ဒေါ်လာစျေး၊ရွှေစျေး၊ကုန်စျေးနှုန်းတွေတက်တာဟာ ဝိသမလောဘ စီးပွါးရေးသမားတွေကြောင့်လား။
စစ်တပ်က အာဏာသိမ်းခဲ့တာကြောင့်လား။
ဒီရက်ပိုင်းတွေအတွင်း မြန်မာနိုင်ငံမှာ ဒေါ်လာစျေး၊ရွှေစျေးတွေတက်ပြီး စျေးကွက်တွေ မတည်မငြိမ်၊ ကမောက်ကမဖြစ်နေတဲ့ သတင်းတွေ၊ဆန်၊ဆီအပါအဝင် အခြေခံကုန်စျေးနှုန်းတွေ ဆက်တိုက်တက်နေတဲ့သတင်းတွေ ကြားနေရပါတယ်။ ဧရာဝတီသတင်းဌာနကဖော်ပြတဲ့ ရန်ကုန်မြို့ရဲ့ ဩဂုတ်လ ၂၂ ရက် ကုန်စျေးနှုန်းသတင်းတွေမှာ ရွှေဘိုပေါ်ဆန်း ၁ အိတ် ၁၄၅,၀၀၀ ကျပ် မှ ၁၆၀,၀၀၀ ကျပ်၊ ဆန်ချော (ဧရာဝတီ ပေါ်ဆန်းအုပ်စုဝင်)ဆန် ၁ အိတ် ၁၁၀,၀၀၀ ကျပ် မှ ၁၃၀,၀၀၀ ကျပ်၊ဆန်ကြမ်း(ငစိန်၊ ဇီယာ အုပ်စုဝင်) ၁ အိတ် ၇၀,၀၀၀ ကျပ်ကျော် မှ ၈၄,၀၀၀ ကျပ်၊စားအုန်းဆီ ၁ ပိဿာ ၁၁,၀၀၀ ကျပ်၊ ဓာတ်ဆီ(၉၂) ၁ လီတာ ၂,၂၅၀ ကျပ်၊ ဒီဇယ် ၁ လီတာ ၂,၄၆၀ ကျပ်၊ အမေရိကန် ၁ ဒေါ်လာ ၃,၇၀၀ ကျပ်၊အခေါက်ရွှေ ၁ ကျပ်သား ၃၇ သိန်းလို့ တွေ့ရပါတယ်။
ဒီလိုကုန်စျေးနှုန်းသတင်းတွေအပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ Sonali ဘဏ်မှာမြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB)၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှု (MFTB) ဘဏ်တွေက အပ်နှံထားတဲ့ ဒေါ်လာတစ်သန်းကျော်ကို ဘင်္ဂလားဒေ့ရှ်အစိုးရက ထုတ်ယူခွင့် မပေးဘဲ ပိတ်ဆို့လိုက်တယ်ဆိုတဲ့သတင်း၊ စင်ကာပူအခြေစိုက် United Overseas Bank (UOB)ကလည်း မြန်မာနိုင်ငံက လူပုဂ္ဂိုလ်များနဲ့ ဘဏ်များရဲ့ ဗီဇာကဒ်၊မာစတာကတ်တွေအပါအဝင် မြန်မာဘဏ်တွေနဲ့ ဆက်ဆံရေးကို စက်တင်ဘာလ ၁ ရက်နေ့မှာ ရပ်ဆိုင်းမယ်ဆိုတဲ့သတင်းတွေလည်း ထွက်ပေါ်လာတာ တွေ့ရပါတယ်။ဧရာဝတီသတင်းဌာနက ဩဂုတ်လ ၂၁ ရက်နေ့မှာဖော်ပြခဲ့တဲ့ "နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက စင်ကာပူမှာရှိ”ဆိုတဲ့ဆောင်းပါးမှာ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ဗဟိုဘဏ်အနေနဲ့ ၂၀၂၁၊မတ်လအထိ အာရှ၊ ဥရောပနဲ့ အမေရိကန် ပြည်ထောင်စုက ဘဏ် ၁၄ ခုမှာ နိုင်ငံခြားအရန်ငွေ အမေရိကန်ဒေါ်လာ ၆ ဒဿမ ၈ ဘီလီယံရှိပါတယ်၊ အဲဒီငွေတွေအနက် စင်ကာပူဘဏ် ၉ ခုမှာဒေါ်လာ ၄ ဒဿမ ၅ ဘီလီယံရှိတယ်လို့ ဖော်ပြထားပါတယ်။
မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB)နဲ့ မြန်မာ့ရင်းနှီးမြုပ်နှံမှုဘဏ်နှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB)တွေကို အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့အရေးယူ ဒဏ်ခတ်လိုက်တယ်လို့ ၂၀၂၃၊ဇွန် ၂၁ ရက်နေ့က ထုတ်ပြန်ကြေညာပြီးနောက်ပိုင်း စစ်ကောင်စီဟာ ဒေါ်လာငွေ အခက်အခဲပိုကြီးလာတာတွေ့ရပါတယ်။ အဲဒီနောက်ပိုင်း ဒေါ်လာစျေးတွေ ဆက်တိုက်တက်ကာ ကျပ်ငွေတန်ဖိုးလည်း ဆက်တိုက်ကျဆင်းလာပါတယ်။ ဒီလိုအခြေအနေမှာ စစ်ကောင်စီဟာ ၂၀၂၁၊ဇူလိုင် ၃၁ ရက်နေ့မှာ နှစ်သောင်းတန်ငွေစက္ကူသစ် ထုတ်ဝေလိုက်တဲ့အခါ ငွေကြေးဖောင်းပွမှုနဲ့ ကုန်စျေးနှုန်းတွေတက်နေတဲ့ အခြေအနေတွေဟာ ပိုဆိုးသွားခဲ့ပါတယ်။
ဒီအချိန်မှာပဲ ၉ လကြာ သတင်းစာရှင်းလင်းပွဲတွေ မလုပ်ဘဲ ရပ်နားထားခဲ့တဲ့ စစ်ကောင်စီဟာ ဩဂုတ်လ ၂၂ ရက်နေ့က သတင်းစာရှင်းလင်းပွဲတစ်ခု ပြန်လုပ်ခဲ့ပါတယ်။အဲဒီသတင်းစာရှင်းလင်းပွဲမှာ လက်ရှိ ရင်ဆိုင်နေရတဲ့ ငွေကြေးအကျပ်အတည်း၊ငွေကြေးဖောင်းပွမှု၊ကုန်စျေးနှုန်းကြီးမြင့်မှုတွေအကြောင်းကို အဓိကထား ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။သတင်းစာရှင်းလင်းပွဲအပြီးမှာတော့ ကုန်စျေးနှုန်းတည်ငြိမ်ရေးကော်မတီဖွဲ့ပြီး ကုန်စျေးနှုန်းတည်ငြိမ်ရေးအစီအစဉ်တွေဆောင်ရွက်မယ်၊ ဘဏ်တချို့ဟာ သစ္စာမရှိဘူး၊ နိုင်ငံခြားငွေနဲ့ ပတ်သက်တဲ့ ပေးချေမှုတွေအားလုံးကို Online Trading မှာ အားလုံးရရှိအောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒေါ်လာငွေကို ၆ လထက် ကိုင်ဆောင်ခွင့် မရှိဘူးဆိုတဲ့ သတင်းတွေ မီဒီယာတွေမှာ ဖော်ပြတာ တွေ့လာရပါတယ်။ ဒေါ်လာဝင်ငွေရှိသူတစ်ဦးဟာ ၆ လအတွင်း သုံးရင်သုံး မသုံးရင် ဆက်ကိုင်ထားခွင့်မရှိဘဲ ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ စျေးနှုန်းနဲ့ လဲလှယ်ပြီး ဒေါ်လာကို ဗဟိုဘဏ်ကို ပေးသွင်းရမယ်ဆိုပါတယ်။
