မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင်းက သဲဖြူကုန်းကျေးရွာမှာ မိုးများပြီး တောင်ပြိုတာကြောင့် အခုချိန်ထိ သေဆုံးသူအရေအတွက် အယောက် ၆၀ နီးပါးရှိနေပြီလို့ မီးသတ်ဦးစီးဌာနကပြောပါတယ်။ မိုးဆက်ရွာနေတာကြောင့်လည်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း မှာ အခက်အခဲကြုံနေရတဲ့အပြင် နည်းပညာအားနည်းတာကြောင့် အခက်အခဲကြုံနေရတယ်လို့ ရှာဖွေကယ်ဆယ်ရေး ကူညီ လုပ်ဆောင်ပေးနေသူတွေက ပြောပါတယ်။
ဒီအခြေအနေတွေကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မမေခက သတင်းပေးပို့ထားပါတယ်။
မွန်ပြည်နယ် အတွင်း နေရာအနှံ့အပြားမှာပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး မိုးအပြင်းအထန်ရွာတာကြောင့် ရေကြီးရေလျှံတာတွေ ဖြစ်နေချိန်မှာပဲ လူ သေဆုံးတဲ့အခြေအနေထိ ဖြစ်ရတာပါ။ ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်အရှိန်ကြောင့် မြန်မာနိုင်ငံအနှံ့အပြားမှာ မိုးရွာသွန်းနေပြီး မွန်ပြည်နယ် ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာမှာတော့ မြေပြိုပြီး နေအိမ်တွေအောက်မှာ ပိတ်မိခဲ့ပါတယ်။
သေဆုံးသူတွေထဲက လက်ရှိမှာ ပြန်ရှာတွေ့ထားတဲ့ ခန္တာကိုယ် တွေရှိနေသလို ပျောက်ဆုံးနေသူတွေ ရှိနေသေးတဲ့အတွက် ဆက်လက် ရှာဖွေကယ်ဆယ်နေတယ်လို့ ပေါင်မြို့နယ် ဒုတိယ မီးသတ်ဦးစီးမှူး ဦးတင်သောင်းဦးက VOA ကိုပြောပါတယ်။
“ ဒီနေ့ကတော့ ကျား ၃ဦး ၊မ ၁ဦး၊၄ဦးရထားပါတယ်။ ၁၀နာရီ ၅၀ထိရှိတာပေါ့။ စုစုပေါင်းက ၅၇ဦးရှိသွားပြီဗျ။ ဘယ်လိုအခက် အခဲလဲဆိုတော့ တောင်ပြိုတဲ့အနေအထားဆိုတော့ ရွံတွေများတယ်။ မြေသားများတော့ တကယ်လို့ အတုံးလိုက်အခဲလိုက်ဆိုတော့ ရှာဖွေကယ်ဆယ်ရေးလုပ်ရင် အဆင်ပြေတယ်။ အခုက မိုးရေများပြီး နွံထဲမှာဆိုတာကျတော့ လေဟာနယ်မရှိဘူး။ အခက်ခဲကတော့နွံတောထဲရှာရတဲ့အနေအထားတွေ တချို့ကျတော့လည်း ခုနပြောတဲ့ နွံတောထဲရှာရတဲ့ အခက်အခဲရှိတယ်။ ခြောက်ခြောက်သွေ့သွေ့ ရှာရရင်တော့ ပိုပြီးတော့ အဆင်ပြေတာပေါ့။”
သေဆုံးသူဦးရေ ဆက်လက်တိုးပွားလာနိုင်ကြောင်းလည်း ဦးတင်သောင်းဦးက ခန်းမှန်းထားပါတယ်။ လက်ရှိအခြေအနေမှာ နည်းပညာပိုင်းအခက်အခဲတွေ ကြောင့်ရှာဖွေကယ်ဆယ်ရေးပိုင်းခက်ခဲတွေရှိနေတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေတဲ့ ရှင်သန်ရေး လူမှုကူညီမှုအသင်း ဥက္ကဌ ဦးထွန်းထွန်းဦးကပြောပါတယ်။
