[Zawgyi/Unicode]
၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ ၁ ရက်နေ့ မနက်လင်းအားကြီး အချိန်မှာ နိုင်ငံတော် သမ္မတကို ဖမ်းဆီးပြီး စစ်အာဏာသိမ်းခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ၂၀၁၁ ခုနှစ် မတ်လက စ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် တာဝန်ကို တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ ၁၉၅၆ ခုနှစ် ဇူလိုင်လမှာ မွေးဖွားခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ လာမယ့် ၂၀၂၁ ခုနှစ် ဇူလိုင်မှာ အသက် ၆၅ နှစ် ပြည့်မှာဖြစ်ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တာဝန်ကနေ အနားယူမယ်လို့ သတင်းထွက်ပေါ်ခဲ့ပေမဲ့ လက်ရှိမှာတော့ အာဏာသိမ်း စစ်ခေါင်းဆောင် ဖြစ်နေပါပြီ။
တပ်မတော်မှာ ဒုဗိုလ်အဆင့်ကနေ ဗိုလ်ချုပ်ကြီး ရာထူးအထိ အဆင့်ဆင့် တာဝန်ထမ်းဆောင်ပြီး ၂၀၁၁ ခုနှစ်မှာတော့ အရင် စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုယ်တိုင် သူ့နေရာဆက်ခံသူအဖြစ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် တာဝန် ပေးအပ်သွားခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အတွင်း ဗိုလ်ချုပ်ကြီးဟောင်း သိန်းစိန် ဦးဆောင်တဲ့ အစိုးရအဖွဲ့ လက်ထက်မှာ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ တပ်မတော် အရေးအရာကိစ္စတွေကိုပဲ ဆောင်ရွက်ခဲ့တာ တွေ့ကြရပါတယ်။
အဲဒီကာလ အတွင်း စစ်ဗိုလ်ချုပ်ဟောင်းတွေရဲ့ အာဏာရ ပြည်ခိုင်ဖြိုးပါတီအတွင်း ကြီးမားတဲ့ အကွဲအပြဲတွေ ပေါ်ပေါက်ခဲ့ပြီး ကံမကောင်းအကြောင်းမလှစွာဘဲ ၂၀၁၅ ရွေးကောက်ပွဲမှာ အကြီးအကျယ် ရှုံးနိမ့်သွားခဲ့သလို အစိုးရအာဏာဟာလည်း နှစ်ပေါင်း ၅၀ ကျော်အတွင်း ရွေးကောက်ခံ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီလက်ထဲ ရောက်သွားခဲ့ပါတယ်။
အဲဒီအချိန်ကစ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တပ်ပိုင်းဆိုင်ရာတွေ အပြင်၊ စစ်ဗိုလ်ချုပ်တွေနဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေ ဆုံးရှုံးသွားရတဲ့ တိုင်းပြည်အာဏာ အပြည့်အဝ သူ့လက်ထဲ ပြန်လည်ရရှိရေး အာရုံစိုက်လာတာ တွေ့ရပါတယ်။ သူကိုယ်တိုင်လည်း သူ့မှာ တပ်မတော်ပိုင်းဆိုင်ရာ အတွေ့အကြုံတွေရော၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အတွေ့အကြုံတွေ ရှိတဲ့အကြောင်း ဒါကြောင့် တပ်မတော်က အနားယူပြီး နောက်ပိုင်းလည်း အဲဒီ တာဝန်တွေကို ဆက်လက် ထမ်းဆောင်လိုကြောင်း၊ တနည်းအားဖြင့် သမ္မတတာဝန် ထမ်းဆောင်လိုကြောင်း ပြည်တွင်း၊ ပြည်ပ သတင်းဌာနတွေကို သွယ်ဝိုက်ပြီး ပြောဆိုခဲ့ပါတယ်။
