သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် အဂတိမှုနဲ့ တရားစွဲခံရ


ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် (ဓာတ်ပုံ - AFP)
ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် (ဓာတ်ပုံ - AFP)

(Zawgyi/Unicode)

စစ်တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီး တရားစွဲခံနေရတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ နဲ့ စစ်ကောင်စီက တရားစွဲပါတယ်။ မူလထဲက အမှု ၂ ခုနဲ့တရားစွဲထားတဲ့ ဒေါက်တာဇော်မြင့်မောင်ကို ထောင်ဒဏ် ၁၅ နှစ်အထိချမှတ်နိုင်တဲ့ အဂတိလိုက်စားမှုနဲ့ အမှုတိုး တရားစွဲလိုက်တာပါ။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မခင်ဖြူထွေးက ပြောပြပါမယ်။

လက်ရှိဖမ်းဆီးခံထားရတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း ဆေးကုသစရိတ်နဲ့ ပါတီရုံးမြေနေရာကိစ္စဆောင်ရွက်မှုတွေမှာ အဂတိလိုက်စားမှုရှိခဲ့တယ်ဆိုပြီး အဂတိလိုက်စားမှုနဲ့ စစ်ကောင်စီက ၁ မှုတိုး တရားစွဲလိုက်ပါတယ်။

မန္တလေးတိုင်းထဲက စီးပွားရေးကုမ္ပဏီတခုက ဆေးကုသစရိတ်ဆိုပြီး အကြောင်းပြပေးတဲ့ ငွေကျပ်သိန်း ၆၅၀၊ ထိုင်းနိုင်ငံဘန်ကောက်မြို့ ဆေးရုံတခုမှာ ဆေးသွားကုစဉ် စီးပွားရေးလုပ်ငန်းရှင်တယောက်ပေးတဲ့ ဒေါ်လာ ၁ သိန်း စတဲ့ ငွေတွေကို တံစိုးလက်ဆောင်အဖြစ် လက်ခံခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။ ထောင်ဒဏ် ၁၅ နှစ်အထိချမှတ်နိုင်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ နဲ့ အမှုထပ်တိုးလိုက်တာကို စစ်ကောင်စီသတင်းမှာ ကြေညာမှ သိခဲ့ရတယ်လို့ ဒေါက်တာဇော်မြင့်မောင်ရဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်သဲစုဝေ က ဗွီအိုအေကို ပြောပါတယ်။

"MRTV ကနေ ကြေငြာတာဘဲသိသေးတယ်။ ရုံးကိုအမှုဆွဲတင်တာမရှိသေးဘူး။ စွဲတာစွဲမှာပေါ့လေ ကြေငြာပြီးရင်စွဲမှာပေါ့လေ။ ဘာအကြောင်းအချင်းရာနဲ့စွဲပြီး အဂတိပုဒ်မဘယ်လောက်ဆိုတာမသိရသေးဘူး။ ကျမတို့က တရားရုံးရောက်မှ ဒီအကြောင်းအချင်းရာကိုလိုက်ဖို့ ပါဝါတင်ဖို့ရယ် ဒီအမှုတွဲကိုတောင်းယူကြည့်ခွင့်ရှိတာဆိုတော့ အမှုဆွဲတာက တရားရုံးမှာရောက်မလာသေးဘဲ MRTV ကဘဲ ကြေငြာလိုက်တာ။ အဲလိုဆိုတော့ စွဲတင်မှသာ ဘာအကြောင်းရာနဲ့စွဲ၊ ဘယ်အချက်ဆိုတာပြောနိုင်မှာပေါ့နော်။"

ဒေါက်တာဇော်မြင့်မောင် မန္တလေးတိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့စဉ်က မန္တလေးတိုင်းအတွင်း စီမံကိန်း ဧရိယာနဲ့ ဆက်စပ်လက်ယာမြေတွေကို အခြားနည်းသုံးစွဲခွင့် ရဖို့နဲ့ စီမံကိန်းလုပ်ငန်းတွေ ဆက်ပြီးလုပ်ကိုင်နိုင်ဖို့အတွက် ကုမ္ပဏီတခုဆီကနေ ထိုင်းဘတ်ငွေ သုံးသိန်းကိုလည်း တံစိုးလက်ဆောင်အဖြစ်ယူခဲ့တယ်လို့ စစ်ကောင်စီက စွပ်စွဲထားပါတယ်။

ဒေါက်တာဇော်မြင့်မောင်ဟာ အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်မှု ပုဒ် ၅၀၅ (ခ)၊ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ၂၅/၃၀(က) တို့နဲ့လည်း တရားစွဲဆိုခံထားရပါတယ်။ နက်ဖြန် ဇူလိုင် ၉ ရက်နေ့ကျရင် ဒီအမှုတွေအတွက် စွဲချက်တင်မတင် ဆုံးဖြတ်ဖို့ရှိတယ်လို့ ရှေ့နေကပြောပါတယ်။

