သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှည်းတန်းမှာ သေနတ်ပစ်ခံရတဲ့ အမျိုးသမီး ၂ ဦး ပြည်ခိုင်ဖြိုးပါတီဝင်ဖြစ်ကြောင်း ပါတီအတည်ပြု


လှည်းတန်းစင်တာ
လှည်းတန်းစင်တာ

(Zawgyi/ Unicode)

ရန်ကုန်၊ ကမာရွတ် လှည်းတန်းမှာ သစ်သီးရောင်းနေတဲ့ အမျိုးသမီး ၂ ဦး သေနတ်နဲ့ ပစ်ခတ်ခံရလို့ တဦးသေဆုံးပြီး၊ တဦးဒဏ်ရာရတယ်လို့ အနီးဝန်းကျင်မှာ နေထိုင်သူတွေက ပြောပါတယ်။ သေနတ်နဲ့ ပစ်ခတ်ခံရသူ အမျိုးသမီး ၂ ဦးဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင်တွေဖြစ်တယ်လို့ ပါတီဘက်က အတည်ပြုပြောထားပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့ သတင်းကို မစုမြတ်မွန် က ပြောပြပေးမှာပါ။

ဇူလိုင်လ ၄ ရက်၊ တနင်္လာနေ့ မနက် ၉ နာရီဝန်းကျင်လောက်မှာ ကမာရွတ်မြို့နယ်ထဲက လှည်းတန်းဈေးနဲ့ (၂ ) လမ်းထိပ်နားမှာ အမျိုးသမီး ၂ ဦး သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပါတယ်။ သေနတ်နဲ့ပစ်ခတ်ခံရလို့ တဦးက နေရာမှာတင် သေဆုံးခဲ့ပြီး၊ နောက်တဦးက ဒဏ်ရာရသွားတယ်လို့ အနီးနားမှာနေထိုင်သူတဦးက VOA ကိုပြောပါတယ်။ အဲဒီ အမျိုးသမီး ၂ ဦးဟာ ဈေးရောင်းနေချိန်မှာ ပစ်ခတ်ခံရတာလို့ အခုလိုပြောပါတယ်။
"သူတို့က အဲဒီဈေးဘေးနားမှာ ဈေးရောင်းနေတာလေ။ သရက်သီးတို့ မာလကာသီးတို့ဆိုပြီးတော့ အသီးရောင်းတာ။ အဲဒီအချိန်မှာ ပစ်သွားတာ ဝင်ပစ်သွားတာ။ သေသွားတာတော့ ပွဲချင်းပြီးတာက တယောက်၊ သေသွားတာ သူအစ်မပေါ့နော်၊ အစ်မလုပ်တဲ့သူက သေသွားတာ ပွဲချင်းပြီး။ ဒဏ်ရာရတာက ညီမက ဒဏ်ရာရတာ နားထင်ကိုမှန်ထားတယ်လို့ပဲ ပြောတာပေါ့။ မနက် ၉ နာရီ ၁၀ မိနစ်လောက်မှာ ဖြစ်သွားတယ်။ DC နှစ်စီးရောက်လာပြီးတော့ ခဏလောက်လမ်းပိတ်ပြီး ဟိုစစ် ဒီစစ် စစ်သွားတာ၊ အခုတော့ ပုံမှန်ပြန်ဖြစ်နေပါပြီ။"
ပစ်ခတ်မှုဖြစ်ပြီးတဲ့နောက်မှာ စစ်ကား ၂ စီးရောက်လာပြီး စစ်ဆေးတာတွေရှိခဲ့ပေမဲ့ နေ့လည်ပိုင်းလောက်မှာ အသွားအလာပုံမှန် ပြန်ဖြစ်နေပြီလို့ ပြောပါတယ်။ အခုသေနတ်နဲ့ ပစ်ခံရသူ အမျိုးသမီး ၂ ဦးဟာ စစ်တပ်ကို သတင်းပေးနေသူတွေလို့ အနီးအနားမှာ နေထိုင်သူတချို့က ပြောဆိုတာတွေရှိပေမယ့် ဒါနဲ့ပတ်သက်လို VOA အနေနဲ့ သီးခြားအတည် မပြုနိုင်ပါဘူး။
သေနတ်နဲ့ ပစ်ခတ်ခံရသူ အမျိုးသမီး ၂ ဦးစလုံးဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင်တွေ ဖြစ်တယ်လို့ ပါတီပြောခွင့်ရ ဒေါက်တာနန္ဒာလှမြင့်က VOA ကိုပြောပါတယ်။ ပါတီဝင်တွေအနေနဲ့ အစစအရာရာ သတိရှိကြဖို့ သတိပေးထားတယ်လို့ အခုလိုပြောပါတယ်။