၂၀၂၀ ရောက်တဲ့အခါ ရွေးကောက်ပွဲ ကိစ္စ ပိုပြီး အာရုံစိုက်လာတာ တွေ့ရပါတယ်။ ရွေးကောက်ပွဲ အကြိုကာလအတွင်း ပြည်ခိုင်ဖြိုးနဲ့ မိတ်ဖက်ပါတီတွေကို တွေ့ဆုံခဲ့တာ၊ တပ်ရင်း တပ်ဖွဲ့တွေကို လှည့်လည်ရင်း ဘယ်လိုပါတီမျိုးကို မဲပေးသင့်တယ်ဆိုတဲ့အကြောင်း တပ်မတော်သားတွေကို လမ်းညွှန်မှုပေးတာ၊ ရွေးကောက်ပွဲ ကော်မရှင်ကို ယုံကြည် စိတ်ချရမှု မရှိကြောင်း သူ့ရဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်တာစတာတွေ တောက်လျှောက် လုပ်ခဲ့ပါတယ်။
နိုဝင်ဘာ ၈ ရက် မဲပေးတဲ့နေ့ သူမဲပေးအပြီးမှာ မဲရလဒ်တွေကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာလိုက်ပြီဆိုရင် လက်ခံရမှာပဲလို့ ပြောခဲ့ပေမဲ့ နောက်ပိုင်း ပြည်ခိုင်ဖြိုးပါတီ အကြီးအကျယ် ရှုံးနိမ့်တာကို သိလိုက်ရတဲ့အခါ တပ်မတော် အနေနဲ့ မဲပေးပိုင်ခွင့် ရှိသူစာရင်းကို စစ်ဆေးတာ လုပ်စေခဲ့ပါတယ်။ အဲဒီလို စစ်ဆေးပြီးနောက် မသမာမှု ဖြစ်စေနိုင်တဲ့ မဲပေးပိုင်ခွင့် ရှိသူစာရင်း ၁၀ သန်းကျော်တွေ့တယ်လို့ တစ်ဘက်သတ် ကြေညာပြီး အဲဒီ ကိစ္စ ဖြေရှင်းပေးဖို့ နိုင်ငံတော် သမ္မတဆီ တင်ပြတာ သက်တမ်းကုန်တော့မယ့် ဒုတိယ အကြိမ် လွှတ်တော် ခေါ်ပေးဖို့ တောင်းဆိုတာ လုပ်ခဲ့ပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်ကတော့ ဥပဒေနဲ့ အညီ ဖြေရှင်းနိုင်တယ်လို့ တုံ့ပြန်ခဲ့ပေမဲ့ တပ်မတော်ဘက်ကတော့ ရွေးကောက်ပွဲ ရလဒ်ကို အကောင်အထည် ဖော်မယ့် လွှတ်တော်သစ်တွေ ခေါ်ယူကျင်းပတာကို ဆိုင်းငံ့ပေးဖို့အထိ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
ဒီအတောအတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရှေ့မှာ စစ်အာဏာသိမ်းခဲ့တဲ့ ၂ ကြိမ်နည်းတူ အာဏာသိမ်းပြီးရင် ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း ဖျက်ပစ်လို့ရတယ်လို့ ပြောဆိုခဲ့ပါတယ်။ အဲဒီလို ပြောဆိုချက် ထွက်ပေါ်ပြီးနောက် နိုင်ငံတော် သံဃာ့မဟာ နာယက အဖွဲ့ကြီး အပါအဝင် ပြည်တွင်း အဖွဲ့အစည်း အတော်များများက အငြင်းပွားမှုတွေကို ဖွဲ့စည်းပုံအပါအဝင် တည်ဆဲ ဥပဒေဘောင်အတွင်းက ဖြေရှင်းဖို့ ဝိုင်းဝန်း တိုက်တွန်းကြတဲ့ အတွက် သူတို့အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လိုက်နာပါ့မယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ဒီအတွက်လည်း နိုင်ငံတော်သမ္မတကို ဖမ်းဆီးထိန်းသိမ်းပြီး စစ်အာဏာသိမ်းခဲ့တဲ့တိုင် ဒုသမ္မတ စစ်ဗိုလ်ချုပ်ဟောင်း ဦးမြင့်ဆွေကို ယာယီသမ္မတ ရာထူးပေးပြီး သူ့ကို ၂၀၀၈ ဖွဲ့စည်းပုံပါ အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်များအရ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေး အာဏာ သုံးရပ်စလုံး တစ်နှစ် လွဲှပြောင်းပေးတဲ့ သဘော ဆောင်ရွက်ခဲ့သလို ၂၀၀၈ ဖွဲ့စည်းပုံကိုဆက်ပြီး လိုက်နာမယ်လို့ ကတိပြုခဲ့တာ တွေ့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူတွေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အာဏာသိမ်း စစ်ခေါင်းဆောင်အဖြစ် သတ်မှတ် ခေါ်ဝေါ်ကြမယ် ဖြစ်ကြောင်းပါ။
[Unicode Version]