သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည် တတိယအသုတ် Bhasan Char ကျွန်းကို ပြောင်းရွှေ့


ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည်များ Bhasan Char သို့ ပြောင်းရွှေ့နေထိုင်တဲ့ မြင်ကွင်း။ (ဇန်နဝါရီ ၂၉၊ ၂၀၂၁)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည်များ Bhasan Char သို့ ပြောင်းရွှေ့နေထိုင်တဲ့ မြင်ကွင်း။ (ဇန်နဝါရီ ၂၉၊ ၂၀၂၁)

(Zawgyi/Unicode)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox's Bazar ဒေသ စခန်းတွေထဲမှာ နေထိုင်နေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေထဲက တတိယအသုတ်ကို Bhasan Char ကျွန်းပေါ် ပြောင်းရွှေ့နေတဲ့အကြောင်း VOA မြန်မာပိုင်းသတင်းထောက် မဆုမွန်က တင်ပြပေးထားပါတယ်။

အကြမ်းဖက်ပဋိပက္ခတွေကြား နယ်မြေရှင်းလင်းမှုတွေအတွင်း အသက်အန္တရာယ်စိုးရိမ်ရလို့ ရခိုင်မြောက်ပိုင်းကနေ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်ဘက် တိမ်းရှောင်ပြေးသွားကြတဲ့ ရိုဟင်ဂျာဒုက္ခသည် တသန်းကျော် ခိုလှုံနေထိုင်တဲ့ ဒုက္ခသည်စခန်းတွေမှာ လူဦးရေထူထပ်များပြားလွန်းလာလို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ဘာဆန်ချာကျွန်းဆီ လူစုခွဲပြီး အသုတ်လိုက် ရွှေ့ပြောင်းနေရာချပေးနေတာ သုံးကြိမ်ရှိပြီဖြစ်ပါတယ်။

ပင်လယ်ထဲက ဘာဆန်ချာကျွန်းပေါ်ကို တတိယအသုတ် ပြောင်းရွှေ့ပေးဖို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေနဲ့ စခန်းတာဝန်ခံတွေက ကော့ဇ်ဘဇားခရိုင်ထဲက ဒုက္ခသည်စခန်းအသီးသီးကနေ ဒုက္ခသည် ၃၅၀၀ ကို Ukhia နဲ့စစ်တကောင်း မြို့တွေက ခိုလှုံရေးစခန်းတွေဆီ ခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။ ဇန်နဝါရီလ ၂၉ရက်နေ့ သောကြာနေ့မှာတော့ စစ်တကောင်းမြို့ကနေ ဘာဆာချာကျွန်းဆီ တတိယအသုတ် ၃၅၀၀ ထဲက လူ ၁၇၇၈ စတင်ပို့ဆောင်ပါတယ်။ ဘာလုခါလီဒုက္ခသည်စခန်းမှာနေထိုင်တဲ့ ရိုဟင်ဂျာဒုက္ခသည် ဦးကျော်မြင့်ခေါ် ဦးအီစလံက တတိယအသုတ် ထွက်ခွာသွားကြတဲ့ နောက်ဆုံးရအခြေအနေပြောပြပါတယ်။

"ဟုတ်ကဲ့ စစ်တကောင်းကနေ ဘာဆန်ချာကျွန်းကို စတင်ထွက်ခွာနေကြပါပြီ။ ၂၇ရက်နဲ့ ၂၈ရက်တွေမှာ ဒုက္ခသည်စခန်းအားလုံး စုစုပေါင်း စခန်းအသီးသီးက လူပေါင်း ၃၅၀၀လောက်ပါဝင်သွားတယ်လို့သိရပါတယ်။ သူတို့တွေက ပထမဆုံးကတော့ Ukhia မြို့ကိုသွားတယ် Ukhia မြို့မှာ စုပေါင်းထားတယ်။ Ukhia မြို့မှာ တညအိပ်ပြီးတော့ နောက်တနေ့ မနက် ၂၈ရက်နေ့ ညနေပိုင်းမှာ Chittagong မြို့ကို ဆက်ထွက်ခွာပါတယ်။ နောက် စစ်တကောင်းမြို့ကနေ သောကြာနေ့မနက်ပိုင်း (ဇန်နဝါရီလ ၂၉)ရက်နေ့ မှာတော့ စစ်တကောင်းကနေ ဘာဆန်ချာကျွန်းကို သင်္ဘောကြီးတွေနဲ့ထွက်ခွာသွားကြောင်း အဲ့ဒီ့ကိုလိုက်ပါသွားတဲ့ဒုက္ခသည်တဦးစီက သတင်းရရှိပါတယ်ခင်ဗျ။ အခုသွားတဲ့လူတွေက မိမိဆန္ဒအလျောက်သွားကြတဲ့သူတွေဖြစ်ပြီး ဒုက္ခသည်အဟောင်း အများစုပါဝင်ကြပါတယ်ခင်ဗျ။ ဘာဆန်ချာကျွန်းကို လူတွေသွားဖို့ရွေးရတဲ့ အကြောင်းရင်းကတော့ မြန်မာအစိုးရဘက်က အခုလေးနှစ်ပြည့်လာတာတောင် ပြန်လည်ခေါ်ယူရေး လုပ်ငန်းစဉ်တွေ မစတင်နိုင်သေးတော့ လူတွေမှာ ရွေးစရာလမ်းမရှိတော့ ဘာဆန်ချာကျွန်းကို သွားကြရတဲ့ အကြောင်းရင်းဖြစ်ပါတယ်ခင်ဗျာ။ "

