သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမ်းမြို့နယ် လက်နက်ကြီးကျည်ကျမှု မိခင်သေဆုံး၊ သမီးဒဏ်ရာရ


အမ်းမြို့နယ် လူမှုကူညီရေးအဖွဲ့ မှ ဦးဇင်းရို့ က လက်နက်ကြီးကျည်ကျမှု ကြောင့် ဒဏ်ရာရ အမျိုးသမီးကို အလှူငွေပေးအပ်စဉ် (ဓါတ်ပုံ- အမ်းမြို့နယ် လူမှုကူညီရေးအဖွဲ့)
အမ်းမြို့နယ် လူမှုကူညီရေးအဖွဲ့ မှ ဦးဇင်းရို့ က လက်နက်ကြီးကျည်ကျမှု ကြောင့် ဒဏ်ရာရ အမျိုးသမီးကို အလှူငွေပေးအပ်စဉ် (ဓါတ်ပုံ- အမ်းမြို့နယ် လူမှုကူညီရေးအဖွဲ့)

ရခိုင်ပြည်နယ် အမ်းမြို့နယ် ဝါးကြီးတောင် ကျေးရွာ၊ ယာခင်း အတွင်းကလူနေအိမ်တွေအပေါ် မြန်မာစစ်တပ်ဘက်က လက်နက်ကြီးကျည် ကျရောက်ခဲ့တာကြောင့် တဦး သေဆုံးပြီး တဦး ဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာနဲ့ ဆေးရုံတက်နေရသူ အမျိုးသမီးကိုတော့ တပ်မတော်နဲ့ အမ်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးက ထောက်ပံ့ငွေ လာပေးခဲ့ပြီး နောက်ထပ် အရေးယူ ဆောင်ရွက်ပေးတာတွေ မရှိသေးဘူးလို့လည်း အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တခုက ပြောဆိုထားပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြပေးမှာပါ။

ရခိုင်ပြည်နယ် အမ်းမြို့နယ် ဝါးကြီးတောင် ကျေးရွာနဲ့ သုံးမိုင်လောက် ဝေးတဲ့ ယာခင်း အတွင်းက လူနေအိမ် ၂ လုံး အပေါ်ကို သင်္ကြန်မတိုင်ခင် တရက် အလို ဧပြီလ ၁၂ ရက်နေ့ ညနေပိုင်းက လက်နက်ကြီးကျည် ကျရောက်ခဲ့တာကြောင့် အသက် ၇၈ နှစ် အရွယ် ဒေါ်ပဒွန် သေဆုံးခဲ့ပြီး သမီးဖြစ်သူ အသက် ၄၀ အရွယ် ဒေါ်မကျန် ခေါ် ဒေါ်ပါမယ်ကတော့ ဒဏ်ရာရရှိခဲ့ပါတယ်။ ပစ်ခတ်ခံရမှု အတွင်း မိခင်ဖြစ်သူ သေဆုံးခဲ့ရပြီး ကိုယ်တိုင် ဒဏ်ရာနဲ့ အမ်းမြို့နယ် ဆေးရုံမှာ ဆေးကုသနေရတဲ့ ဒေါ်မကျန်ထံကို မြန်မာ စစ်တပ်နဲ့ အာဏာပိုင်တွေဘက်က ငွေတသိန်းခွဲ လာပေးခဲ့တယ်လို့လည်း ချင်းလူ့အခွင့်အရေး အဖွဲ့ရဲ့ ပြောခွင့်ရ ဆလိုင်းလျန် က ပြောပါတယ်။

“ဆုံးသွားတဲ့သူရဲ့အသက်က ၇၈ ဒေါ်ပဒွန် ပြီးတော့ ဒဏ်ရာရတဲ့လူက အသက် ၄၀ ဒေါ်ပါမယ်။ လက်နက်ကြီးနဲ့ ပစ်ခံရတယ်လို့ ကျနော်တို့ သတင်းရထားပါတယ်။ ဆုံးသွားတဲ့ အဖွားကြီးတယောက်ရယ်၊ ပြီးတော့ ဒဏ်ရာရတဲ့ သူ့ရဲ့သမီးပေါ့နော် အသက် ၄၀ ရှိတယ် အခုသူက ဆေးရုံမှာ။ တပ်မတော်ဘက်ကနေ လျော်ကြေးပေးထားတာ ၁ သိန်း မြန်မာငွေပေါ့နော်။ အမ်း ထွေအုပ်ရုံးကနေ မြန်မာငွေ ငါးသောင်း သွားပေးတာရှိတယ်။ ပြီးတော့ ဆေးရုံမှာ ရခိုင်လိုပြောတဲ့ ဘုန်းကြီးတပါးကတော့ သူ့ကို လေးသိန်း ဆေးကုဖို့အတွက် လာပေးသေးတယ်။”

