(Zawgyi / Unicode)
မြန်မာနိုင်ငံမှာ မကြာသေးခင်ကစလို့ ကိုဗစ်ရောဂါ ကူးစက်မှုတွေ တိုးလာနေတာဟာ အိမ်နီးချင်း အိန္ဒိယနိုင်ငံက ကူးစက်မြန် ပိုးမျိုးကွဲသစ်ကြောင့် ဖြစ်မှာကို ကျန်းမာရေး တာဝန်ရှိသူတွေ စိုးရိမ်နေပါတယ်။ မြန်မာနိုင်ငံမှာ ကူးစက်မှုနှုန်း ခန့်မှန်းချေ ၃ ရာခိုင်နှုန်းလောက် ရှိနေရာကနေ ဒီတပတ်ထဲမှာ ၂ ဆနီးပါး ၆ ရာခိုင်နှုန်းလောက်အထိ တိုးလာခဲ့ပြီး အိန္ဒိယနိုင်ငံ နယ်စပ်မှာဆိုရင်လည်း ၆၀ ရာခိုင်နှုန်းအထိ ရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန သတင်းပြန်ကြားရေး အဖွဲ့ဝင် ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။ ကူးစက်ရောဂါတိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူးလည်းဖြစ်တဲ့ ဒေါက်တာခင်ခင်ကြီးကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။
အခု ကိုဗစ်ပိုး စစ်တဲ့အထဲက ပိုးတွေ့နှုန်း ထူးထူးခြားခြား တက်လာတာကို ဒေါက်တာခင်ခင်ကြီးက “ပိုးတွေ့တဲ့နှုန်းကို အရင်ကနဲ့ နှိုင်းဆလိုက်ရင် ပြီးခဲ့တဲ့အပတ်လောက်က စပြီးတော့ ၃ ရာခိုင်နှုန်းကျော်ကျော် တက်လာတဲ့နေ့တွေ စရှိလာပါတယ်။ ဒါပေမယ့် တနေ့မှာတော့ ၉၆ ယောက် တက်ပြီးတော့ ၅.၃၇ ရာခိုင်နှုန်းအထိ တက်သွားတာကို တွေ့ရပါတယ်။ အဲဒီလိုပဲ ပြီးခဲ့တဲ့ တရက်ခြားမှာ စစ်ဆေးတဲ့သူ ၁,၂၀၀ ကျော်မှာ ပိုးတွေ့တဲ့သူ ၇၂ ဦး တွေ့ပါတယ်။ ဒါလည်း ပိုးတွေ့တဲ့ ရာခိုင်နှုန်း ၅.၈၅ ဆိုတော့ ၆ ရာခိုင်နှုန်းနီးနီး ရှိလာတာ တွေ့ရပါတယ်။” လို့ ပြောပါတယ်။
ကိုဝင်းမင်း - အဲ့ဒီတော့ ပိုးတွေ့နှုန်းတက်လာတဲ့ အကြောင်းရင်း ထူးခြားမှုရော တွေ့ထားမိလား။
ဒေါက်တာခင်ခင်ကြီး - “မြန်မာနိုင်ငံရဲ့ နေရာ ၂ နေရာမှာ မြို့နယ် ၂ ခုမှာ အစုလိုက် ပိုးတွေ့သူတွေ ဖြစ်ပွားတာတွေရှိလို့ ဖြစ်ပါတယ်။ ပထမ ၉၆ ယောက်တွေ့တယ်ဆိုတဲ့ ဟာမှာလည်း စစ်ကိုင်းတိုင်း တမူးမှာဖြစ်ပွားတဲ့ ပိုးတွေ့သူ စုစုပေါင်း ၅၆ ယောက်ပါလို့ ဖြစ်ပါတယ်။ အဲဒီနေ့မှာပဲ ချင်းပြည်နယ် တွန်းဇံမြို့နယ်က ကျည်ခါးဆိုတဲ့ ကျေးရွာမှာလည်း ပိုးတွေ့ရှိသူ ၁၁ ယောက်တွေ့ပါတယ်။ တနေ့က ၇၂ ယောက်မှာလည်း စစ်ကိုင်းတိုင်း တမူးက ရောဂါဖြစ်ပွားသူ နောက်ထပ် ၃၁ ယောက် ပါပါတယ်။ ဒါဆိုရင် စစ်ကိုင်းတိုင်း တမူးမှာ ရောဂါဖြစ်ပွားတဲ့သူက ၁၀၀ နီးနီးကပ်နေပြီဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။”
