သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကြောင့် အင်းစိန်အထူးတရားရုံးများကြားနာမှုယာယီရပ်ဆိုင်းထား


အင်းစိန်ထောင် အဝင်ဝဂိတ်နှင့် ထောင်ဝန်ထမ်းတချို့။ အောက်တိုဘာ ၁၁၊ ၂၀၁၁။
အင်းစိန်ထောင် အဝင်ဝဂိတ်နှင့် ထောင်ဝန်ထမ်းတချို့။ အောက်တိုဘာ ၁၁၊ ၂၀၁၁။

(Zawgyi/Unicode)

အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ဆန္ဒပြလို့ ဖမ်းဆီးခံရသူတွေရဲ့ အမှုတွေကို ရန်ကုန်မြို့၊ အင်းစိန်ထောင်တွင်းက အထူးတရားရုံးတွေမှာ စစ်ဆေးနေတာ ကိုဗစ်ကြောင့် ယာယီရပ်ဆိုင်းထားတယ်လို့ ရှေ့နေတွေက ပြောပါတယ်။ တရားစွဲခံထားရသူတွေကို လောလောဆယ် ရုံးမထုတ်တော့ဘဲ ချုပ်ရက် ရမန်ရက်ချိန်းကိုပဲ ထပ်ပေးနေတယ်လို့ မိသားစုဝင်တွေကပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်း မဆုမွန် ပြောပြပါမယ်။
ကိုဗစ်ကပ်ရောဂါကူးစက်မှုနှုန်း စိုးရိမ်ရတဲ့အခြေအနေ ပြန်ဖြစ်လာတဲ့အတွက် ရန်ကုန်အင်းစိန်ထောင်ထဲမှာ အထူးတရားရုံးဖွင့်လှစ် စစ်ဆေးနေတဲ့ အမှုတွေကို စစ်ဆေးကြားနာတာကို ရပ်ထားပါတယ်။ စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့အတွက် ဖမ်းဆီးတရားစွဲခံနေရသူတွေကို လောလောဆယ် အမှုမစစ်ဘဲ ချုပ်ရက် ရမန်ပေးနေတာကြောင့် အမှုတွေ ပိုကြန့်ကြာမှာကို မိသားစုတွေစိတ်ပူနေကြပါတယ်။ ဒါ နဲ့ပါတ်သက်လို့ တရားရင်ဆိုင်နေရသူတယောက်ရဲ့ ဖခင်က ဗွီအိုအေကို ခုလိုပြောပါတယ်။
“ သူတို့က နှစ်ပတ်ချိန်း ချိန်းထားတာပဲ၊ ဒီအပတ်ပြီး နောက်ပတ်တွေကျမှ တပတ်တပတ်ဖြစ်ပြီးတော့ သူတို့ရက် ၉၀ ဆိုလားအဲဒါနဲ့ အပြတ်ဖြတ်မယ်လို့ ပြောတာပဲ။ အဲဒီလိုပြောပြီးတော့ အခုကလေးတွေ အထဲကို ဦးတို့ဘာမှန်းမသိရ ညာမှန်းမသိရနဲ့ ဆိုတော့ စိုးရိမ်တာပေါ့ ကလေးတွေကို။ နောက်မို့ဆို မနက်ဖြန်သူတို့ရုံးချိန်းလေ၊ ဒီကြောင့် ရက်ရွှေ့လိုက်တယ်ဆိုတော့ ဘယ်နေ့မှန်းကိုယ်က မသိရတော့ ပိုပြီးစိတ်ပူတာပေါ့။”

အင်းစိန်ထောင်မှာ ခုလိုချုပ်ရက် ရမန်နဲ့ ဖမ်းဆီးခံထားရသူတွေအပါအဝင် အာဏာသိမ်းမှုကို ဆန့်ကျင်လို့ ဆက်လက် ဖမ်းဆီးခံထားရသူ ၂ ထောင်ကျော် ရှိနိုင်တယ်လို့ အကျိုးဆောင်ရှေ့နေတယောက်ဖြစ်တဲ့ ရှေ့နေဦးခင်မောင်မြင့်က နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPPB ရဲ့ စာရင်းပေါ် အခြေခံပြီး ပြောပါတယ်။

“ဒီအင်းစိန်အနေနဲ့လည်းပဲ နဂိုက ၃၀၀၀ ဝန်းကျင်ရှိတာကနေ ၇၂၁ ယောက် ပြန်လွှတ်လိုက်တယ်ဆိုတော့ ၂၂၀၀ ဝန်းကျင် (ကျန်)ရှိလိမ့်မယ် မှန်းတာပေါ့နော်။ ဒါကတော့ ထောင်ဘက်ကစရင်းတော့ ကျနော်တို့လည်း အတည်မပြုနိုင်သေးဘူး၊ ကျနော်မှန်းဆကြည့်တာပေါ့ ရှိတဲ့အရေအတွက်နဲ့။”

ဖမ်းဆီးခံရသူတွေထဲက အင်းစိန်ထောင် အထူးတရားရုံးတွေမှာ အမှုစစ်ဆေးခံနေရသူတွေကို အရင်က ရုံးချိန်းနေ့တွေမှာ ရုံးထုတ်ပေမဲ့ အခု အကန့်အသတ်မရှိ ဆိုင်းထားတာဖြစ်ပါတယ်။ အင်းစိန်ထောင်ထဲက အထူးတရားရုံးတွေဆီကို တရားသူကြီးနဲ့ တရားရုံးဝန်ထမ်းတွေ၊ ဥပဒေအရာရှိနဲ့ ဥပဒေရုံးဝန်ထမ်းတွေ၊ ရုံးထုတ်ပေးတဲ့ လုံခြုံရေးတပ်ဖွဲ့တွေ၊ အမှုစစ်ဖို့လာတဲ့ ရဲအရာရှိနဲ့ ရဲဝန်ထမ်းတွေ၊ တရားလိုပြ တရားခံပြသက်သေတွေ၊ ရှေ့နေတွေ စသဖြင့် နေ့စဉ်အဝင်အထွက် လုပ်နေသူ ၃၀၀ လောက်ရှိတယ်တယ်လို့ ရှေ့နေတွေက ပြောပါတယ်။

