=== [[ ZAWGYI ]] ===
ထိုင်းမြန်မာနယ်စပ် မူးယစ်မှောင်ခိုတွေနဲ့ ထိုင်းနယ်ခြားစောင့်တပ် တိုက်ပွဲဖြစ်ပွား
ထိုင်း−မြန်မာနယ်စပ် ချင်းရိုင်ပြည်နယ်၊ မယ့်ဖာလွမ်ဒေသမှာ မူးယစ်ဆေးဝါး သယ်ဆောင်လာသူတွေနဲ့ ထိုင်းနယ်ခြားစောင့်တပ်တို့ ဧပြီလ ၁၂ ရက်နေ့က တိုက်ပွဲဖြစ်ပြီး မူးယစ်မှောင်ခိုသမား ၃ ဦး သေဆုံးသွားခဲ့ပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။
ရွှေတြိဂံဒေသကထုတ်တဲ့ မူးယစ်ဆေးဝါး သယ်ဆောင်လာတဲ့သူတွေနဲ့ ထိုင်းနယ်ခြားစောင့်တပ်တို့ ထိုင်း−မြန်မာနယ်စပ် ချင်းရိုင်ပြည်နယ် ၊ မယ့်ဖာလွမ်ဒေသမှာ တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။ ဒီထဲက မူယစ်ဆေးဝါး သယ်ဆောင်လာတဲ့ မူးယစ်မှောင်ခိုသမား ၃ ဦးကိုတော့ အသေပစ်ခတ် ဖမ်းဆီးခဲ့တယ်လို့ ထိုင်းစစ်တပ်က ပြောပါတယ်။
သူတို့ဆီကနေ သေနတ်၊ စိတ်ကြွဆေးပြား တသိန်း ခြောက်သောင်းနဲ့ ဘိန်းဖြူကီလို ၂၀ ကိုလည်း ဖမ်းမိခဲ့ပါတယ်။ အခင်းဖြစ်ပွားခဲ့တဲ့ နေရာကို လာရောက်ကြည့်ရှုခဲ့တဲ့ နယ်ခြားစောင့်တပ် ဗိုလ်ချုပ် Suparerk ကတော့ သတင်းထောက်တွေနဲ့တွေ ဆုံချိန်မှာ အခုလို ပြောသွားပါတယ်။
“မူးယစ် မှောင်ခိုသမားတွေနဲ့ ထိုင်းနယ်ခြားစောင့်တပ်တို့ တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။ သေဆုံးသူတွေရဲ့ လက်ဗွေတွေကို ရယူစစ်ဆေးပြီး သူတို့တွေဟာ ဘယ်သူဘယ်ဝါတွေလဲ ဆိုတာကိုလည်း စုံစမ်း ဖော်ထုတ်သွားပါမယ်။ ကျနော်တို့ နိုင်ငံထဲကို မူးယစ်ဆေးဝါးတွေက ဆက်တိုက် ဝင်ရောက်လာနေတဲ့အတွက် ဘက်ပေါင်းစုံကနေ တားဆီးနိုင်ဖို့ လုပ်ဆောင်သွားမှာပါ။ မြန်မာဘက်က ဝင်ရောက်လာတဲ့ လက်နက်ကိုင်တွေကတော့ ၇ ဦးဖြစ်ပြီး တိုက်ပွဲဖြစ်ပြီးတဲ့နောက် သူတို့ဟာ ထွက်ပြေးသွားကြတယ်” လို့ ထိုင်းဘာသာနဲ့ ပြောဆိုသွားပါတယ်။
မူးယစ် မှောင်ခိုသမားတွေဆီက လက်နက်နဲ့ မူးယစ်ဆေးဝါးတွေကို ထိုင်းနယ်ခြားစောင့်တပ်က သိမ်းဆည်း နိုင်ခဲ့တယ်လို့လည်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ အခုရက်ပိုင်းအတွင်းမှာပဲ ရွှေတြိဂံဒေသကနေ မူးယစ်ဆေးဝါးတွေ အများအပြား ဝင်ရောက်လာနေပြီး စိတ်ကြွဆေး အလုံးရေ သန်း ၂၀ ကျော် ဖမ်းဆီးနိုင်ခဲ့သလို အိုက်စ်လို့ခေါ်တဲ့ မူးယစ်ဆေး ကီလို ၅၀၀ လောက်လည်း ဖမ်းမိခဲ့ပါတယ်။
ရွှေတြိဂံကနေ နောက်ဆုံးထုတ်တဲ့ Happy Water လို့ခေါ်တဲ့ စိတ်ကြွဆေး အသစ်ကိုလည်း ဒီရက်ပိုင်းမှာ ဖမ်းဆီး ရမိတယ်လို့ ထိုင်းမူးယစ်နှိပ်နင်းရေးဗျူရိုကလည်း သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။
=== {{ UNICODE }} ===