(Zawgyi/Unicode)
ထိုင်းမြန်မာနယ်စပ် တာ့ခ်ပြည်နယ်အတွင်းက လူဦးရေ အများဆုံး ကရင်ဒုက္ခသည်စခန်းဖြစ်တဲ့ မယ်လစခန်းလို့ခေါ်တဲ့ "ဘဲကလော်" ဒုက္ခသည်စခန်းကို သီတင်း ၂ ပါတ်ကြာ Lockdown အဝင်အထွက်မလုပ်ရ တားမြစ်ထားပါတယ်။ စခန်းထဲက ဒုက္ခသည်တဦးမှာ ကိုဗစ်ကပ်ရောဂါပိုးကူးစက်နေတာကြောင့် ဇူလိုင်လ ၅ ရက်နေ့ကစပြီး အဝင်အထွက် ပိတ်လိုက်တာဖြစ်ပါတယ်။ ဒီအကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက တင်ပြထားပါတယ်။
ထိုင်းမြန်မာနယ်စပ် တာ့ခ်ပြည်နယ် တန်ဆောင်ရမ်းမြို့နယ်ထဲမှာရှိတဲ့ မယ်လဒုက္ခသည်စခန်းမှာ ဘန်ကောက်ကနေ အလုပ်လုပ်ပြီးပြန်လာသူ ဒုက္ခသည်တဦး ကိုဗစ်ရောဂါဖြစ်လို့ မဲဆောက်ဆေးရုံကြီးမှာ ကုသနေပါတယ်။ ခုလိုမျိုး ဒုက္ခသည်စခန်းထဲမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်သူ တယောက်တေ့ွခဲ့ပြီးနောက် မယ်လစခန်းကို ၂ ပတ်ကြာ ဝင်ထွက်ခွင့်အားလုံး ပိတ်ပင်လိုက်တယ်လို့ ကရင်ဒုက္ခသည်ကော်မတီဥက္ကဌ ဦးရောဘတ်ထွေးက အခုလိုပြောပြပါတယ်။
"မနေ့ကတော့တယောက်တွေ့တယ် ဘန်ကောက်မှာအလုပ်လုပ်ပြီး ပြန်လာတော့ စခန်းထဲတော့ သူဝင်လို့မရဘူး မဲ့သလေ့ရွာမှာသွားနေတယ် သုံးလေးရက်လောက်ကျတော့ပြန်တက်လာတယ်။ ပြန်တက်လာပြီး မယ်လစခန်းထဲမှာ ဘယ်လိုခိုးဝင်နေလဲမပြောတတ်ဘူး။ ခိုးဝင်ပြီး နှာစီးချောင်းဆိုးတာတွေဖြစ်တော့ ဆေးရုံမှာသွားပြတော့သ ူများစစ်လိုက်တော့ ပေါ်တယ်။ စခန်းထဲမှာ ၄ ရက်လား ၃ ရက်လားပဲရှိသေးတယ်။ နေမကောင်းတော့ နှာစေးချောင်းစေးတာဆိုတော့ပေါ်တာပေါ့ လောလောဆယ်မယ်လစခန်းမှာလေ့ာဒေါင်းလုပ်တယ်။ အရင်ဆုံးလော့ဒေါင်းကတော့ ၂ပတ်အတွင်းတဲ့။"
လူနာကို ဆေးရုံ ပို့ဆောင်ပေးခဲ့တဲ့ စခန်းအာဏာပိုင်တွေကိုလည်း ကိုဗစ်ရောဂါ စောင့်ကြည့်ရေးစခန်းတွေမှာ ထားပြီးစောင့်ကြည့်နေပါတယ်။
မယ်လဒုက္ခစခန်းမှာ လူဦးရေ ၄ သောင်းကျော် ရှိပါတယ်။ ဒါကြောင့် ကိုဗစ်ကပ်ရောဂါ ကူးစက် ပျံ့ပွားမှုမဖြစ်အောင် ကာကွယ်တဲ့အနေနဲ့ စခန်းတွင်းအဝင်ထွက်တွေကို ပိတ်ပင်ထားပါတယ်။ ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ ဒုက္ခသည်စခန်း ၃ ခုထဲက ကိုဗစ်ကပ်ရောဂါပိုး ကူးစက်သူတွေ တေ့ွရှိခဲ့တဲ့ထဲမှာ မယ်လစခန်းကတော့ တတိယမြောက် အတည်ပြုလူနာတွေ့တဲ့ ဒုက္ခသည်စခန်းဖြစ်တယ်လို့လည်း ဦးရောဘတ်ထွေးက ပြောပါတယ်။
"စခန်းတွေထဲမှာ ဆိုရင်မယ်လစခန်းကတတိယပေါ့။ ပထမကတော့ အုန်းဖျန်မှာဖြစ်တယ်။ နောက် ကျတော့ ထမ်ဟင်စခန်းမှာဖြစ်တယ်။ ထမ်ဟင်စခန်းကတော့ ရောဂါတွေပျောက်ကုန်ပြီ"
ထိုင်းမြန်မာနယ်စပ်မှာ စုစုပေါင်း ဒုက္ခသည်စခန်း ၉ ခုရှိပြီး မြန်မာနိုင်ငံက ဒုက္ခသည် စုစုပေါင်း တသိန်းနီးပါးလောက် ခိုလှုံနေထိုင်နေကြတာပါ။ ဒုက္ခသည်အများစုက ကရင်တွေဖြစ်ပြီး ပအိုဝ့်၊ မွန်၊ ကချင်၊ ချင်း၊ ရှမ်း၊ ရခိုင်၊ ဗမာ စတဲ့ တခြားတိုင်းရင်းသား လူမျိုးအစုံလည်း ရှိပါတယ်။ တနှစ်ထက်တနှစ် အစိုးရမဟုတ်တဲ့အဖွဲအစည်းတွေရဲ့ထောက်ပံ့ရေးအကူညီတွေ လျော့ကျလာတာကြောင့် ဒုက္ခသည်တွေဟာ စားသောက်ရေးနဲ့ ကျန်းမာရေး၊ ပညာရေးဆိုင်ရာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။
ဒါကြောင့် တချို့ဒုက္ခသည်တွေက စခန်းအနီးတဝိုက်က ထိုင်းလူမျိုးတွေရဲ့စိုက်ခင်းတွေမှာနေ့စားတွေအဖြစ် ထွက်ပြီးအလုပ်လုပ်နေကြရပါတယ်။ ကိုဗစ်ကပ်ရောဂါဖြစ်ချိန်မှာ ကန့်သတ်ပိတ်ဆို့ ထိန်းချုပ်တဲ့ဥပဒေတွေကြောင့် ဒုက္ခသည်တွေအနေနဲ့ အပြင်ကို ထွက်ပြီးအလုပ်လုပ်ဖို့ မလွယ်ကူတော့ပါဘူး။ ဒါကြောင့် ဒုက္ခသည်တွေဟာ စာသောက်ရေး မလုံလောက်တဲ့ ပြဿနာ အခက်အခဲတွေနဲ့လည်း ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။
(Unicode)