မြောက်ကိုရီးယားနိုင်ငံဟာ သီတင်း ၂ ပတ်အတွင်း ပဉ္စမအကြိမ်အဖြစ် ဒီကနေ့ စနေနေ့မှာပဲ အရှေ့ဖက်ပင်လယ်ထဲကို ဒုံးကျည်တွေ ထပ်ပြီး စမ်းသပ်ပစ်လွှတ်လိုက်ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းဆီက သတင်းကောင်း တွေပါတဲ့ စာတစောင်လက်ခံရရှိတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောလိုက်ပြီး နောက်တရက်မှာပဲ ခုလို ဒုံးကျည်စမ်းသပ်ပစ်လွှတ်လိုက်တာပါ။
မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုအပေါ် သူ့အနေနဲ့ မစိုးရိမ်ပါဘူးလို့ လည်း သမ္မတ ထရမ့်က ပြောဆိုပါတယ်။ ခုပစ်လွှတ်လိုက်တဲ့ဒုံးကျည်တွေထဲမှာ တာတိုပစ်မစ်ဇိုင်းဒုံးတွေလည်းပါဝင်ကြောင်း တောင်ကိုရီးယားနဲ့ အမေရိကန်ထောက်လှမ်းရေးအရာရှိတွေက ပြောတယ်လို့ တောင်ကိုရီးယားသမ္မတအိမ်တော်ရဲ့ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ မြောက်ကိုရီးယားနိုင်ငံ အရှေ့ဘက် Hamhumg အရပ်ကနေပစ်လွှတ်လိုက်တဲ့ ဒုံးကျည်ဟာ အကွာအဝေးကီလိုမီတာ ၄၀၀ နဲ့ အမြင့် ၄၈ ကီလိုမီတာထိရောက်ခဲ့တယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်ရဲ့ ကြေငြာချက်မှာ ဖော်ပြထားတာပါ။
အမေရိကန်နဲ့ တောင်ကိုရီးယားတို့ ဆက်ပြီး ပူးတွဲစစ်ရေးလေ့ကျင့်နေတာကြောင့် မြောက်ကိုရီးယားအနေနဲ့ လာမယ့် သီတင်းပတ်အတွင်း ဒုံးကျည်စမ်းသပ်ပစ်လွှတ်လာနိုင်ချေ အတော်များတယ်လို့လည်းအဲဒီကြေညာချက်မှာ ပြောထားပါတယ်။ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုအပေါ် မကြေနပ်တဲ့ မြောက်ကိုရီးယားနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်လလောက်ကစပြီး တာတိုပစ် ဒုံးကျည်တွေကို ပုံမှန် စမ်းသပ်ပစ်လွှတ်လာတာဖြစ်ပါတယ်။