[Zawgyi/Unicode]
စစ်တပ်က အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လူထုဆန္ဒပြပွဲတွေ ရန်ကုန်၊ မန္တလေး နဲ့ နေပြည်တော် အပါအဝင် နိုင်ငံတဝန်းက မြို့တွေမှာ ဒီနေ့မှာလည်း အရှိန်အဟုန်နဲ့ ဆက်ပြီးတော့ဖြစ်ပွားနေပါတယ်။
ရန်ကုန်မှာတော့ လမ်းပေါ်ထွက်ဆန္ဒပြတာတွေ အခုဆိုရင် ၉ ရက်မြောက်ရှိသွားပြီ ဖြစ်ပြီး ဆန္ဒပြတဲ့သူတွေဟာ လှည်းတန်း၊ မြေနီကုန်းနဲ့ မြို့ အနှံမှာ စုဝေးဆန္ဒပြခဲ့ကြပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ ဖမ်းဆီးထားတဲ့သူတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့၊ ဝန်ထမ်းတွေအနေနဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်ကြဖို့ တောင်းဆိုခဲ့ ကြပါတယ်။
ဒါ့အပြင် ဆန္ဒပြတဲ့သူတွေဟာ တက္ကသိုလ်ရိပ်သာလမ်းက အမေရိကန်သံရုံးရှေ့နဲ့ ကန်တော်ကြီးက ကုလသမဂ္ဂရုံးရှေ့တွေမှာလည်း သွားရောက်ပြီးတော့ မြန်မာစစ်တပ်ကို အမေရိကန်နဲ့ နိုင်ငံတကာအနေနဲ့ ဖိအားပေးဖို့ တောင်းဆိုတာတွေ ဆက်ပြီးတော့ လုပ်ခဲ့ကြပါတယ်။
ဒီနေ့ဆန္ဒပြပွဲတွေအတွင်း ဆန္ဒပြပြည်သူတွေအတူ လွှတ်တော်အမတ်တချို့နဲ့ အနုပညာရှင်တွေလည်း ပါဝင်ခဲ့ကြသလို၊ အင်ဂျင်နီယာကျောင်းပေါင်းစုံပါဝင်တဲ့ အင်ဂျင်နီယာတပ်ပေါင်းစု သပိတ်အဖွဲ့လည်း ရန်ကုန်မှာ စုဝေးဆန္ဒပြခဲ့ကြပါတယ်။
ဒါ့အပြင် ကက်သလစ် ခရစ်ယာန် ဘာသာဝင်များ အဖွဲ့ကလည်း ရန်ကုန်တက္ကသိုလ်ရှေ့ ပြည်လမ်းပေါ်မှာ စုဝေးပြီးတော့ စာတမ်းတွေ၊ poster တွေ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓါတ်ပုံတွေ ကိုင်ဆောင်ပြီး ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းက နေပြည်တော်ဆန္ဒပြပွဲအတွင်း ရဲတပ်ဖွဲ့က ပစ်ခတ်မှုကြောင့် ဦးခေါင်းကို ကျည်ဆံထိမှန်ခဲ့တဲ့ မမြသွဲ့သွဲ့ခိုင်အတွက် ဆုတောင်းပွဲအခမ်းအနားကိုလည်း ရန်ကုန်မြို့ ဆူးလေဘုရားအနီးမှာ ဒီနေ့ညနေပိုင်းက ပြုလုပ်ခဲ့ပါတယ်။
မန္တလေးမြို့မှာဆိုရင်လည်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လူထုဆန္ဒပြပွဲတွေ ဒီနေ့မှာ ဆက်လက်ဖြစ်ပွားခဲ့ပြီး၊ ပြည်သူလူထုတွေ သိန်းနဲ့ချီ ပါဝင်ခဲ့ကြပြီး မန္တလေး နိုင်ငံခြားဘာသာတက္ကသိုလ်က ကျောင်းသားကျောင်းသူတွေလည်း ဆန္ဒပြခဲ့ကြတာကို တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် နေပြည်တော်မှာဆိုရင်လည်း ဆန္ဒပြတဲ့သူတွေဟာ ကားတွေ၊ မော်တော်ဆိုင်ကယ်တွေနဲ့ လှည့်လည်ဆန္ဒပြခဲ့ကြပြီး ဝန်ထမ်းတွေအနေနဲ့ အကြမ်းမဖက်ဘဲ အာဏာဖီဆန်တဲ့ (CDM) လှုပ်ရှားမှုမှာ ပါဝင်ကြဖို့ကို တောင်းဆိုခဲ့ကြပါတယ်။
ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်မြို့တွေမှာ လူထုဆန္ဒပြပွဲတွေဖြစ်နေတဲ့ တချိန်တည်းမှာပဲ နိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်ကနေ တောင်ပိုင်း တနင်္သာရီတိုင်းအထိ နိုင်ငံတဝန်းက တခြားမြို့တွေမှာလည်း စစ်တပ်အာဏာသိမ်းမှုကို လက်မခံတဲ့ ဆန္ဒပြပွဲတွေဟာဖြစ်ပွားခဲ့ပါတယ်။ ကချင်ပြည်နယ်က မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့တွေမှာ ဆန္ဒပြပွဲတွေဖြစ်ပွားခဲ့သလို စစ်ကိုင်းတိုင်း မုံရွာနဲ့ ကလေးမြို့တွေမှာလည်း လူထုဆန္ဒပြပွဲတွေ ဒီနေ့မှာ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။ ဒါ့အပြင် ရှမ်းပြည်နယ် တောင်ကြီးနဲ့ ဖယ်ခုံမြို့တွေမှာ လူထုဆန္ဒပြပွဲဖြစ်ပွားခဲ့သလို၊ ကယားပြည်နယ် လွိုင်ကော်မြို့မှာလည်း ကရင်နီတိုင်းရင်းသားတွေ အပါအဝင် ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနဲ့ ဝန်ထမ်းတွေ CDM လှုပ်ရှားမှုမှာ ပါဝင်ဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဒါ့အပြင် မိတ္ထီလာ၊ သထုံ၊ ဘုရားသုံးဆူ၊ ကြာအင်းဆိပ်ကြီးနဲ့ ထားဝယ်မြို့တွေမှာလည်း ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုမှုတွေ ဖြစ်ပွားခဲ့ပြီး အခုချိန်ထိတော့ အာဏာပိုင်တွေနဲ့ ထိပ်တိုက်တွေ့တာတွေ၊ အကြမ်းဖက်ဖြိုခွင်းတာတွေလည်း မရှိဘူးလို့ သိရပါတယ်။
[Unicode Version]