[Zawgyi/Unicode]
ထိုင်းနိုင်ငံတောင်ပိုင်းမှာ လူကုန်ကူးသူတွေ စွန့်ပစ်သွားခဲ့တဲ့ မြန်မာနိုင်ငံသား ၃၀ ကျော်ကို ထိုင်းအာဏာပိုင်တွေ တွေ့ရှိခဲ့တဲ့အတွက် ထိန်းသိမ်းလိုက်ပြီး COVID-19 ကပ်ရောဂါ ကူးစက်သူအဖြစ် သံသယရှိသူတချို့ကိုလည်း စစ်ဆေးနေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖွန်းခရိုင် Pak Nam စားအုန်းဆီ စိုက်ခင်းထဲမှာ လူကုန်သူးတွေက စွန့်ပစ်သွားခဲ့တဲ့ မလေးရှားနိုင်ငံကနေ တရားမဝင် နယ်စပ်ဖြတ်ကျော်လာတဲ့ မြန်မာနိုင်ငံသား ၃၂ ဦးကို ထိုင်းအာဏာပိုင်တွေ မနေ့ကပဲ တွေ့ရှိပြီး ထိန်းသိမ်းလိုက်တာ ဖြစ်ပါတယ်။
ကပ်ရောဂါကာလ မလေးရှားနိုင်ငံမှာ အလုပ်အကိုင် အခက်အခဲနဲ့ အဖမ်းအဆီးတွေကြောင့် မြန်မာနိုင်ငံသားတွေ တရားမဝင်နယ်စပ်တွေကနေ ပြန်ဖို့ကြိုးစားရာက အခုလို ဖမ်းဆီးခံနေရတာလို့လည်း ထိုင်းနိုင်ငံအခြေစိုက် မြန်မာအလုပ်သမား ကူညီရေးအဖွဲ့AAC က ကိုရဲမင်းက ပြောပါတယ်။
"ကိုဗစ်ကာလ အကြပ်အတည်းကြီးမှာ အလုပ်လက်မဲ့တွေလည်း များလာတယ်။ ရပ်တည်လို့လည်း မရကြတော့ဘူး။ အခုဆိုရင်မနေ့ကပဲ မလေးရှားကနေ မြန်မာပြည်ကို ပြန်တာ ထိုင်းကို ခိုးဖြတ်ပြီး ပြန်တာ လူပွဲစား လူကုန်ကူးသူတွေက ပို့ပေးတာ မလေးကနေ မြန်မာပြည်ပြန်အရောက်ထိ တဦးကို ဘတ် ၂၀,၀၀၀ ပေးရတယ်လို့ ဆိုတယ်။ အားလုံးဖမ်းမိတာ ၃၂ ယောက်ရှိတယ်။ ထိုင်းနိုင်ငံ ချွန်ဖွန်း ပါနန်းမှာ ဖမ်းမိတာ။ အဲဒီထဲမှာ ကိုယ်ဝန်ဆောင်တွေ လေး ဦးလည်းပါတယ်။ မလေးရှားမှာ ပြန်ကြမယ့်သူတွေ စာရင်းတင်ထားတာ ၇,၀၀၀ ကျော်တယ်လို့ သိရတယ်။ အခုဆိုရင် ပိုတောင်များလာအုန်းမယ်။ အခုလိုမျိုးဆိုရင် ခိုးဝင်မယ်၊ ထောင်ကျမယ်။ မြန်မာပြည်ကို ပြန်မယ့်သူတွေအတွက် အိမ်ပြန်ခရီးက လှမှာ မဟုတ်ဘူး။ ဒီလိုအဖြစ်အပျက်တွေကိုပဲ ရင်ဆိုင်ရအုန်းမယ်။ အခုဆိုရင် ကိုယ်ဝန်ဆောင်တွေလည်း ပါတယ်။ အချုပ်ထဲထောင်ထဲမှာ နေရအုန်းမယ်။ သူတို့အတွက်ကတော့ အတော်ခက်ခဲသွားပြီ။"
အခုဖမ်းမိတဲ့ မလေးရှားပြန် မြန်မာအလုပ်သမားတွေဟာ စားအုန်းဆီခြံထဲမှာ ပုန်းနေကြတာကို ထိုင်းရွာသားတွေကတွေ့ရှိခဲ့ပြီး အာဏာပိုင်တွေကို သတင်းပေးခဲ့လို့ နယ်မြေရဲတွေနဲ့ ကျန်းမာရေးအဖွဲ့က မြန်မာနိုင်ငံသားတွေကို သွားရောက်ရှာဖွေ ထိန်းသိမ်းခဲ့တာပါ။သူတို့ဟာ မြန်မာပြည်ကို ပြန်နိုင်ဖို့ လူကုန်ကူးပွဲစားတွေနဲ့ ဆက်သွယ်ပြီး ထိုင်းမလေးနယ်စပ် စဒေါင်ကနေ မြန်မာနိုင်ငံအတွင်းထဲကို ပြန်ဝင်ဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။