ကိုဝင်းမင်း - ဒီနေရာမှာ တခြားဒေသတွေမှာရော တက်လာတဲ့ ထူးခြားမှု တွေ့မိသေးလား။
ဒေါက်တာခင်ခင်ကြီး - “ရောဂါဖြစ်ပွားမှုတွေက အများအားဖြင့်တော့ ပုံမှန်အားဖြင့်ဆိုရင်တော့ တိုင်းနဲ့ပြည်နယ်တွေအနှံ့ ဖြစ်တယ်ဆိုပေမယ့် တိုင်းနဲ့ပြည်နယ်တိုင်း မဟုတ်ဘဲနဲ့ တချို့တိုင်းနဲ့ပြည်နယ်ရဲ့ မြို့နယ်တွေမှာပဲ ပိုပြီးတော့ ဖြစ်နေတာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် တနင်္သာရီတိုင်းဆိုရင် ထားဝယ်မှာ ဖြစ်ပွားတာတွေ တွေ့ရပါတယ်။ ဧရာဝတီတိုင်းဆိုရင် ပုသိမ်မှာ တွေ့ရတာ များပါတယ်။ အဲလိုပဲ မွန်ပြည်နယ်မှာဆို မော်လမြိုင်မှာ တွေ့ရတယ်။ စစ်ကိုင်းတိုင်းဆိုရင် မုံရွာမှာ တွေ့ရှိရတာ များပါတယ်။”
ကိုဝင်းမင်း - အဲဒီတော့ အိန္ဒိယနယ်စပ်မှာရှိတဲ့ ပြည်နယ်နဲ့တိုင်းမှာ အခုလို ပိုးတွေ့နှုန်း တက်လာတာကြောင့် မြန်မာတပြည်လုံး တိုင်းနဲ့ပြည်နယ်မှာ ပိုးတွေ့နှုန်း အနေအထားရော ထူးခြားမှုဖြစ်လာလား။
ဒေါက်တာခင်ခင်ကြီး - “၂၇ ရက် ၅ လအထိဆိုရင်တော့ ရန်ကုန်တိုင်းက အများဆုံးပေါ့။ ဒုတိယက စစ်ကိုင်း၊ တတိယက ဧရာဝတီ၊ စတုတ္ထနေရာမှာ တနင်္သာရီနဲ့ ပဉ္စမတော့ မွန် ရှိနေပါတယ်။ သို့သော် စစ်ကိုင်းတိုင်း တမူးမှာ ပိုးတွေ့ရှိမှုတွေက ပိုတက်လာတဲ့အတွက် စစ်ကိုင်းတိုင်းမှာ Case တွေ ဖြစ်ပွားမှုက ရန်ကုန်တိုင်းထက် ပိုပြီးတော့ သာချင်တောင် သာနိုင်ပါတယ်။ စာရင်းအတိအကျတော့ ကျမတို့ မလုပ်ရသေးပါဘူး။ ၂၇ ရက်နေ့အထိကတော့ ရန်ကုန်တိုင်းက အများဆုံးပေမယ့် ၂၈ ရက် ဒေတာအရဆိုရင်တော့ စစ်ကိုင်းတိုင်းက အများဆုံးဖြစ်သွားတဲ့ အနေအထား ရှိပါတယ်။”
ကိုဝင်းမင်း - ဒီနေရာမှာ စစ်ကိုင်းတိုင်းရဲ့ ပိုးတွေ့တာ စတက်လာတာရဲ့ ထူးခြားမှုရော သတိထားမိလား။