“မနက် ၇နာရီကနေ ညဆို ၇နာရီ ၈နာရီထိ တူးဖော်ပေးရတယ်။ အဓိကတော့ ကျနော်တို့ ဒီမှာ လုပ်နေပေမယ့်လည်း ညမှောင်တာနဲ့ ဘာလ ျှပ်စစ်မီးမှ မရှိပါဘူး။ ခက်ခဲဆုံးက ကျနော်တို့ ပင်လည်း ပင်ပန်းတယ် နားစရာ နေရာမရှိဘူး။ မိုးရွာ နေပူလုပ်ကြရတယ်။ မိုးရွာတာများပါတယ်။ မိုးရွာတယ်ဆိုရင် ကျနော်တို့ ရွက်ဖျင်တဲတွေနဲ့ပဲ နေပြီးတော့မှ လောလောဆယ်တော့ ရှာဖွေကယ်ဆယ်ရေးမှာကျနော်တို့ မီးသတ်တပ်ဖွဲ့တွေရယ်၊ တပ်မတော်ရယ်၊ ကျတော်တို့ အားလုံးစုပေါင်းပြီးတော့ လုပ်ကိုင်နေကြတာပါ”
မုတ်သုံကာလ ရေကြီးတာတွေကြောင့် ပြီးခဲ့တဲ့နှစ်ရက်အတွင်းမှာကိုပဲ မြန်မာနိုင်ငံတဝန်း လူဦးရေ ၁ သောင်း ၂ ထောင်လောက် အိုးအိမ်စွန့်ခဲ့ရပြီး လက်ရှိမှာ လူဦးရေစုစုပေါင်း
၃ သောင်း ၈ ထောင်ကျော်ဟာ ယာယီရေဘေးရှောင် စခန်းတွေမှာ ခိုလှုံနေရတယ် လို့ ကုလသမဂ္ဂ လူသားစာနာမှုအကူအညီပေးရေးဆိုင်ရာ ညှိနှိုှုင်းရေးရုံး UNOCHA က သြဂုတ်လ ၈ ရက်နေ့ နောက်ဆုံးရသတင်း တွေအပေါ်အခြေခံပြီး ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ဇွန်လနှောင်းပိုင်းကစပြီး ရေကြီးရေလျှံမှုတွေကြောင့် လူပေါင်း ၁ သိန်း ၅ ထောင်ကျော် အိုးအိမ်စွန့်ခဲ့ရတယ်လို့လည်း UNOCHA ရဲ့ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ကြာသပတေးညကစလို့ မွန်ပြည်နယ်မှာ မိုးသည်းထန်ပြီး ရေကြီးလာတာကြောင့် တချို့ဒေသခံတွေ ရေဘေးလွတ်ရာ တိမ်းရှောင်ကြသလို၊ အများစုကတော့ မိမိတို့နေ အိမ်တွေမှာပဲ နေနေခဲ့ကြတာပါ။
လက်ရှိရေဘေးနဲ့ပတ်သတ်လို့ မွန်ပြည်နယ်၊ ပေါင်မြို့နယ် NLD ပါတီ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် မိကွန်ချမ်းက
“မုတ္တမဘက်ခြမ်းမှာ စခန်း၂ခု၊ တခုချင်းစီဆိုရင် ၃၀၀ လောက်၊ ၂ခုပေါင်း ၆၀၀၊ ၇၀၀ လောက်ရှိတယ်။ ဟိုဘက်မှာ အယောက်၂၀၀ကျော်ရှိတယ်။ အဲဒါကတော့ ရေကျရင် မိုးတိတ်သွားရင် နေအိမ်တွေပြန်နေကြတာပေါ့။ ရေတက်လာရင်တော့ သူတို့ စခန်းကို ပြန်လာတာပေါ့ ဘုန်းကြီးကျောင်းပေါ့ အဲဒါတခုရှိတယ်။ နောက်တခါ ဟိုးရှေ့ဘက် ကကျတော့ ခြေတန်ရှည်အိမ်တွေပေါ့။ သူတို့အိမ်တွေမှာ ဘဲနေကြတယ်။ ဒါပေမယ့် ရေကတော့ ကြီးတယ်ပေါေ့နာ် မြစ်ဘေးနားမှာပေါ့နော်။ အဲဒါ ၃ရွာရှိတယ်။ အိမ်ခြေ၂၄၀၊ ၃၀၀လောက်ရှိတယ်။ ရေမြုပ် တဲ့အပိုင်းတွေရှိတယ် မမြုပ်တဲ့အပိုင်းတွေလည်း ရှိတယ်။”
ရေးမြို့နယ် မန်ကျည်းကျေးရွားမှာလည်း ရေကြီး မြေပြိုတာကြောင့် ကွမ်းခြံမှာ နေထိုင်သူ (၁) ဦး သေဆုံးခဲ့ကြောင်း ဒေသခံ သတင်းတွေကဖေါ်ပြပါတယ်။ ရေးမြို့ ရန်ကြီးအောင်၊ ရန်မျိုးအောင်၊ သီရိနန္ဒာ ရပ်ကွက်တွေနဲ့ ကျောင်းရွာ၊ ချောင်းတောင် ကျေးရွာတွေ ရေနစ်မြုပ်ခဲ့ရပြီး ရေဘေးဒုက္ခသည် ၂၀၀၀ နီးပါးလောက်ရှိတာကြောင့် ကယ်ဆယ်ရေးစခန်း (၃) ခုဖွင့်ထား ရတယ်လို့ ဆိုပါတယ်။