“Hope Away from Home ၂၀၂၃” ဒီနှစ် ဇွန်လ ၂၀ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့မှာ မိမိတို့ရဲ့ နေရပ်ရင်းတွေကနေ စစ်ရေးပဋိပက္ခတွေ ဖမ်းဆီးသတ်ဖြတ် ညှင်းပမ်းနှိပ်စက်မှုတွေကြောင့် အသက်ဘေးလွတ်ရာကို တိမ်းရှောင်ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေရဲ့ရင်ဆိုင်နေရတဲ့စိန်ခေါ်မှုပြဿနာတွေအရေး အထူးအလေးပေး ဆောင်ရွက်ပေးကြဖို့ ရည်မှန်းချက်တွေနဲ့ ကမ္ဘာတဝန်းမှာ တိုက်တွန်း တောင်းဆိုနေကြတာဖြစ်ပါတယ်။ ကမ္ဘာ့အကြီးမားဆုံးဒုက္ခသည်စခန်းအဖြစ် သတ်မှတ်ခံခဲ့ရဖူးတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားခရိုင်ထဲက ဒုက္ခသည်စခန်းတွေထဲမှာ ရခိုင်မြောက်ပိုင်းကနေ လူမျိုးရေးဘာသာရေး အသွင်ဆောင်အကြမ်းဖက်မှုတွေကြား အသက်ဘေးကနေ လွတ်အောင်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ ဝန်းကျင်က ဘင်္ဂလားဒေ့ရှ်မိသားစုတွေအတွက် ဒီနှစ်မှာ စားနပ်ရိက္ခာအခက်အခဲ အကျပ်အတည်း အတော်လေးကို ဖြစ်နေတာပါ။
ရိုဟင်ဂျာတွေအတွက် ဒီနှစ်အတွက် လိုအပ်ငွေ အမေရိကန်ဒေါ်လာ ၈၇၆ သန်း အလှူခံခဲ့ပေမဲ့ ၂၄ ရာခိုင်နှုန်းပဲ ကုလသမဂ္ဂ လက်ခံရရှိခဲ့တာပါ။ အခုလို ရိုဟင်ဂျာဒုက္ခသည်တွေကို နိုင်ငံတကာပံ့ပိုးမှု နည်းလာတာကြောင့် အခု ၂၀၂၃ နှစ်ဆန်းကနေ စလို့ ရိုဟင်ဂျာဒုက္ခသည်တယောက်ကို တလကို အမေရိကန်ဒေါ်လာ ၁၂ ဒေါ်လာ ပံ့ပိုးရာကနေ ၁၀ ဒေါ်လာ ကို ပထမ စ လျှော့ချခဲ့ရပြီး ဇွန်လ ၁ ရက်နေ့က စလို့ ၈ ဒေါ်လာ ထပ်လျှော့ချခံခဲ့ပါတယ်။
အခုလိုမျိုး ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေကို ပေးတဲ့အကူအညီတွေနဲ့ စားနပ်ရိက္ခာဖိုးတွေကို ဆက်တိုက်ဆိုသလို ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ကြီးက တဖြေးဖြေးချင်း ဖြတ်တောက်လာရတဲ့အချိန်မှာ ကိုယ့်အတွက် ကိုယ့်အားကိုယ်ကိုးနိုင်အောင် အသက်မွေးဝမ်းကျောင်းနိုင်လောက်တဲ့ ကျွမ်းကျင်မှုတွေ ရရှိဖို့ ဒုက္ခသည်တွေအနေနဲ့ သင်တန်းတွေတက် အသက်မွေးဝမ်းကျောင်းအတတ်ပညာတွေ သင်ကြားကြဖို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ ဒုတိယမဟာမင်းကြီးက တိုက်တွန်း ဆော်သြလိုက်တာဖြစ်ပါတယ်။
လတ်တလော နေရပ်ပြန်ဖို့ကလည်း မရေရာသေးတဲ့အခြေအနေ ကမ့်တွေထဲမှာလည်း တရားဝင် အလုပ်လုပ်ကိုင်စားသောက် နေထိုင်ဖို့ အခွင့်အလမ်းနည်းပါးနေတဲ့အခြေအနေမျိုး မှာ ရိုဟင်ဂျာတွေအတွက် အလုပ်အကိုင်တွေ ဖန်တီးပေးပါလို့လည်း အိမ်ရှင်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရိုဟင်ဂျာဒုက္ခသည်တွေက တောင်းဆိုပါတယ်။