ဒေါက်တာခင်ခင်ကြီး - “စစ်ကိုင်းတိုင်းမှာဖြစ်တယ် ဆိုတာကလည်း ဒီနေရာမှာ အချုပ်ခံရတဲ့သူ ၃ ယောက်မှာ စပြီးတွေ့တာ ဖြစ်ပါတယ်။ အဲဒီ ၃ ယောက်ကနေ သူတို့ရဲ့ Contact တွေ စစ်လိုက်တဲ့အခါမှာ နောက်ထပ် ပိုးတွေ့တဲ့သူ ၅၃ ယောက်တွေ့တာ ဖြစ်ပါတယ်။ တနေ့မှာတော့ ထပ်စစ်လိုက်တာ နောက်ထပ် ၃၁ ယောက် တွေ့ပါတယ်။ ဒါတွေက အဲဒီနေရာမှာပဲ အစုလိုက်တွေ့ရှိတယ် ဆိုတာက ဒီနေရာမှာ ရောဂါဖြစ်ပွားမှုက သာမန်ထက်ကို ကူးစက်မှုတွေက ပိုမြန်တယ်ဆိုတာကို လုံးဝ ဖော်ပြနေပါတယ်။ နောက်တခုက တမူးတို့ ကျည်ခါးတို့ အဲဒီနေရာတွေက အိန္ဒိယ Border နဲ့လည်း နီးစပ်နေတယ်၊ တရားမဝင် သွားလာတာတွေ ရှိတယ်။ တရားဝင်ကတော့ ဧပြီလ ၂၇ ရက်ကစပြီးတော့ ပိတ်ထားပေမယ့် တရားမဝင်တဲ့ နယ်စပ်မြို့တွေဆိုတော့ ဝင်ထွက်တာတွေကလည်း ဖြစ်နိုင်ချေတော့ ရှိပါတယ်။”
ကိုဝင်းမင်း - အခုလို ဖြစ်နိုင်ချေအတွက် သံသယဖြစ်စရာ အချက်အလက်တွေရော တွေ့ထားလား။
ဒေါက်တာခင်ခင်ကြီး - “လက်ရှိအနေအထားအရတော့ ထူးခြားချက်က အရင်ထက်စာလို့ရှိရင် ပိုပြီးတော့ ကူးစက်မှုက မြန်ဆန်တယ်။ အထူးသဖြင့်ဆို ပထမ ၅ ယောက်စစ်တယ်၊ ၃ ယောက်ပိုးတွေ့တယ်ဆိုတော့ ဒါ ၆၀ ရာခိုင်နှုန်း ပိုးတွေ့နှုန်း ဖြစ်ပါတယ်။ နောက်ထပ် သူ့ရဲ့ Contact တွေ ၉၇ ယောက် စစ်တာမှာ ၅၃ ယောက်တွေ့တယ်။ စသဖြင့် ဒါကိုကြည့်လိုက်ရင် ကူးစက်မှု Transmission က အလွန်မြန်နေတယ်၊ များနေတယ်ဆိုတာ သိနိုင်တဲ့အတွက် ဒါဟာ ဗီဇပြောင်းပိုး၊ အထူးသဖြင့် အိန္ဒိယက ဗီဇပြောင်းပိုးများ ဖြစ်နေမလားဆိုပြီးတော့ ကျမတို့အနေနဲ့ သံသယရှိပါတယ်။ ဒါနဲ့ပတ်သက်လို့ရှိရင် ဓာတ်ခွဲနမူနာတွေကို Reference Lab မှာ ပေးပို့ဖို့ကိစ္စတွေ ဆောင်ရွက်နေသလိုပဲ တပြိုင်နက်တည်းမှာလည်း မြန်မာနိုင်ငံ DMR မှာလည်း Genetic Sequencing လို့ခေါ်တဲ့ မျိုးရိုးဗီဇ စစ်ဆေးတဲ့ဟာတွေ လုပ်ဖို့လည်း ဆောင်ရွက်နေပါတယ်။ ဒါကြောင့်မို့ ပြည်သူတွေအနေနဲ့တော့ ပေါ့ဆလို့မရတဲ့ အနေအထား ဖြစ်ပါတယ်။ အဲလိုပဲ ချင်းပြည်နယ် ကျည်ခါးမှာလည်း ၁၁ ယောက် ပိုးတွေ့ပါတယ်။ ၁၁ ယောက်ထဲမှာ ၇ ယောက်က အောက်ဆီဂျင်ပေးရတဲ့ အနေအထား ရှိတဲ့အတွက် အသင့်အတင့် ဆိုးတယ်လို့ ပြောလို့ရပါတယ်။”
ကိုဝင်းမင်း - ဟုတ်ကဲ့၊ ကျေးဇူးအများကြီးတင်ပါတယ် ဒေါက်တာခင်ခင်ကြီးခင်ဗျား။
----------------------
(Unicode)