မိသားစုလိုက်ပြောင်းသွားကြတဲ့ ရိုဟင်ဂျာဒုက္ခသည်အများစုက ကိုယ့်သဘောဆန္ဒနဲ့ ပြောင်းရွှေ့သွားကြ တာဖြစ်ပြီး စခန်းတွေထဲမှာစားဝတ်နေရေးနဲ့ နေထိုင်ရေးအခက်ခဲလည်းရှိတဲ့အတွက် အဓိက အလုပ်အကိုင်တွေ ရဖို့မျှော်လင့်ချက်တွေနဲ့ သွားကြတာလို့ ကုတုပလောင်စခန်းအမှတ်(၁)က ရိုဟင်ဂျာဒုက္ခသည် ကိုကာမေလ် ကလည်း ပြောပြပါတယ်။

"ကုတုပလောင်ဒုက္ခသည်စခန်းအပါအဝင် စခန်းအားလုံးက ဒီတခေါက်မှာဆိုရင် လူပေါင်း ၃၅၀၀ ပြောင်းရွှေ့သွားကြတယ်။ သူတို့စိတ်သဘောထားနဲ့သူတို့သွားကြတာရှိတယ်။ဒါပေမဲ့ အတင်းအဓမ္မ ဘင်္ဂလားဒေ့ရှ်အစိုးရ ဘာတခုမှ မလုပ်ပါဘူး။ တချို့လူတွေအတွက် ဒီမှာက စားဝတ်နေရေး တော်တော်လေး အခက်အခဲရှိတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရအစီအစဉ်နဲ့ ကျနော်တို့ ဆီ ဆား ဆန် ငရုတ် ကြက်သွန် အခြေခံစားသောက်ကုန်ပဲရတယ်။ဒီပတ်ပတ်လည်လေးထဲမှာ လူဦးရေ ၁၀သိန်းနီးပါးနေရတာဆိုတော့ တော်တော်လေး နေထိုင်ရခက်ခဲတယ်။အလုပ်အကိုင် အခွင့်အလမ်းဆိုတာလည်း ဘာတခုမှမရှိဘူး ဆိုပြီးအဲ့ဒီ့မှာသွားနေရင် အလုပ်အကိုင်လေးတော့ရမယ်ဆိုပြီး သွားနေကြတာပဲလို့။ကျနော်တို့ကျတော့လည်း အဲ့ဒီ့ကိုမသွားပါဘူး။ တခြားတနေရာကိုပြောင်းရွှေ့သွားပြီးနေထိုင်ဖို့အတွက် ကျနော်တို့က လာနေတာမဟုတ်ပါဘူး။ ခေတ္တခဏ ကိုယ့်၏အသက်ကို ကယ်တင်နိုင်ဖို့ ဒီဘက်နိုင်ငံကို ယာယီပဲရောက်နေတာပါ။ ကိုယ့်နိုင်ငံပဲ ကိုယ်သွားမှာလို့ ကျနော်တို့ကတော့ ဆုံးဖြတ်ချက်ချပြီးသားရှိပါတယ်။"

ကော့ဇ်ဘဇားခရိုင်ထဲက ဒုက္ခသည်စခန်းအသီးသီးကနေပြီးခဲ့တဲ့ ၂၀၂၀ ဒီဇင်ဘာလ ၄ ရက်နေ့ကစလို့ ပထမဆုံးအသုတ်အဖြစ်နဲ့ ရိုဟင်ဂျာ ဒုက္ခသည်ပေါင်း ၁,၆၄၂ ဦးကို Bhasan Char ကျွန်းမှာ ပြောင်းရွှေ့နေရာချထားပေးပြီးဖြစ်ပါတယ်။ ဒုတိယအသုတ်အဖြစ် (၁၈၀၄) ဦးကို၂၀၂၀ဒီဇင်ဘာလ ၂၈ရက်နေ့မှာ ပြောင်းရွှေ့ပေးခဲ့ပြီး ဒီတကြိမ် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၉ ရက်နေ့မှာတော့တတိယအသုတ် လူပေါင်း (၃၅၀၀) ကို ကျွန်းဆီကို ပို့ဆောင်ပေးနေတာဖြစ်ပါတယ်။

ရိုဟင်ဂျာဆိုတဲ့အသုံးကို လက်ခံမထားတဲ့ မြန်မာအစိုးရဘက်ကတော့ ဒီဒုက္ခသည်တွေပြန်လည်လက်ခံရေး ကုလသမဂ္ဂ ဘင်္ဂလားဒေ့ရှ်အစိုးရတို့နဲ့ ပူးပေါင်းဆောင်ရွက်နေတယ် လို့ပြောဆိုထားပေမဲ့ ဒုက္ခသည်တွေ နေရပ်ရင်းပြန်နိုင်ရေးအတွက်ကတော့ မရေမရာဖြစ်နေဆဲပါ။

တိုက်ရိုက် လင့်ခ်


.............


(Unicode)









XS
SM
MD
LG