"ဆရာဇော်က လက်ရှိက ၂ မှု။ ၅၀၅-ခ နဲ့ သဘာဝဘေးက ၂၅/၃၀(က) ပေါ့။ အဲ၂ မှုကိုရင်ဆိုင်နေရတာ မနက်ဖန် ၉ ရက်နေ့ကို အဲဒီ၂ မှုကို စွဲချက်တင်ရန်သင့်မသင့်ကို တရားရုံးမှာအမိန့်ချမယ် ဆွဲချက်တင်ရင်ဆက်ရင်ဆိုင်ပေါ့။ မတင်ရင်လွတ်မှာပေါ့။ ကျမတို့ဆီကလော့ခ်ဒေါင်းချလိုက်ပြီလေ။ မနေ့ကစတာ။ ထောင်ကနေ ဝင်ခွင့်ပေးလားမပေးလားဆိုတာ မနက်ဖန်မှသိရမှာ ဒီနေ့ကတော့မပေးဘူး။ ကျမတို့က ဗီဒီယို ကွန်ဖရန့်နဲ့ကအဆင်မပြေဘူး။ လက်မခံနိုင်တာပြောထားတယ်၊ အင်တာနက်ကမကောင်းတော့ တဖက်တရားသူကြီးပြောတာ ကျမတို့မကြားဘူး။ ကျမတို့အဲဒါနဲ့ လက်မခံတာ ပြောထားတယ်။ ရုံးချိန်းပဲပေးမလား ထောင်ထုတ်မလားမသိရသေးဘူး။"

စစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့နောက် NLD အစိုးရလက်ထက်က ဝန်ကြီးချုပ်တွေ တော်တော်များများကို ထောင်ဒဏ် ၁၅ နှစ်အထိချမှတ်နိုင်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲထားပါတယ်။ အဲဒီထဲမှာ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုလည်းပါဝင်ပါတယ်။ ဒီအမှုနောက်ဆုံး အခြေအနေနဲ့ပတ်သက်လို့ သူ့ရှေ့နေ ဦးမြင့်အောင်က ဗီအိုအေကို ခုလိုပြောပါတယ်။

"အဂတိလိုက်စားမှုဥပဒေ ၅၅ နဲ့ဆွဲတာလေ တိုင်းဒေသကြီးလွှတ်တော်မှာ တရားစွဲတာ ဒေါက်တာအောင်မိုးညို က ၇ မှု၊ နောက်ဒေါက်တာအောင်မိုးညို၊ ဒေါက်တာခင်မောင်အေးတို့၊ လွှတ်တော်ဥက္ကဋ္ဌ ဦးတာတို့ ဝန်ကြီးဦးတင်နွယ်ဦးတို့ သူတို့ ၄ ဦးကိုအမှူပေါင်း ၈ မှုနဲ့ဆွဲတာပေါ့။ တရားလိုက ၂ ယောက်ထဲ ခွဲဆွဲတာပေါ့ ။ ဦးသိန်းဇော်ဦးနဲ့ ဦးမိုးကျော်လွင် ၂ ယောက်က ခွဲဆွဲတာပေါ့။ မနေ့ကအမှုတင်တာ ကျနော်တို့လည်း မိုးချုပ်မှသိရတာ။ သူတို့ကို ၁၄ ရက်နေ့ချိန်းတယ်လို့ကြားပါတယ်။ ကျနော်တို့ကတွေ့ကိုမတွေ့ရသေးဘူး စွပ်စွဲခံထားရတဲ့သူတွေနဲ့ပေါ့ထောင်ကလည်းပိတ်ထားတော့လေ အမှုတွေတောင်ပြန်ချိန်းနေရတော့လေ ပါဝါယူဖို့မနက်ဖန်မှထောင်ကိုပို့ရမှာပေါ့ လူချင်းလဲတွေ့ရမှာမဟုတ်ဘူး။ ပါဝါတင်အမှုစစ်ရတာ ဥပမာ ၁၄ ရက်နေ့ပါဝါတင်အမှုစစ်ရရင် အားကြီးအခက်အခဲဖြစ်တယ် ခုခံရေးလမ်းကြောင်းကဘယ်လိုမှအဆင်မပြေနိုင်ပါဘူး။"

ဒေါက်တာအောင်မိုးညိုကို ၅၀၅ -ခ အမှုအတွက် မကွေးထောင်အထူးတရားရုံးက အလုပ်ကြမ်းနဲ့ထောင် ၂ နှစ်ပြစ်ဒဏ်ချထားပါတယ်။ သူ့အပေါ် သဘာဝဘေးဒဏ် စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ နဲ့လည်း တရားစွဲထားပါတယ်။ ဒီအမှုအတွက် တရားလိုဘက်က သက်သေအဖြစ်တင်သွင်းလာတဲ့ ဓါတ်ပုံတွေကို ဒေါက်တာအောင်မိုးညိုရဲ့ ရှေ့နေ့အဖွဲ့က ကန့်ကွက်ထားတဲ့အပေါ် လာမယ့်အပတ်မှာ သက်သေပစ္စည်းကို လက်ခံမခံ အမိန့်ချဖို့ရှိတယ်လို့လည်း ရှေ့နေကပြောပါတယ်။

နောက်ထပ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ နဲ့ တရားစွဲခံရတဲ့ ဝန်ကြီးချုပ်တွေကတော့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုတို့ ဖြစ်ပါတယ်။

စွဲဆိုထားတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ ဆိုတာက နိုင်ငံရေးရာထူး လက်ရှိ ဖြစ်သူ ဒါမှမဟုတ် နိုင်ငံရေးရာထူး ရရှိခဲ့သူတယောက်ယောက်ဟာ အဂတိ လိုက်စားမှုကျူးလွန်ကြောင်း ပြစ်မှုထင်ရှားခဲ့တယ်လို့ ဆုံးဖြတ်ရင် အဲဒီလူကို ၁၅ နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်နိုင်သလို ငွေဒဏ်လည်းချမှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

.............................................................................................

တိုက်ရိုက် လင့်ခ်



(Unicode)













XS
SM
MD
LG