လက်နက်ကြီးကျည် ထိမှန်မှုကြောင့် ဒဏ်ရာရခဲ့တဲ့ ဒေါ်မကျန်ကို အမ်းမြို့နယ် လူမှုကူညီရေး အဖွဲ့ ဥက္ကဌ ဦးဇင်း ဦးတေဇနိယက ငွေကျပ် ၄ သိန်း သွားရောက် လှူဒါန်းပေးအပ်ခဲ့တဲ့ ဗွီဒီယိုကိုလည်း အမ်းမြို့နယ် လူမှုကူညီရေး အဖွဲ့နဲ့ ဦးဇင်း ဦးတေဇနိယတို့ရဲ့ လူမှုကွန်ယက် Facebook မှာ တွေ့ရပါတယ်။

အိမ်ပေါ်ကို လက်နက်ကြီးကျည် ကျရောက်ခဲ့တာလို့လည်း ဒဏ်ရာရထားတဲ့ ဒေါ်မကျန်က အဲဒီ ဗွီဒီယိုထဲမှာ ပြောဆိုထားပါတယ်။ ဆေးရုံကုတင်ပေါ်မှာ တွေ့ရတဲ့ ဒေါ်မကျန်ကတော့ လက်နှစ်ဘက်စလုံးမှာ ဒဏ်ရာရထားတာကို တွေ့ရပါတယ်။ အခင်းဖြစ်ပြီးနောက်နေ့ သင်္ကြန်အကြိုနေ့ ဖြစ်တဲ့ ဧပြီလ ၁၃ ရက်နေ့မှာတော့ တပ်မတော် တပ်ဖွဲ့ဝင် တချို့ လက်နက်ကြီးကျည် ကျရောက်ခဲ့တဲ့ အိမ်ကိုလာပြီး အမြောက်ဆန် အခွံတချို့ကို သိမ်းယူသွားတယ်လို့လည်း ဒေသတွင်း သတင်းရင်းမြစ်ကို ကိုးကားပြီး ချင်းလူ့အခွင့်အရေး အဖွဲ့က ကြေညာချက်မှာ ထုတ်ပြန်ထားပါတယ်။ လက်နက်ကြီးနဲ့ ပစ်ခတ်ရတဲ့ အကြောင်းရင်း၊ နောက် ဘယ်သူ့လက်ချက် ဖြစ်တယ်ဆိုတာကိုတော့ အစိုးရဘက်က ထုတ်ပြန်ထားတာ မတွေ့ရသလို ဘာကြောင့် ပစ်ခတ်ရသလဲဆိုတာကိုလည်း မသိရပါဘူး။ ချင်းလူ့အခွင့်အရေး အဖွဲ့က အစီအစဉ်မှူး ဆလိုင်းလျန်ကတော့ ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

“အဲဒီနေရာမှာ စစ်တပ်ကနေပြီးတော့ AA အယောက် ၂၀ လောက်ကို တွေ့တယ်တဲ့။ အဲဒါကြောင့် အဝေးကနေ လှမ်းပစ်တာဖြစ်တယ်လို့ သူတို့ပြောတယ်။ ဒါပေမယ့် ကျနော်တို့ ဒါကို ဘယ်ကနေမှ confirm လုပ်လို့မရဘူး။ ကျနော်တို့ confirm လုပ်လို့ရတာကတော့ လက်နက်ကြီးနဲ့ ပစ်ခံရတယ် ၊ လက်နက်ကြီး ၃ ခါလောက်ပစ်တယ်ပေါ့နော် အဲဒီမှာ ဒဏ်ရာရသွားတဲ့ လူတယောက်နဲ့ သေသွားတဲ့လူတယောက်ရှိတယ်ဆိုတာမျိုး ကျနော်တို့ ဓါတ်ပုံနဲ့ confirm ရတာဖြစ်တယ်။”

ရခိုင်ပြည်နယ်တွင်းမှာ ရခိုင်လက်နက်ကိုင်တပ် AA နဲ့ တပ်မတော်တို့ကြား ဒီလပိုင်း အတွင်း တိုက်ပွဲတွေ ပြင်းထန်နေပြီး တချို့ တိုက်ခိုက်မှုတွေမှာတော့ တပ်မတော်ဘက်က တဖက်သတ် ပစ်ခတ်တာဆိုတဲ့ ပြောဆိုချက်တွေ ရှိနေပါတယ်။ AA ရခိုင်လက်နက်ကိုင်တပ်ဘက်က ရဲစခန်းတွေ အပါအဝင် လုံခြုံရေး ကင်းစခန်းတွေကို ရှောင်တခင် ဝင်ရောက် တိုက်ခိုက်မှုတွေ ရှိနေသလို တပ်မတော်ဘက်ကလည်း တန်ပြန်တိုက်ခိုက်မှုတွေ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG