှံမှုတွေမှာလည်း လိမ်လည်မှုတွေ ကျုးလွန်နေတယ်။
အဲဒီ ရာဇဝတ်ဂိုဏ်းတွေဟာထိုင်းနိုင်ငံနဲ့နယ်စပ် လက်နက်ကိုင်အုပ်စုတွေ ကြီးစိုးတဲ့ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်မှာ အများစု ရှိနေပြီး၊ တရုတ်နဲ့ ထိစပ်နေတဲ့ ရှမ်းမြောက် "ဝ" နဲ့ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေလည်း ပါဝင်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
စက်တင်ဘာ ၂၃ ရက် VOA သတင်းတစ်ပုဒ်မှာလည်း ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့မှာ အခြေစိုက်ပြီး အွန်လိုင်းက လိမ်လည်နေတဲ့ ဆိုက်ဘာဂိုဏ်းတွေအတွက် အင်တာနက်ချိတ်ဆက်နိုင်အောင် လုပ်ပေးနေတဲ့ လုပ်ငန်းတွေကို ထိုင်းရဲတွေ နှိမ်နှင်းခဲ့တဲ့အကြောင်း၊ လူ ၁၇ ဦးကို ဖုန်း SIM ကဒ် ၇,၆၀၀ ကျော်၊ဆက်သွယ်ရေးပစ္စည်းတွေနဲ့အတူ ဖမ်းဆီးမိတဲ့အကြောင်း ထိုင်း ဒုရဲချုပ်ရဲ့ သတင်းစာရှင်းလင်းပွဲမှာပြောကြားတာကို ဖော်ပြထားပါတယ်။
ထို့အတူ ရွှေကုက္ကိုလ်ရောက် နီပေါနိုင်ငံသားတွေကို ထိုင်းကယ်တင်ဆိုတဲ့ သတင်းတစ်ပုဒ်ကိုလည်း စက်တင်ဘာ ၁၅ ရက်နေ့ VOA သတင်းမှာ ဖော်ပြခဲ့ပါတယ်။ အဲဒီသတင်းမှာ ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ်၊မြဝတီမြို့အနီး ရွှေကုက္ကိုလ် ဒေသက တရုတ်ကာစီနိုလောင်းကစားရုံနဲ့ အွန်လိုင်းလိမ်လည်ဂိုဏ်းတွေမှာ ရောင်းစားခံရတဲ့နီပေါနိုင်ငံသား ၈ ယောက်ကို ထိုင်းနိုင်ငံ အထူးစုံစမ်း စစ်ဆေးရေးဌာန Department of Special Investigation (DSI) ကဦးဆောင်ပြီး ကယ်ဆယ်ခဲ့တဲ့အကြောင်းဖော်ပြထားပါတယ်။
ရွှေကုက္ကိုလ်ဆိုတာ ကရင်ပြည်နယ်၊မြဝတီမြို့နဲ့ ၁၂ မိုင်အကွာအဝေးမှာရှိတဲ့ မြို့သစ်စီမံကိန်းတစ်ခုဖြစ်ပါတယ်။ ရွှေကုက္ကိုလ်မြို့သစ်ဟာ ၂၀၁၀ ခုနှစ်မှာ နယ်ခြားစောင့်တပ်(BGF)အသွင်ပြောင်းခဲ့တဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်မှာရှိတဲ့ ဗိုလ်မှူးချုပ် စောချစ်သူဦးဆောင်တဲ့ DKBA ထိန်းချုပ်နယ်မြေဖြစ်ပါတယ်။ မြို့သစ်စီမံကိန်းကို တရုတ်လုပ်ငန်းစု Jilin Yatai Group နဲ့ BGF ရဲ့ ချစ်လင်းမြိုင်ကုမ္ပဏီတို့ ပူးပေါင်းပြီး Myanmar Yatai International Co., ltd အမည်နဲ့ ၂၀၁၇ ခုနှစ်မှာ စတင်ခဲ့တာပါ။
အဆိုပါစီမံကိန်း စတင်စဉ်ကပင် တရုတ်ကာစီနို လောင်းကစားရုံတွေ ပါဝင်လာနိုင်တယ်လို့ Asia Time က သတိပေးရေးသားခဲ့တာတွေ့ရပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်(MIC) ခွင့်ပြုထားတာထက်ကျော်လွန်လုပ်ကိုင်နေတဲ့အတွက် အဲဒီအချိန်က ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ရပ်ဆိုင်းစေပြီး စုံစမ်းစစ်ဆေးမှုတွေလုပ်ခဲ့ပါတယ်။အဲဒီအကြောင်းကို ဧရာဝတီသတင်းဌာနက ၂၀၁၉၊စက်တင်ဘာ ၃ ရက်နေ့မှာ ခြေလွန်လက်လွန် ဖြစ်သွားတဲ့ မြဝတီက တရုတ်မြို့သစ် စီမံကိန်း ဘာဆက်ဖြစ်မလဲလို့ မေးခွန်းထုတ်ထားတဲ့ ဆောင်းပါးတစ်ပုဒ်ရေးသားခဲ့တာတွေ့ရပါတယ်။
၂၀၂၁၊ဖေဖော်ဝါရီ ၁ ရက် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ရွှေကုက္ကိုဒေသဟာ အွန်လိုင်းကနေ လိမ်လည်မှု၊လူကုန်ကူးမှု၊မူးယစ်ဆေးဝါးကုန်သွယ်မှုနဲ့ ကာစီနိုလောင်းကစားလုပ်ငန်းတွေ အခြေစိုက်ရာဒေသဖြစ်လာခဲ့ပါတယ်။ဒါကြောင့်လည်း The Diplomat မဂ္ဂဇင်းက မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနယ်စပ်အနီး ကရင်ပြည်နယ်ထဲက ရွှေကုက္ကို အခြေစိုက် တရုတ်ကာစီနိုလုပ်ငန်းတွေနဲ့ ဆက်စပ်ပြီး လူကုန်ကူးမှု ပြဿနာဟာ ဒေသတွင်းနိုင်ငံတွေအထိ စိုးရိမ်စရာဖြစ်လာနေတဲ့အကြောင်း ၂၀၂၂၊ဩဂုတ်လ ၂၃ ရက်နေ့က ရေးသားခဲ့တာပါ။
၂၀၂၃၊ဩဂုတ်လအတွင်းက ထုတ်ပြန်ခဲ့တဲ့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာမှာလည်း မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှ နိုင်ငံတွေမှာ ရာဇဝတ်ဂိုဏ်းတွေက သိန်းနဲ့ ချီတဲ့ လူတွေကို ဆိုက်ဘာရာဇဝတ်မှုတွေကို ကျူးလွန်ဖို့ မကြာခဏ ညှဉ်းပန်းနှိပ်စက် ခြိမ်းခြောက်ကာ ဖိအားပေးစေခိုင်းနေတယ်။အများစုဟာ ဆိုက်ဘာရာဇဝတ်မှုတွေကို ကျူးလွန်ဖို့အတွက် လူကုန်ကူးခံရပြီး၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုလို ပြင်းထန်တဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကို ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲ Volker Turk က အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။
ရွှေကုက္ကိုဒေသရဲ့ လက်ရှိအခြေအနေကို ပေါ်လွင်စေတဲ့ အင်တာဗျူးတစ်ခုကို ၂၀၂၃၊ဇွန်လ ၁၈ ရက်နေ့မှာ VOA က ထုတ်လွှင်ခဲ့ပါတယ်။အဲဒါကတော့ ရွှေကုက္ကိုဒေသကို စောင့်ကြည့်လေ့လာနေတဲ့ အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးအင်စတီကျူ့(USIP)က မြန်မာနိုင်ငံဆိုင်ရာညွှန်ကြားရေးမှူး Jason Tower နဲ့ အင်တာဗျူးပဲဖြစ်ပါတယ်။ဂျေဆင်တာဝါက ကရင်ပြည်နယ်၊သောင်ရင်းမြစ်ကမ်းတလျှောက် ကီလိုမီတာ ၅၀ လောက်ရှည်လျားတဲ့ ဧရိယာတစ်ခုလုံးဟာ ရာဇဝတ်ဂိုဏ်းတွေ ကြီးစိုးထားတဲ့နေရာတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့တယ်။အဲဒီဒေသတဝိုက်ကို တရုတ်နိုင်ငံနဲ့ဆက်စပ်နေတဲ့ နိုင်ငံဖြတ်ကျော်ဖွဲ့စည်းထားတဲ့ ရာဇဝတ်ဂိုဏ်းတွေက တည်ဆောက်ထားတာဖြစ်တယ်။အထူးသဖြင့် မြန်မာစစ်တပ်ထိန်းချုပ်မှုအောက်မှာရှိတဲ့ ကရင်နယ်ခြားစောင့်တပ်(BGF)နဲ့ တရုတ်ရာဇဝတ်ဂိုဏ်းတွေ ပူးပေါင်းဆောင်ရွက်မှုဟာ နက်ရှိုင်းပြီး ဩဇာကြီးမားတယ်။ရာဇဝတ်မှုပုံစံတွေ ကျယ်ပြန့်လာတာကို ကိုဗစ်ကပ်ရောဂါကြီးပြီးကတည်းကတွေ့မြင်နေရတယ်။စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဒီလို ရာဇဝတ်မှုတွေဟာ သိသိသာသာ တက်လာတယ်။သောင်ရင်းမြစ်တလျှောက်ရှိနေတဲ့ အဲဒီဒေသမှာ လူကုန်ကူးခံရတဲ့သူတွေဟာ နိုင်ငံပေါင်း (၃၀) ကျော်ကလူတွေပါဝင်နေတယ်။ ဒါဟာ အရှေ့တောင်အာရှမှာ ဆိုက်ဘာကျွန်ပြုဖို့ လူကုန်ကူးခံရတဲ့ နိုင်ငံစုစုပေါင်း ၄၆ နိုင်ငံထဲက မြန်မာနိုင်ငံ ရွှေကုက္ကိုလ်မှာရှိနေတာဟာ နိုင်ငံပေါင်း ၃၀ ကျော်ကဖြစ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။
၂၀၂၃၊ဇွန်လထဲမှာ စစ်ကောင်စီနဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Qin Gang (ရှင်ဂန်း)က မြန်မာ-ထိုင်းနယ်စပ်က လူကုန်ကူးမှုနဲ့ ဆိုက်ဘာကျွန်ပြုမှုတွေကို နှိမ်နင်းဖို့ တရုတ်၊ မြန်မာ၊ ထိုင်း သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး အဓိကတိုက်တွန်း ဖိအားပေးခဲ့တဲ့အပေါ် ဘယ်လိုမြင်ပါသလဲလို့ မေးမြန်းရာမှာတော့ ဂျေဆင်တာဝါက ဒီရာဇဝတ်ဂိုဏ်းတွေရဲ့လှုပ်ရှားမှုတွေကို နှိမ်နင်းဖို့၊အကောင်အထည်ဖေါ်ကြိုးစားရာမှာ တရုတ်အနေနဲ့ စစ်ကောင်စီနဲ့ လက်တွဲလုပ်ဆောင်တာဟာ မှားယွင်းတဲ့ မိတ်ဖက်ဖွဲ့မှုဖြစ်တယ်လို့ ကျနော် မြင်ပါတယ်။ မြန်မာစစ်တပ်အနေနဲ့ ဒီပြဿနာကို ဖြေရှင်းဖို့ ကောင်းမွန်တဲ့ နိုင်ငံရေးဆန္ဒ မရှိသလောက် နည်းပါးတယ်လို့ပြောချင်ပါတယ်လို့လည်းဖြေကြားခဲ့ပါတယ်။
UNODC ဒေသဆိုင်ရာကိုယ်စားလှယ်လည်းဖြစ်၊ UNODC အစီရင်ခံစာရေးသားရာမှာလည်း ပါဝင်သူဖြစ်တဲ့ Jeremy Douglas ကလည်း ဥပဒေစိုးမိုးမှုတွေ အားနည်းတဲ့ ဒေသတွေမှာ ရာဇဝတ်ဂိုဏ်းတွေ ကြီးစိုးနေတာပါလို့ ဆိုပါတယ်။ဒါကြောင့် အကြမ်းဖက်မှုတွေဆက်တိုက် ကျူးလွန်နေတဲ့ မြန်မာစစ်ကောင်စီထံက တရားဥပဒေစိုးမိုးမှုကို ဘယ်လိုမှ မျှော်လင့်လိုရနိုင်မှာ မဟုတ်သလို ရာဇဝတ်ဂိုဏ်းတွေကို ထိရောက်အောင်နှိမ်နှင်းဖို့ဆိုတာလည်း ဖြစ်နိုင်ခြေမရှိဘူးလို့ မြန်မာ့အရေးစောင့်ကြည့်လေ့လာနေသူတွေက ဆိုကြပါတယ်။