သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီနဲ့ ဆက်ဆံရေးရပ်ဖို့ APHR ထိုင်းကို တိုက်တွန်း


လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ (APHR) အင်တာနက်စာမျက်နှာ
လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ (APHR) အင်တာနက်စာမျက်နှာ

ထိုင်းအစိုးရအနေနဲ့ မြန်မာစစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေတာတွေကို ရပ်တန့်ပြီး ဒုက္ခသည်တွေကို အကူအညီပေးဖို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ (APHR) က တိုက်တွန်းလိုက်ပါတယ်။ မြန်မာစစ်ကောင်စီဟာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းချိန်ကစပြီး သူတို့ရဲ့ အာဏာတည်မြဲဖို့ ကိုယ့်ပြည်သူတွေကို ရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်တွေကို နည်းလမ်းမျိုးစုံနဲ့ ဆက်လက်ကျူးလွန်နေတယ်လို့ ထောက်ပြပြီး အဲဒီလို မြန်မာစစ်တပ်ရဲ့ ဖမ်းဆီးနှိပ်စက်မှုတွေကနေ လွတ်မြောက်အောင် အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးလာကြတဲ့သူ ဒုက္ခသည်တွေနဲ့ ခိုလှုံခွင့်လျှောက်ထားသူတွေကို ထိုင်းအာဏာပိုင်တွေအနေနဲ့ အကူအညီပေးဖို့လည်း ဒီနေ့ ဇန်နဝါရီ ၂၆ ရက်နေ့စွဲနဲ့ထုတ်ပြန်တဲ့ကြေငြာချက်မှာ တောင်းဆိုထားပါတယ်။

မြန်မာစစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ ထိုင်းစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Chalermphon Srisawasdi တို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀ ရက်နေ့က ရခိုင်ပြည်နယ် သံတွဲမြို့က ငပလီမှာတွေ့ခဲ့ကြပြီးတဲ့နောက် အခုလို တောင်းဆိုလိုက်တာဖြစ်ပါတယ်။ ထိုင်းစစ်တပ်နဲ့ အစိုးရအနေနဲ့ စစ်ကောင်စီနဲ့ဆက်ဆံခြင်းအားဖြင့်၊ လူသားမျိုးနွယ်တွေအပေါ် ရာဇဝတ်မှုတွေ နေ့စဉ်နဲ့ အမျှ ကျူးလွန်နေတဲ့သူတွေကို ထိုင်းစစ်တပ်ဟာ အားပေးထောက်ခံရာရောက်ပြီး ဘယ်ပထဝီနိုင်ငံရေး အကျိုးစီးပွားကမှ ဒါကို တရားမျှတတယ်လို့ ပြောနိုင်မှာမဟုတ်ကြောင်း၊ ဒါ့အပြင် မြန်မာစစ်ကောင်စီဟာ အချက် ၅ ချက်ပါတဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက်ကို ဂရုမစိုက်တဲ့အတွက် ဘယ်အာဆီယံနိုင်ငံမှ မြန်မာစစ်ကောင်စီနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး မထားသင့်ဘူးလို့ မလေးရှားလွှတ်တော်အမတ်ဟောင်းလည်းဖြစ်၊ APHR အဖွဲ့ရဲ့ ပူးတွဲဥက္ကဋ္ဌ Charles Santiago က အဲဒီကြေငြာချက်မှာ ပြောလိုက်ပါတယ်။

မြန်မာစစ်ကောင်စီနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ ၂၀၂၁ ခုနှစ် ဧပြီလက လက်မှတ်ရေးထိုးထားတဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက်မှာတော့ မြန်မာနိုင်ငံက အကြမ်းဖက်မှုတွေကို ရပ်တန့်ပြီး၊ ပဋိက္ခတွေကို ဆွေးနွေးအဖြေရှာဖို့ နဲ့ လူသားချင်းစာနာမှုဆိုင်ရာပြဿနာတွေကို ဖြေရှင်းဖို့ သဘောတူထားတာဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာစစ်ကောင်စီဘက်ကတော့ ဒါကိုဖော်ဆောင်ဖို့ အစကတည်းက ဆန္ဒမရှိပဲ၊ အာာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကလည်း မအောင်မြင်တာကြောင့် အာဆီယံအနေနဲ့ ဒီဘုံသဘောတူညီချက်ကို စွန့်လွှတ်ပြီး၊ ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲ့ ထိတွေ့ဆက်ဆံပြီး၊ မဟာမိတ် တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့အတူ ဘုံသဘောတူညီချက်သစ်တရပ်ကို ဆွေးနွေးဖို့ APHR အနေနဲ့တောင်းဆိုတယ်လို့လည်း ပြောလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode]



XS
SM
MD
LG