[[ ZAWGYI / UNICODE ]]
ယူကရိန်း အရပ်သားတွေကို ပစ်သတ်ပုံ ရုရှားစစ်သားချင်းဆက်သွယ်မှု ဂျာမန်တို့ကြားဖြတ်ထောက်လှမ်း
ယူကရိန်းမှာ အရပ်သားတွေကို ပစ်ခတ်သတ်ဖြတ်ခဲ့တာတွေနဲ့ ပတ်သက်လို့ ရုရှားတပ်ဖွဲ့ဝင်တွေ အချင်းချင်း ရေဒီယို ဆက်သွယ်ရေးစက်တွေနဲ့ ပြောဆိုခဲ့တာတွေကို ကြားဖြတ်ထောက်လှမ်း ရရှိထားကြောင်း ဂျာမန်ထောက်လှမ်းရေး အရာရှိတွေက ပြောပါတယ်။
ယူကရိန်းနိုင်ငံ Kyiv မြို့တော်အနီးမှာ ရက်ရက်စက်စက် သတ်ဖြတ်မှုတွေဟာ ရုရှားတပ်တွေ ရုပ်သိမ်းသွားပြီးမှ ဖြစ်ခဲ့တာလို့ ရုရှားတာဝန်ရှိသူတွေ တုံ့ပြန်ထားချိန်မှာပဲ အခုလို သတင်းထွက်ပေါ်လာတာပါ။
ယူကရိန်း စစ်သားတွေနဲ့ အရပ်သားတွေကို ပစ်မသတ်ခင် ဘယ်လိုမေးမြန်းစစ်ဆေးခဲ့တယ်ဆိုတာကို နောက်ပိုင်းမှာ ရုရှားစစ်သားတွေ ဆက်သွယ်ပြောဆိုကြတဲ့ မှတ်တမ်း ၂ ခုကို ကိုးကားပြီး ဂျာမန်ထောက်လှမ်းရေး အရာရှိတွေ ဗုဒ္ဓဟူးနေ့က လွှတ်တော်ကို အစီရင်ခံရာမှာ တင်ပြခဲ့တာ ဖြစ်ပါတယ်။
ရုရှားစစ်သားက စက်ဘီးစီးလာတဲ့ လူတယောက်ကို ပစ်ခတ်ခဲ့တာနဲ့ ပတ်သက်ပြီး ပြောနေတာကို ကြားဖြတ်ထောက်လှမ်းထားတဲ့ မှတ်တမ်းမှာ ကြားနိုင်တယ်လို့လည်း ဂျာမန်သတင်းဌာန Der Spiegel ကဖော်ပြခဲ့တာပါ။ အမေရိကန်သတင်းဌာန The New York Times က ဒီသီတင်းပတ် အစောပိုင်းမှာ စိစစ်အတည်ပြုခဲ့တဲ့ ကောင်းကင်က ရိုက်ကူးထားတဲ့ ဗွီဒီယိုမှတ်တမ်း တခုမှာလည်း Bucha မြို့မှာ စစ်ဘီးစီးလာတဲ့ အရပ်သားတယောက်ကို ရုရှားစစ်ကားတစင်းကနေ ပစ်ခတ်ခဲ့တာ တွေ့ရပါတယ်။
ဗွီဒီယိုမှတ်တမ်းထဲက အဖြစ်အပျက်ဟာ၊ ရေဒီယို ဆက်သွယ်ရေးစက်နဲ့ ပြောဆိုခဲ့တဲ့ အဖြစ်အပျက်နဲ့ တခုတည်း ဟုတ်၊ မဟုတ် ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။
အရပ်သားတွေကို တိုက်ခိုက်မှု စွပ်စွဲချက်တွေကို ရုရှားက ငြင်းဆန်နေပေမဲ့လည်း ရုရှားတပ်တွေ ဆုတ်ခွာပြီးနောက် Bucha မြို့ လမ်းတွေပေါ်မှာ သေဆုံးနေတဲ့ အရပ်သားအလောင်းတွေကို တွေ့ခဲ့ရတဲ့အတွက် ကမ္ဘာတလွှား ရုရှားရဲ့ လုပ်ရပ်ကို ဆန့်ကျင်တဲ့ သဘောထားတွေလည်း ပိုများလာခဲ့တာပါ။ Bucha မြို့တော်ဝန် Anatoliy Fedoruk ကတော့ အလောင်းတွေနဲ့ အပျက်အစီးတွေကို တွေ့ရတဲ့အတွက် တုန်လှုပ်မိကြောင်း ဗွီအိုအေကို ပြောပါတယ်။
= = = = = = = =
{{ UNICODE }}