အထူးသဖြင့် ရိုဟင်ဂျာလူငယ်တွေ အမျိုးသမီးတွေနဲ့ ရိုဟင်ဂျာတွေအတွက် ဘဝအာမခံချက်ပေးနိုင်တဲ့ အသက်မွေးဝမ်းကျောင်း ပညာတွေနဲ့ အလုပ်အကိုင်တွေ ဖန်တီးပေးဖို့ စခန်းထဲမှာ ရိုဟင်ဂျာလူငယ်တွေအတွက် ပညာပေးသင်တန်းတွေမှာ စေတနာ့ဝန်ထမ်းအဖြစ် ကူညီဆောင်ရွက်ပေးနေသူ ရိုဟင်ဂျာကိုအောင်မြိုင်ကလည်း မေတ္တာရပ်ခံပါတယ်။
“ရိုဟင်ဂျာတွေကို အလုပ်အကိုင်ဖန်တီးပေးဖို့ ကိုယ့်အားကိုယ်ကိုးဖို့ ပြောတဲ့အပေါ် ကျနော့်ရဲ့အမြင်အရ ပြောမယ်ဆိုလို့ရှိရင် ကုလသမဂ္ဂ ဒုတိယမဟာမင်းကြီးပြောဆိုချက်က အင်မတန်မှ ကောင်းပါတယ်။ ဒီလိုမျိုး လုပ်ပေးမယ်ဆိုရင် ဒီမှာ မလိုလားအပ်တဲ့ပြဿနာတွေကို ရှောင်လွှဲနိုင်မယ်။ ဒီမှာ လက်ရှိဖြစ်ပွားနေတဲ့ ဟာတွေလည်း ဖြစ်လာမှာမဟုတ်ဘူး။ ဥပမာ ဒီမှာ လူကုန်ကူးမှုတို့ ကျား/မ အကြမ်းဖက်မှုတို့ တခြား ပဋိပက္ခတို့ ဒါတွေကို ရှောင်လွှဲနိုင်မှာပေါ့နော်။ အဲ့လိုအသက်မွေးဝမ်းကျောင်းပညာတွေ အသိပညာ အတတ်ပညာတွေကို သူတို့ သင်ပေးမယ်ဆိုရင် ဒါကတော့ အကုန်လုံးအတွက် အဆင်ပြေလာမယ်လို့ ကျနော်ကတော့ မျှော်လင့်ပါတယ်။ ဥပမာအားဖြင့် ဒီမှာက စက်ရုံ အလုပ်ရုံပေါ့နော် ဒါတွေလည်း လုပ်ပေးလည်းရတယ်။ ပြီးတော့ ကွန်ပျူတာ နည်းပညာတွေလည်း သင်ပေးလို့ရပါတယ်။ ကွန်ပျူတာ ပြုပြင်နည်း ဒါတွေလည်း သင်ပေးလို့ရပါတယ်။ နောက် စက်ကိရိယာတွေ ကားပြုပြင်တာတွေ နာရီတို့ စသဖြင့်ပေါ့နော် ဒါတွေကိုလည်း သင်တန်းတွေပေးပြီးတော့ သင်ပေးလို့ရပါတယ် ဒါမှ လူတွေအတွက် ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပြီး ကိုယ့်ဒူးကိုယ်ချွန် လုပ်ကိုင်စားသောက်လို့ရပါတယ်။ ပြီးတော့ အခြေခံကျန်းမာရေး ဥပမာ သူနာပြုစုနည်း သင်တန်းတွေလည်း ရှိသင့်တယ်။ ကိုယ့်အသက်မွေးဝမ်းကျောင်းနဲ့ ကိုယ်လုပ်စားလို့ရနိုင်မယ့်အနေအထားဖြစ်ပါတယ်။”
ရိုဟင်ဂျာလူငယ်တွေနဲ့ ရိုဟင်ဂျာကလေးငယ်တွေဟာ လက်ရှိမှာ စခန်းတွေထဲမှာ တရားဝင်ပညာသင်ကြားနိုင်ဖို့ အခွင့်အလမ်းနည်းပါးနေချိန် အသက်မွေးဝမ်းကြောင်းပညာရပ်တွေကို နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်တွေ ထုတ်ပေးတဲ့အထိ စနစ်တကျသင်ကြားပေးပါလို့ ရိုဟင်ဂျာဒုက္ခသည်တွေကလည်း တောင်းဆိုပါတယ်။ ရိုဟင်ဂျာဒုက္ခသည် ဦးအီစလံက စီးပွားရေး အလုပ်အကိုင်အခွင့်အလမ်းတွေ ဖွင့်ပေးသင့်တယ်လို့ သူ့အမြင်အ ခုလိုပြောပါတယ်။
“ဒုက္ခသည်စခန်းတွင်းမှာဆိုရင် လွတ်လွတ်လပ်လပ် စိုက်ပျိုးရေး မွေးမြူရေး ဒီလို ကိုယ်ပိုင်လုပ်ကိုင်နိုင်မယ့် အခွင့်အလမ်းကတော့ မရှိသလောက်ပါပဲ။ ဒါကြောင့်စခန်းပြင်ပ စက်ရုံအလုပ်ရုံတွေမှာ ရိုဟင်ဂျာတွေ အလုပ်ဝင်ခွင့်တွေ အလုပ်လုပ်ခွင့်တွေ လုပ်ကိုင်နိုင်မယ်ဆိုရင် ရိုဟင်ဂျာဒုက္ခသည်တွေအတွက် သက်သာရာ ရောက်စေမှာဖြစ်ပါတယ်။ နောက် အပြင်မှာ ကျပမ်းအလုပ်တွေ တခြားသောအလုပ်တွေ လုပ်ကိုင်တဲ့အခါမှာ လွတ်လပ်စွာ လုပ်ကိုင်နိုင်မယ်ဆိုရင် တဘက်က စခန်းတွင်းမှာ စီးပွားရေးအပိုင်းကိုလည်း လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့်ပေးမယ်ဆိုရင် ကျနော်တို့အတွက်က တဘက်တလမ်းက အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။
အရင် ရခိုင်ပြည်နယ် ဘူးသီးတောင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရွှေမောင်က ဘင်္ဂလားဒေ့ရှ်အနေနဲ့ အထည်ချုပ်လုပ်ငန်းလိုမျိုး အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေကို ဖန်တီးပေးမယ်ဆိုရင် သိန်းချီတဲ့ ရိုဟင်ဂျာတွေအတွက် ကိုယ့်လုပ်အားခနဲ့ကိုယ် ရပ်တည်နိုင်တဲ့အနေအထားကိုရောက်နိုင်တယ်လို့အကြံပေးပါတယ်။ ရိုဟင်ဂျာတွေအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ အလုပ်အကိုင်တွေ ဖန်တီးပေးပါလို့လည်း တိုက်တွန်းပါတယ်။
“ သူတို့က အခုလက်ရှိ ယာယီအနေနဲ့ ဘင်္ဂလားဒေ့ရှ်မှာ နေနေရတော့ လူတွေဆိုတာ နေ့တိုင်း စားဝတ်နေရေးရှိတယ် နိစ္စဓူဝလုပ်ငန်းကိုင်ငန်းတွေရှိတယ် နောက် ကလေးတွေက ကြီးလာမယ်။ ကြီးလာရင် ပညာသင်ရမယ် အိမ်ထောင်ပြုရမယ့်အရွယ်ရောက်လာမယ်။ အိမ်ထောင်တည်ဆောက်ပြီဆို အုပ်ထိန်းသူတွေက ကိုယ့်မိသားစုကို ကိုယ်တာဝန်ကျေနိုင်ဖို့ ဝင်ငွေဆိုတာ လိုတယ်။ အခုက လက်ရှိဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အနေအထားအရ စေတနာကောင်းကောင်းနဲ့လက်ခံထားတယ်ဆိုပေမဲ့ တရားဝင်အလုပ်လုပ်ကိုင်ခွင့်မရှိဘူး ပညာသင်ကြားခွင့်မရှိဘူး။ ဆိုတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ကမ့်တွေထဲမှာ ရိုဟင်ဂျာတွေကို လှောင်ထားမယ့်အစား သူတို့အတွက် ဒုက္ခသည်တွေရဲ့ရပိုင်ခွင့် အလုပ်လုပ်ကိုင်ခွင့် ပညာသင်ပိုင်ခွင့်ပေးပါ။