လောလောဆယ် အင်းစိန်ထောင်မှာ ဖမ်းဆီးခံထားရသူတွေကို ရောဂါပိုးရှိ၊ မရှိ စစ်ဆေးမှုတွေ လုပ်ပေးတယ်လို့ မကြားသိရပါဘူး။ ထောင်ထဲ ဝင်ထွက်နေသူတွေကိုတော့ လက်သန့်ဆေရည်သုံးဖို့၊ လက်ဆေးဖို့၊ နှာခေါင်းစည်းတပ်ဖို့ မျက်နှာအကာနဲ့ လက်အိတ် စွပ်ဖို့ အကျဉ်းထောင်ဘက်က ညွှန်ကြားထားတယ်လို့ ရှေ့နေဦးခင်မောင်မြင့်က ဗွီအိုအေကို ပြောပါတယ်။


“ အခုဒီအင်းစိန် ဗဟိုအကျဉ်းထောင်ဆိုရင် အကျအချုပ်အင်အား ၁၀,၀၀၀ ဝန်းကျင်ပေါ့ အိပ်ဆောင်အသီးသီးမှာ ထိန်းသိမ်းထားရတယ်။ ဒီအထဲထဲမှာတော့ ကိုဗစ်ပိုး ကူးစက်ခံရဖို့က အခွင့်အလမ်းနည်းတယ်။ ဘာလို့ဆို အပြင်နဲ့အဆက်အသွယ် သိပ်မရှိလှဘူး။ ရှိနေတဲ့ တခုတည်းသော ဒီလမ်းကြောင်းက အထူးတရားရုံး လမ်းကြောင်းတခုပဲ ရှိနေတယ်။ အထဲထဲမှာများ ကိုဗစ်ပိုးကူးစက်ခံရမယ်ဆိုရင် ကူးစက်မှုနှုန်းက အရမ်းမြန်မယ်။ ထားနိုင်တဲ့ အဆောက်အဦးရဲ့ အခြေအနေနဲ့ ထားတဲ့လူဦးရေနဲ့က မမျှဘူး၊ လူဦးရေက အရမ်းကျပ်တည်းတယ်။”

ထောင်ထဲမှာ ကိုဗစ်ရောဂါတားဆီးရေး စည်းမျဉ်းတွေအတိုင်း လူအချင်းချင်း ၆ ပေကြိုဗစ်ကြောင့် အင်းစိန်အထူးတရားရုံးများကြားနာမှုယာယီရပ်ဆိုင်းထား ခြားနေရဖို့ဆိုတာ ဖြစ်နိုင်ခြေနည်းတယ်လို့ ဇွန်လ ၃၀ရက်က လွတ်မြောက်လာတဲ့ လူငယ်တဦးက ဗွီအိုအေကိုပြောပြပါတယ်။ ကိုကိုးကျွန်းမြို့နယ်တရားရုံးနဲ့ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့နယ် ၆ ခုကလွဲလို့ ရန်ကုန်တိုင်းထဲက ကျန်တဲ့ ၃၈ မြို့နယ်အတွက် အထူးတရားရုံးတွေကို အင်းစိန်အကျဉ်းထောင်ထဲမှာပဲ စီစဉ်ပြီး အမှုတွေ စစ်ဆေးနေပါတယ်။

တရားရုံးစီမံခန့်ခွဲမှုအတိုင်း တရားရုံးချိန်းတွေကို သတ်မှတ်ထားပြီး ဖြစ်ပါတယ်။ သက်သေများတဲ့အမှုကို တပတ်ရုံးချိန်း၊ သက်သေနည်းတဲ့အမှုကို နှစ်ပတ်ခြားပြီး ရုံးချိန်းခေါ်ထားတာဖြစ်လို့ ဒီရက်ပိုင်း အပြောင်းအလဲအပေါ် မူတည်ပြီး ရုံးချိန်းတွေကို ရွှေ့ဆိုင်းသွားမှာပါ။

ဇွန်လ ၃၀ ရက်နေ့က ရန်ကုန်အင်းစိန်ထောင်အပါအဝင် အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျနေသူ ၂၂၉ ၆ ယောက်ကို စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒီလိုလွှတ်ပေးတာဟာ လူသားချင်းစာနာတဲ့လုပ်ရပ် ဖြစ်တယ်လို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က မနေ့က ဇူလိုင်လ ၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။ အမှုရင်ဆိုင်ဆဲ အချုပ်သားတွေကို အမှုရုတ်သိမ်းပြီး အခုလို လွှတ်ပေးလိုက်တဲ့အပေါ် သက်ဆိုင်ရာ မိသားစုတွေနဲ့ ပြည်တွင်းပြည်ပ လူ့အခွင့်အရေး အဖွဲ့အစည်းတွေကလည်း စိတ်အား တက်ကြွလိမ့်မယ်လို့ ယုံကြည်ကြောင်း အဲဒီထုတ်ပြန်ချက်ထဲမှာ ရေးသားထားတာပါ။ လူ့အခွင့်အရေးအဖွဲ့တွေကတော့ အစထဲက ဖမ်းမထားသင့်သူတွေကို ပြန်လွှတ်ပေးတာဖြစ်တယ်လို့ ပြောကြပါတယ်။

တိုက်ရိုက် လင့်ခ်


(Unicode)













XS
SM
MD
LG