ထိန်းသိမ်းခံခဲ့ရတဲ့ မြန်မာနိုင်ငံသား ၃၂ ဦးမှာထဲမှာ ကိုယ်ဝန်ဆောင်အမျိုးသမီး တဦးအပါအဝင် ၇ ဦးကတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု သံသယ လက္ခဏာတွေ တွေ့ရတာကြောင့် စစ်ဆေးဖို့ ဒေသခံဆေးရုံကို ပို့ဆောင်ခဲ့သလို ကျန်တဲ့သူတွေကိုတော့ ရောဂါကူးစက်မှုရှိ၊ မရှိ ၁၄ ရက်ကြာ ရောဂါစောင့်ကြည့်စစ်ဆေးမယ့် နေရာကို ပို့ဆောင်ထားပါတယ်။ ကပ်ရောဂါကာလ အခက်အခဲကြုံနေရတဲ့ မလေးရှားရောက် မြန်မာနိုင်ငံသားတွေ တရားမဝင် နယ်စပ်ဖြတ်ကျော်ပြီး နေရပ်ပြန်ဖို့ ကြိုးစားကြရာက ထိုင်းနိုင်ငံတောင်ပိုင်းမှာ ဖမ်းဆီးခံနေရတာ အခုဆိုရင် ၁၀၀ ကျော်ထက်မနည်း ရှိနေပါပြီ။
ကပ်ရောဂါကာလ ပြည်ပမှာ သောင်တင်နေသူတွေ နေရပ်ပြန်နိုင်ရေး မြန်မာအစိုးရက စီစဉ်နေတာတွေ ရှိပေမဲ့ မလေးရှားနိုင်ငံ ရောက်နေသူတွေကတော့ အခက်အခဲတွေ ကြုံနေရတုန်းပဲလို့လည်း အလုပ်သမားရေး လှုပ်ရှားသူ ကိုရဲမင်းက ပြောပါတယ်။
"ကိုဗစ်ကာလမှာ တခြားနိုင်ငံတွေဆိုလည်း သူများတိုင်းပြည်မှာ ဒုက္ခရောက်နေတယ်ဆိုရင်လည်း ပြန်ခေါ်ပေးတာပဲ။ ထိုင်းဆိုလည်း ပြန်ခေါ်ပေးတာပဲ။ မလေးမှာဆိုရင် အချုပ်ထဲက မြန်မာ ၃,၀၀၀ လောက်ကို မလေးရှားအစိုးရ ပြန်ပို့ပေးမယ်လို့ ကမ်းလှမ်းတာတယ်လို့ သိရတယ်။ မြန်မာဘက်က စောင့်ကြည့်စင်တာတွေပဲ မပြည့်စုံ၊ မလုံလောက်လို့လား မသိဘူး။ မလေးရှားဘက်က ပြန်ပို့ပေးမယ်ဆိုတာတောင် မြန်မာဘက်က အခက်အခဲဖြစ်နေတာတွေကိုတွေ့နေရတယ်။"
မလေးရှားနိုင်ငံမှာ တရားမဝင်နေထိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေထဲက နေရပ်ပြန်ဖို့ မြန်မာသံရုံးကို စာရင်းပေးထားသူ ၈,၀၀၀ လောက် ရှိနေသလို၊ လူဝင်မှုကြီးကြပ်ရေး ထိန်း သိမ်းရေးစခန်းတွေမှာ ဖမ်းဆီးခံထားရသူ မြန်မာ ၃,၀၀၀ လောက် ရှိမယ်လို့လည်း မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ အလုပ်သမားရေး လှုပ်ရှားသူတွေက ခန့်မှန်းထားပါတယ်။ ဒါပေမဲ့လည်း ကပ်ရောဂါကာလ အခက်အခဲတွေ ကြုံရချိန်မှာ မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ နေရပ်ပြန်ရေး အစီအစ ဉ်မှာ စိန်ခေါ်မှုတွေ ရှိနေကြောင်း သမ္မတရုံးပြောခွင့်ရဦးဇော်ဌေးက မကြာသေးခင်က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်ရှင်။
[Unicode Version]