ကုန်စျေးနှုန်းတွေတက်တာ၊ ဒေါ်လာစျေးတွေတက်တာဟာ အာဏာသိမ်းပြီးတဲ့နောက် ပို့ကုန်နည်းပြီး သွင်းကုန်များနေတာ၊ ဒဏ်ခတ်ပိတ်ဆို့မှုတွေများလာတာမို့ စစ်ကောင်စီ လက်ထဲမှာ ဒေါ်လာငွေ လိုအပ်ချက် အကျပ်အတည်းဖြစ်လာတာ၊သွင်းကုန်ကန့်သတ်တာ၊သွင်းကုန်အတွက် ပေးချေရတဲ့ ဒေါ်လာဈေး အဆမတန်တက်ပြီး ကျပ်ငွေတန်ဖိုးအဆမတန် ကျလာတဲ့အပေါ်မှာ လုပ်ငန်းရှင်တွေမှာရှိတဲ့ နိုင်ငံခြားငွေကြေးတွေကို စစ်ကောင်စီက ညွှန်ကြားချက် အမျိုးမျိုးထုတ်ပြီး ကန့်သတ်ဖို့ လုပ်လာတာတွေကြောင့်ဖြစ်တယ်လို့ လေ့လာသူတွေက ထောက်ပြကြပါတယ်။
ပထမပိုင်းမှာ ပို့ကုန်လုပ်ငန်းရှင်တွေအနေနဲ့ ပို့ကုန်ဝင်ငွေရဲ့ ၆၅ ရာခိုင်နှုန်းကို တစ်ဒေါ်လာ ၂,၁၀၀ ကျပ်နဲ့ ဗဟိုဘဏ်ကိုပေးသွင်းရပြီး ကျန်တဲ့ ၃၅ ရာခိုင်းနှုန်းကို လုပ်ငန်းရှင်က စိတ်ကြိုက်ရောင်းလို့ရပါတယ်။ နောက်ပိုင်းမှာ ပို့ကုန်ရငွေကို ၅၀၊၅၀ ဆိုပြီးဖြေလျှော့ပေးတယ်။ ဒါပေမဲ့ လုပ်ငန်းရှင်တွေအတွက် အကျိုးမရှိပဲ ပိုဆိုးသွားတယ်လို့ဆိုရပါမယ်။ဘာကြောင့်လဲဆိုတော့ ပို့ကုန်ဝင်ငွေရဲ့ ၅၀ ရာနှုန်းကို ၂,၁၀၀ ကျပ်နဲ့ဗဟိုဘဏ်ကိုပေးသွင်းရပြီး ကျန် ၅၀ ရာနှုန်းကိုလည်း တစ်ဒေါ်လာ ၂,၉၀၀ နှုန်းနဲ့ ဗဟိုဘဏ်ကိုပဲ ရောင်းရတယ်လို့ လုပ်ငန်းရှင်တွေထံက သိရပါတယ်။ ပြင်ပပေါက်စျေးက တစ်ဒေါ်လာ ၃,၇၀၀၊၃,၈၀၀ ဆိုတော့ လုပ်ငန်းရှင်တွေဘယ်လောက်နစ်နာလည်းဆိုတာ မြင်သာပါတယ်။ ဒါ့အပြင် ပြည်ပရောက် အလုပ်သမားတွေ၊သင်္ဘောသားတွေကို သူတို့ရတဲ့ လစာရဲ့ ၂၅ ရာခိုင်နှုန်းကို စစ်ကောင်စီဘဏ်က နေ မဖြစ်မနေလွှဲရမယ်လို့လည်း စီစဉ်နေကြောင်း Myanmar Now ရဲ့ သတင်းတစ်ပုဒ်က ဆိုပါတယ်။