"ကျနော်တို့ပါတီက ဟုတ်တယ်။ ဒီလုပ်ကြံသတ်ဖြတ်ခြင်းခံရတဲ့ ပါတီဝင်တွေနဲ့ ပါတီဝင်မိသားစုတွေကို ပါတီအနေနဲ့ ကူညီထောက်ပံ့ စောင့်ရှောက်တာတွေ ဆောင်ရွက်တာပေါ့။ ကျနော်တို့ ပါတီဝင်တွေအနေနဲ့ သွားတာလာတာ နေတာထိုင်တာ အစစအရာရာ သတိရှိကြဖို့ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဒီကာလမှာက ကျနော်တို့ပါတီဝင်တွေကို ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ကြံသတ်ဖြတ် တိုက်ခိုက်တာက သိသာထင်ရှားလာတယ်လေ။ ဆိုတော့ ကျနော်တို့ဘက်ကကျတော့ လူတဦးချင်းစီအနေနဲ့ ခုခံပိုင်ခွင့်ပေါ့နော်။ ဥပဒေအရ ကိုယ့်အသက်အန္တရာယ်ကို ရန်ပြုခြိမ်းခြောက်လာမယ် ဆိုရင်တော့ ဥပဒေနဲ့အညီ တုန့်ပြန်ဆောင်ရွက်သွားနိုင်ဖို့အတွက် ပြင်ဆင်ထားနိုင်ဖို့ပေါ့။ ကျနော်တို့ နိုင်ငံရေးပါတီတွေက ဥပဒေဘောင်ထဲကပဲ ဥပဒေနဲ့အညီ စီစဉ်ဆောင်ရွက်ရတဲ့ အခြေအနေကို။ ဆိုတော့ ဥပဒေနဲ့မညီတဲ့ ခုနကလို အကြမ်းဖက်လုပ်ရပ်တွေကို ကျနော်တို့ပါတီက လုပ်ဖို့အားမပေးဘူး။ ကိုယ်တိုင်လည်း မလုပ်ဘူး။ ဒါတွေကိုလည်း ရှုံ့ချတယ်ပေါ့နော်။"
အခု သေနတ်နဲ့ပစ်ခတ်တဲ့လုပ်ရပ်ကို ဘယ်အဖွဲ့က ကျူးလွန်တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း သေဆုံးခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင်ပေါင်း ၁,၃၀၀ ကျော်ရှိခဲ့တယ်လို့ ပါတီက စာရင်းထုတ်ပြန်ထားပါတယ်။ လုပ်ကြံသတ်ဖြတ်ခံရလို့ သေဆုံးသွားတဲ့ ပါတီဝင်တွေအတွက် အောက်မေ့ဖွယ်ကျောက်တိုင် စိုက်ထူတဲ့ပွဲကိုလည်း နေပြည်တော်မှာ အခုနှစ် မတ်လ ၂၆ ရက်နေ့တုန်းက ပြုလုပ်ခဲ့ပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်ကစလို့ ကျူးလွန်သူမပေါ်တဲ့ သေနတ်နဲ့ ပစ်ခတ်ခံရတာတွေ၊ လုပ်ကြံသတ်ဖြတ်ခံရတာတွေက ခပ်စိပ်စိပ်ဖြစ်နေပြီး အဲဒီထဲမှာ နိုင်ငံရေးပါတီဝင်တွေလည်း ပါဝင်ပါတယ်။ NLD တာဝန်ရှိသူတွေရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ စာရင်းအရဆိုရင်တော့ စစ်အာဏာသိမ်းချိန်ကစပြီး NLD အဖွဲ့ဝင် ၃၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ NLD ထိပ်ပိုင်းခေါင်းဆောင်တွေ အပါအဝင် ဖမ်းဆီးခံထားရတဲ့ ပါတီဝင်ပေါင်းက ၈၀၀ ကျော်ရှိတယ်လို့ မတ်လ ၁၈ ရက်နေ့က ထုတ်ပြန်ထားတဲ့စာရင်းမှာဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)



XS
SM
MD
LG