အင်္ဂါဂြိုလ်မျက်နှာပြင်ပေါ်မှာ ၁၄ နှစ်ကြာ သွားလာစူးစမ်းခဲ့တဲ့ Opportunity အာကာသစူးစမ်းရေးယာဉ်ငယ်လေးရဲ့လုပ်ငန်းတွေကို အဆုံးသပ်လိုက်ပြီလို့ အမေရိကန်အာကာသလေ့လာရေးအေဂျင်စီ NASA ကကြေညာလိုက်ပါတယ်။ အင်္ဂါဂြိုလ်ပေါ်မှာ သဲမုန်တိုင်းဒဏ်ခံခဲ့ရပြီးနောက် စူးစမ်းရေးယာဉ်ငယ်နဲ့ ကမ္ဘာမြေက ထိန်းချုပ်ရေးစခန်းတို့ ၈ လလောက် အဆက်ပြတ်သွားခဲ့တာပါ။ ပြန်လည်ဆက်သွယ်နိုင်ဖို့ သိပ္ပံပညာရှင်တွေက အကြိမ် ၈၀၀ ကျော် ကြိုးစားခဲ့ပေမဲ့ အဆက်အသွယ်မရခဲ့ပါဘူး။
ဗုဒ္ဓဟူးနေ့တုန်းကတော့ နောက်ဆုံးအကြိမ် ကြိုးစားခဲ့ပြီးနောက်မှာ သိပ္ပံပညာရှင်တွေ လက်လျော့လိုက်ကြတာ ဖြစ်ပါတယ်။ Opportunity စူးစမ်းရေးယာဉ်ငယ်လေးရဲ့ လုပ်ရပ်တွေအတွက် ကျေးဇူးတင်ကြောင်းပြောပြီး စိတ်မကောင်းစွာနဲ့ပဲ သူ့ရဲ့လုပ်ငန်းတွေကို အဆုံးသတ်လိုက်ပြီလို့ NASA ကသိပ္ပံဆိုင်ရာတာဝန်ရှိသူ Thomas Zurbuchen က ကြေညာခဲ့ပါတယ်။ Opportunity အာကာသစူးစမ်းရေး ယာဉ်ငယ်လေးကို ၂၀၀၃ ခုနှစ်မှာအာကာသကို လွှတ်တင်ခဲ့ပြီး နောက်တနှစ်အကြာမှာ အင်္ဂါဂြိုလ်ပေါ်ကို ရောက်ရှိခဲ့တာပါ။ သူနဲ့အတူသိပ်မကြာခင်ထဲက အင်္ဂါဂြိုလ်ပေါ်ရောက်နှင့်နေတဲ့ Spirit ဆိုတဲ့စူးစမ်းရေးယာဉ်ငယ် ၂ စင်းလုံးကို ရက် ၉၀ လောက်ပဲခံမယ်လို့ ခန့်မှန်းခဲ့ကြတာပါ။
ဒါပေမဲ့ Opportunity ရော Spirit အာကာသစူးစမ်းရေးယာဉ်ငယ်ပါ နှစ်နဲ့ချီကြာ အင်္ဂါဂြိုလ်မျက်နှာပြင်ပေါ်က ကျောက်တုံး ကျောက်သားတွေရဲ့အနေအထားတွေကို လေ့လာနိုင်ခဲ့ကြပါတယ်။ အင်္ဂါဂြိုလ်ပေါ်မှာ အရင်က ရေတွေစီးဆင်းခဲ့တဲ့ အထောက်အထားတွေကို စူးစမ်းရေးယာဉ်ငယ် ၂ ခုလုံးက ရှာဖွေတွေ့ရှိခဲ့ကြတဲ့အတွက် အင်မတန်သေးငယ်တဲ့ ပိုမွှားတွေ ရှင်သန်ခဲ့နိုင်တယ်ဆိုတာကို လေ့လာဖို့ သိပ္ပံပညာရှင်တွေ လမ်းစရခဲ့ကြပါတယ်။ စူးစမ်းရေးယာဉ်ငယ် ၂ ခုလုံးက ၃ ဘီးကားအငယ်စားလောက် အရွယ်ရှိပြီး နေစွမ်းအင်နဲ့သွားလာနိုင်အောင် ဆိုလာပြားတွေတပ်ဆင်ထားပါတယ်။ Spirit အာကာသစူးစမ်းရေး ယာဉ်ငယ်ကတော့ 2009 ခုနှစ်မှာ ရှေ့ဆက်မသွားနိုင်အောင် တနေရာမှာ ညပ်နေခဲ့ပြီး နောက် ၁ နှစ်အကြာမှာတော့ NASA ထိန်းချုပ်ရေးစခန်းနဲ့ အဆက်အသွယ် ပြတ်တောက်သွားခဲ့ပါတယ်။