မှောင်ခိုစျေးကွက်ပေါက်စျေးက အသာထားဦး၊ စစ်ကောင်စီသတ်မှတ်နှုန်းကိုက နှစ်မျိုးဖြစ်နေတယ်။ ဗဟိုဘဏ်တရားဝင်သတ်မှတ်နှုန်းက တစ်ဒေါ်လာ ၂,၁၀၀ ကျပ်။ဇွန်လ ၂၃ ရက်နေ့ကစပြီး ဗဟိုဘဏ်ရှေ့မှောက်မှာ ရောင်းဝယ်ရင် တစ်ဒေါ်လာကို ၂,၉၂၀ ကနေ ၂,၉၂၂ ကြားမှာ သတ်မှတ်ခွင့်ပြုထားတယ်လို့လည်း ပို့ကုန်လုပ်ငန်းရှင်လုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။အဆိုပါ လုပ်ငန်းရှင်ကပဲ စျေးနှုန်းဆိုတာက ရောင်းလိုအား၊ဝယ်လိုအားပေါ် အခြေခံပြီး စျေးကွက်ထဲမှာ ဖြစ်နေတာ၊စျေးကျအောင် အမိန့်ပေးလို့ မရဘူး။စျေးနှုန်းကို သေနတ်နဲ့လည်း ပစ်ချလို့ မရဘူးလေ။ ကိုယ့်ရဲ့အမှားတွေကိုတော့ ဝန်မခံပဲ ဝိသမလောဘကြီးတဲ့ လုပ်ငန်းရှင်တွေကြောင့်ဆိုတော့ ရယ်စရာ မကောင်းဘူးလားလို့ ဆိုပါတယ်။
လက်ရှိကြုံတွေ့နေရတဲ့ စီးပွါးရေးအကျပ်အတည်းက စစ်တပ်ကအာဏာသိမ်းလို့ဖြစ်လာတဲ့အကျိုးဆက်။ အခု ဆန်စျေးတွေတက်လာတယ်။ငွေကြေးဖောင်းပွလို့ တက်လာတာပါသလို စပါးအထွက်လျော့လို့လည်းပါတယ်။ ဥပမာ ဆန်ထွက်တဲ့ စစ်ကိုင်းတိုင်း တိုက်ပွဲတွေနဲ့ မတည်ငြိမ်၊လုံခြုံဘူးဗျာ။ အဲတော့ ပြောချင်တာက ခုကြုံနေရတဲ့ အထွေထွေသော ပြဿနာတွေက စစ်တပ်ကအာဏာသိမ်းခဲ့လို့ ဖြစ်လာတာ။ပြဿနာရဲ့အရင်းခံက နိုင်ငံရေး။အဲဒါကို မဖြေရှင်းပဲနဲ့ ဘာစီးပွါးရေးမှ ပြေလည်စရာမရှိဘူး။ စီးပွါးရေးက ခရိုနီတွေ၊ အထူးသဖြင့် စစ်ကောင်စီလက်ထက်မှာ ထပ်ပေါ်လာတဲ့ ခရိုနီလက်သစ်တွေလောက်ပဲ အဆင်ပြေနိုင်မယ်။ ပြည်သူလူထုကတော့ ပြည်တွင်းစစ်ကြားမှာ ပိုကျပ်တည်း၊ပိုဆင်းရဲတွင်းနက်ဖို့ပဲရှိတယ်။ အဲဒီတော့ နိုင်ငံရေးကို အရင်ရှင်းရမှာပါ။တိုင်းပြည်ကိုတကယ်ချစ်သလား၊ပြည်သူ့မျက်နှာကို တကယ်ကြည့်သလား။ ကြည့်တယ်ဆိုရင် စကားပြောကြ၊ဆွေးနွေးကြ၊အဖြေရှာကြရမှာပေါ့ဗျာ။အဲဒါကို စစ်ကောင်
စီအနေနဲ့ အကြမ်းဖက်သမားတွေလို့ ကြေညာထားသူတွေနဲ့ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းသွားစရာ အကြောင်းမရှိဘူးဆိုတော့ မခက်ဘူးလား လို့ နိုင်ငံရေးအကဲခတ်တစ်ဦက ထောက်ပြပြောဆိုပါတယ် ခင်ဗျား။