[Zawgyi/Unicode]
မဲခေါင်ဒေသနိုင်ငံတွေ ဖြစ်တဲ့ မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား ၊ ဗီယက်နမ်နိုင်ငံတွေကခေါင်းဆောင်တွေဟာ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းနဲ့ ဂျပန်ဝန်ကြီးချုပ် Yoshihide Suga တို့နဲ့ ၃၇ ကြိမ်မြောက် အာဆီယံထိပ်သီး ညီလာခံ ပြင်ပ သီးခြားဆွေးနွေးပွဲတွေ လုပ်ခဲ့ကြပါတယ်။ ဗွီဒီယိုဆက်သွယ်ရေးကနေ တဆင့် လုပ်တဲ့ ဒီဆွေးနွေးပွဲကို မြန်မာနိုင်ငံကိုယ်စား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင် တက်ရောက်ဆွေးနွေးခဲ့ပါတယ်။
မဲခေါင်ဒေသနိုင်ငံတွေနဲ့ တောင်ကိုရီးယားနိုင်ငံကြား ဒုတိယအကြိမ်မြောက်ပြုလုပ်တဲ့ ဒီဆွေးနွေးပွဲမှာ နှစ်ဘက် ပူးပေါင်းဆောင်ရွက်မှုတွေရဲ့ တိုးတက်မှုတွေကို အဓိကထားဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
မဲခေါင်-ဂျပန် အစည်းအဝေးကတော့ ၁၂ ကြိမ်မြောက်ဖြစ်ပြီး မဲခေါင်ဒေသ ငါးနိုင်ငံနဲ့ ဂျပန်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုရဲ့ တိုးတက်မှုအခြေအနေကို ဆွေးနွေးခဲ့ကြပါတယ်။
ဗီယက်နမ်နိုင်ငံက ဥက္ကဋ္ဌအဖြစ်နဲ့ ဆောင်ရွက်တဲ့ ၃၇ ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံကိုတော့ လက်ရှိဖြစ်နေတဲ့ ဗိုင်းရပ်စ်ကူးစက်မှုတွေကြောင့် အင်တာနက်အွန်လိုင်းကနေပဲ ဗီဒီယိုနဲ့ ကျင်းပတာဖြစ်ပါတယ်။
အာဆီယံခေါင်းဆောင်တွေဟာ တရုတ်နိုင်ငံက ကျောထောက်နောက်ခံပေးထားတဲ့ RCEP လို့ခေါ်တဲ့ ဒေသတွင်း ဘက်စုံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်ကို လာမယ့် နိုဝင်ဘာ ၁၅ ရက်၊ တနင်္ဂနွေနေ့မှာ လက်မှတ်ရေးထိုးကြမှာဖြစ်ပြီး ဒီသဘောတူစာချုပ်ဟာ ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေးသဘောတူ စာချုပ်ဖြစ်လာမှာဖြစ်ပါတယ်။
[Unicode Version]