အလုပ်လုပ်ကိုင်ခွင့်ဆိုတာ စစ်တကောင်းတို့ ဒါကာတို့အထိ သွားအလုပ်လုပ်ခိုင်းတာမဟုတ်ဘူး။ ဒီကမ့်နဲ့ ကော့ဇ်ဘဇားခရိုင်အတွင်းမှာ ဥပမာပြောမယ်ဆိုရင် အထည်ချုပ်စက်ရုံတွေရှိတယ်။ လုပ်ငန်းရှင်တွေလည်း ရှိတယ်။ အမေရိကန်နဲ့ Europe တကမ္ဘာလုံးကို ပို့တယ်။ ဆိုတော့ အဲ့တာမျိုး အထည်အလိပ်စက်ရုံပေါ့လေ ၁၀ခု ၁၅ခုလောက် လုပ်ပေးရင်တောင်မှ ဒီလူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းရမယ်။ ဒါက ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က လုပ်ပေးနိုင်တဲ့အနေအထား ဆိုတော့ ဒါမျိုးက အမြဲတမ်းအတွက် လုပ်ပေးဖို့ပြောတာမဟုတ်ပါဘူး။ ရေတိုအတွက်ပါ ဒါဆိုရင် လူတွေက အလုပ်အကိုင်အခွင့်အလမ်းရှိလာမယ်။ အဲ့တာမျိုးတွေရှိလာမယ်ဆိုရင် ခုနက နိုင်ငံတကာက ထောက်ပံ့ပေးနေတဲ့ ဒိုနာတွေက ပေးရင်း ပေးရင်း ကြာလာတော့ ငြီးငွေ့လာတယ်။ ဒါကြောင့် WFP and UN က ရိက္ခာဖြတ်တောက်ရတဲ့အခြေအနေဖြစ်လာတယ်။ ဒီဟာကိုလည်း ကျော်လွှားနိုင်အောင် ကိုယ့်ဘဝအတွက်လည်း ကိုယ့်ဘာသာ လုပ်စားလို့ရအောင် အခွင့်အလမ်းတွေ ဖန်တီးပေးပါ။”
ရိက္ခာလျှော့ခံရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်သိန်းချီကို စောင့်ရှောက်ကာကွယ် ကျွေးမွေးနေရတဲ့ အခက်အခဲတွေ ရန်ပုံငွေမလုံလောက်မှုတွေကို ကုလသမဂ္ဂ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရချိန်၊ ရိုဟင်ဂျာတစ်သန်းကျော်ရဲ့ ဝန်ထုပ်ဝန်ပိုးဒဏ်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ တစ်နိုင်ငံတည်းကပဲ ခံမနေသင့်ဘူးလို့လည်း ကုလသမဂ္ဂ တာဝန်ရှိသူတွေဘက်က ပြောကြားထားပါတယ်။
အခုလောလောဆယ်မှာတော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဟာ တရုတ်နိုင်ငံရဲ့ ကြားဝင်ဆွေးနွေးပေးမှုနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မာပြည်ပြန်ပို့နိုင်ရေး စမ်းသပ်စီမံချက်အဖြစ် ပြန်ပို့ဖို့ လုပ်ဆောင်နေကြပါတယ်။ ဒါပေမဲ့ ဘယ်ဒုက္ခသည်ကိုမှ အတင်းအဓမ္မ ပြန်မပို့ပါဘူး လို့လည်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hasina ကတော့ ဆိုထားပါတယ်။
ရိုဟင်ဂျာ ဒုက္ခသည်တွေကို ဖိအားပေးပြန်ပို့တာမျိုးမလုပ်ဖို့နဲ့ မြန်မာနိုင်ငံကို ပြန်ရေးဟာ လုံခြုံစိတ်ချ၊ မိမိသဘော အလျောက် လူ့ဂုဏ်သိက္ခာနဲ့အညီ ပြန်ရတဲ့ခရီးပဲ ဖြစ်စေဖို့ ကုလသမဂ္ဂ နဲ့ နိုင်ငံတကာက သတိပေးပြောဆိုထားချိန်မှာပဲ မွေးမြေကနေ အဝေးကိုပြေးခဲ့ရတဲ့ ရိုဟင်ဂျာတွေရဲ့ အနာဂတ်မျှော်လင့်ချက်ကတော့ မရေရာမသေချာမှုတွေနဲ့ပြည့်နှက်နေဆဲဖြစ်ပါတယ်။