ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တပ်ကုန်းအနောက်ပိုင်း ထီဝန်းရပ်ကွက်မှာ တနင်္လာနေ့ ညနေပိုင်းက စစ်ကောင်စီတပ်က ကချင်လွတ်လပ်ရေးအဖွဲ့ KIO အဖွဲ့ဝင် ၄ဦးကို ဖမ်းဆီးခဲ့ပြီး တဦးကတော့ ဖမ်းဆီးစဉ် ပစ်ခတ်ခံရတာကြောင့် သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ KIO ဘက်ကတော့ အဖမ်းခံရသူတွေဟာ သူတို့ အဖွဲ့ဝင် ဟုတ်၊ မဟုတ် စုံစမ်းနေဆဲဖြစ်ကြောင်း ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။
ကချင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နဲ့ KIO အကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေချိန်မှာ KIO အဖွဲ့ဝင်အချို့ မြစ်ကြီးနားမြို့မှာ ဖမ်းဆီးခံရကြောင်း သတင်းထွက်ပေါ်ခဲ့တာပါ။ ဒီလို ဖမ်းဆီးချိန်မှာ သေနတ်သံတွေကြားခဲ့ရပြီး ဖမ်းဆီးခံရသူ ၄ဦးအနက် တဦး သေဆုံးခဲ့တယ်လို့ အခင်းဖြစ်ပွားရာအနီးက ဒေသခံတစ်ဦးက VOA ကို ပြောပါတယ်။
“ မနေ့ည ၆နာရီခွဲမှာ ကျမတို့ ဒီ ထီဝန်းရပ်ပေ့ါနော။ အဲဒီထီဝန်းထဲမှာ သေနတ်ပစ်သံတွေ ကြားတာ။ ဒါပေမဲ့ သေနတ်ပစ်သံလို့ မထင်ဘူး။ အော် သီတင်းကျွတ်ကာလဆိုတော့ ကလေးတွေ ဗျောက်ဖောက်နေတာပေါ့။ အဲလို ထင်ခဲ့တာ။ နောက်တော့ ဖုန်းဆက်ပြီး ပြောပြလာတာ။ လူငယ် ၄ယောက်ကို ဖမ်းတာတဲ့။ အဲဒါ တယောက်ကတော့ ထိသွားတယ်ပေါ့။ လယ်တောထဲမှာပဲ လဲကျသွားတာပေ့ါလေ နော။ သေနတ်တွေနဲ့ပစ်တော့ ထိမှန်သွားတယ်တဲ့။ ၃ယောက်ကို ဖမ်းမိသွားပြီ ဆိုပြီးတော့မှ။ မနေ့ညကတော့ အဲဒါ မဟုတ်ဘူး ထင်တယ်ပေါ့။ ဒီနေ့မနက်စုံစမ်းတော့ တကယ်ပဲ အဲလို ဖြစ်သွားတာ။ ”
ထီဝန်းရပ်ကွက်က လယ်တောအစပ်မှာတည်ရှိပြီး လာရောက်ဖမ်းဆီးချိန် လယ်တောဘက် ထွက်ပြေးရာမှာ သေနတ်နဲ့ ပစ်ခံရတာဖြစ်ကြောင်းပြောပါတယ်။ ဒါ့အပြင် မြစ်ကြီးနားမြို့ ထီဝန်းရပ်က နေအိမ်ကို နမ္မတီးမြို့မှာ အဖမ်းခံခဲ့ရတဲ့ KIO အဖွဲ့ဝင် တယောက် လိုက်လံပြသခဲ့တာကြောင့် စစ်ကောင်စီဘက်က သိသွားပြီး အခုလို ဖမ်းဆီးတာဖြစ်ကြောင်း ပြောပါတယ်။
ဒေသတွင်း သတင်းမီဒီယာတွေမှာလည်း ဖမ်းဆီးခံရသူတွေဟာ KIO အဖွဲ့ဝင်တွေဖြစ်ကြောင်း ဖော်ပြကြပါတယ်။ KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူကတော့ ဖမ်းဆီးခံရသူတွေနဲ့ ပတ်သက်လို့ စုံစမ်းနေဆဲဖြစ် ကြောင်း ပြောပါတယ်။
“ အတော်များများကတော့ အဲဒီသတင်းတွေကို တင်ကြပါတယ်။ ဒါပေမဲ့ ကျနော်တို့ဘက်ကို တရားဝင် အကြောင်းကြားတာတော့ မရှိဘူး။ ကျနော်တို့လည်း စုံစမ်းနေဆဲပဲ ဖြစ်ပါတယ် ခင်ဗျ။”
ပြီးခဲ့တဲ့ စနေနေ့က မိုးမောက်မြို့နယ် အူထာယန်ကျေးရွာအနီး တိုက်ပွဲမှာ စစ်ကောင်စီတပ်က အရာရှိတဦးအပါအဝင် ၅ယောက်ကို KIA ဘက်က ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးခံရသူတဦးကတော့ တိုက်ပွဲအတွင်း ရရှိတဲ့ ဒဏ်ရာနဲ့ သေဆုံးခဲ့ကြောင်းလည်း ဗိုလ်မှုးကြီးနော်ဘူက VOA ကို ပြောဆိုပါတယ်။ ဒီကနေ့မှာတော့ မြစ်ကြီးနား -ဗန်းမော်ကားလမ်း ဝိုင်းမော်မြို့နယ် ဒဘတ်ယန်နဲ့ ဂျာပူအကြားနဲ့ ဖားကန့်မြို့နယ် ဆိုင်းတောင်မှာ စစ်ကောင်စီတပ်နဲ့ KIA အကြား တိုက်ပွဲဖြစ်ပွားတာတွေ ရှိနေပါတယ်။