မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်လမ်းဆုံနားမှာ ဇန်နဝါရီလ ၂၅ ရက်က ကျိုက်ထီးရိုးဘုရားဖူးလာတဲ့ ယာဉ်တစီးပေါ် လက်နက်ကြီးကျပြီး ၁ ဦးသေဆုံး၊ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။ လူနာတွေကို ကျိုက်ထိုပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး အဲဒီလက်နက်ကြီး ဘယ်ကနေ ကျလာသလဲ ဆိုတာကိုတော့ သေချာမသိဘူးလို့ ကူညီပေးခဲ့သူတွေက ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အလိမ္မာက ဆက်ပြောပြပါမယ်။
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာနားက ကားလမ်းမပေါ်မှာ ဇန်နဝါရီလ ၂၅ ရက်၊ မနက် ၁၁ နာရီဝန်းကျင်က Light truck ကားတစီးပေါ် လက်နက်ကြီးကျည် ကျခဲ့တာပါ။ စစ်ကောင်စီ ပြန်ကြားရေးဌာန ထုတ်ပြန်ချက်မှာတော့ ကျိုက်ထီးရိုးဘုရားဖူး ၁၁ ဦးတင်ဆောင်လာတဲ့ မော်တော်ယာဉ်ဟာ မုပ္ပလင်ကျေးရွာအနီး စက်သုံးဆီဆိုင်တခုအနားမှာ PDF အဖွဲ့ရဲ့ ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်ခံရတာလို့ ဆိုပါတယ်။ ကားပေါ်ပါတဲ့ အမျိုးသား ၁ ဦး သေဆုံးပြီး အမျိုးသား ၂ ဦး အမျိုးသမီး ၅ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။ ဒဏ်ရာရသူတွေကို ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံကို ပရဟိတယာဉ်တွေက ပို့ဆောင်ပေးခဲ့တယ်လို့ အဲဒီဖြစ်စဉ်ကို သိရှိတဲ့ ဒေသခံတဦးက ပြောပါတယ်။
"မုပ္ပလင်လမ်းဆုံ ကားလမ်းကြီး စစ်ဆေးရေးဂိတ်မှာ ကားတန်းစီ စစ်နေရင်းနဲ့ ၄၀ မမ တလုံးကျတယ်။ ဆေးရုံရောက်တော့ တယောက်က အသက် မရှိတော့ဘူး။ တယောက်က ပေါင်ထိတယ်။ နောက်တယောက်က ခေါင်းထိတယ်။ ဖြစ်စဉ်ကတော့ အဲဒီကား ခေါင်မိုးပေါ် တည့်တည့်ကို ၄၀ က ကျတာ။ ကျပြီးတော့ သေသွားတဲ့သူရဲ့ ခေါင်းကို ထိသွားတာပေါ့။"
လက်နက်ကြီး ထိမှန်သူတွေဟာ မကွေးတိုင်းကနေ ကျိုက်ထီးရိုး ဘုရားဖူးဖို့ ရောက်လာသူတွေလို့ ပြောပါတယ်။ PDF အဖွဲ့က ပစ်ခတ်တဲ့ ဗုံးပစ်လောင်ချာဖြစ်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပေမယ့် ဗွီအိုအေက သီးခြားအတည်မပြုနိုင်သေးပါဘူး။ ဖြစ်စဉ်ဖြစ်ပွားချိန်မှာ ကားလမ်းတွေ ယာယီပိတ်ပင်တာလောက်ပဲ ရှိခဲ့တယ်လို့ ဒေသခံကပြောပါတယ်။
"ဖြစ်တုန်း ၁၄ မိနစ်၊ ၁၅ မိနစ်ပဲ လမ်းပိတ်သွားတာ။ ပြီးတော့ သူ့ပုံမှန်အတိုင်း ပြန်သွားကြတာပဲ။ အဲလိုဖြစ်ပြီး ပစ်တာခတ်တာမျိုး၊ ယာဉ်ကြော ပိတ်သွားတာမျိုး မရှိဘူး။ ဖြစ်စဉ်ဖြစ်တဲ့ အချိန်ခဏလေးပဲ ကားတန်းကို ပိတ်လိုက်တယ်။ ပြီးတော့ ပုံမှန်အတိုင်း ပြန်ပွင့်သွားကြတာပဲ။"
ကျိုက်ထီးရိုး ဘုရားဖူးလာသူတွေအတွက် အခုလို နယ်မြေလမ်းကြောင်း မတည်ငြိမ်ဖြစ်နေလို့ ဘုရားဖူးခရီးသွား လုပ်ငန်းတချို့ကလည်း သူတို့ရဲ့ ခရီးစဉ်တွေကို ဖျက်သိမ်းထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့တုန်းကလည်း ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးတောင်တက် ကားဂိတ်အနီးမှာ ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပြီး ဘုရားဖူးလာသူတချို့ သေဆုံး၊ ဒဏ်ရာရတဲ့ ဖြစ်စဉ် ရှိခဲ့ပါတယ်။ ကျိုက်ထိုမြို့နယ်က ကျေးရွာတချို့မှာ လက်နက်ကြီးကျည်ကျလို့ ဒီရက်ပိုင်းထဲ ဒေသခံ ၄,၀၀၀ နီးပါးလောက်ဟာ ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ကရင်အမျိုးသား အစည်းအရုံး KNU ကလည်း ထုတ်ပြန်ထားပါတယ်။
[Unicode]
လကျနကျကွီးကလြို့ ကြိုကျထီးရိုးဘုရားဖူး ၁ ယောကျသဆေုံး