နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ဒီကနေ့ မြိတ်ခရီးစဉ်အတွင်း တနသာၤရီတိုင်းဒေသ ဝန်ကြီးချုပ်နဲ့အစိုးရကို အရေးယူဖို့ ဆန္ဒပြမှုတွေ လမ်းခရီးမှာကြုံခဲ့ရသလို၊ မြို့ခံလူထုနဲ့တွေ့ဆုံပွဲမှာလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ပြောင်းလဲဖွဲ့စည်းဖို့ တိုက်တွန်းတွေပါ ရင်ဆိုင်ခဲ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က အခုခရီးစဉ် ရည်ရွယ်ချက်တခုအဖြစ် ဒေသအစိုးရအဖွဲ့ရဲ့ဆောင်ရွက်မှုတွေကို သုံးသပ်ဖို့ လာရောက်တာဖြစ်တာကြောင့်၊ တိုင်တန်းမှုတွေကို စုံစမ်းအရေးယူမယ်ဆိုပြီး တုန့်ပြန်ခဲ့ပါတယ်။ ဒီအကြောင်း ကိုသားညွန့်ဦး ပြောပြမှာပါ။
တနသာၤရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာလဲ့လဲ့မော်ကို ဒေသတွင်း တိုင်ကြားချက်တွေအပေါ် အဂတိလိုက်စားမှုကော်မရှင်က စစ်ဆေးနေပြီး မကြာခင်မှာ အရေးယူ ခံရဖွယ်ရှိတယ်ဆိုတဲ့သတင်းတွေကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခု မြိတ်ခရီးစဉ်အပေါ် အများ စိတ်ဝင်စားမှုရှိခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့ မြိတ်ရောက်ပြီး လူထုတွေ့ဆုံပွဲအတွက်လာရောက်တဲ့ လမ်းတလျှောက်မှာလည်း တိုင်းဝန်ကြီးချုပ်ကို အရေးယူဖို့ တိုက်တွန်းတဲ့ ပို့စတာတွေ ကိုင်ဆွဲဆန္ဒပြသူတွေလည်း ရှိပါတယ်။ ဒေါ်စုနဲ့ လူထုနဲ့တွေ့ဆုံပွဲမှာတော့ ဒေသတွင်း လိုအပ်ချက်တွေကို တဦးချင်းပြောဆိုခဲ့ကြတဲ့အပြင် တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းဖို့ အခုလို အသီးသီး တိုက်တွန်းပြောဆိုမှုတွေ ရှိခဲ့ပါတယ်။
"အခု အမေလာတဲ့အချိန်မှာ ပြောနေဆိုနေတဲ့ ကိစ္စတွေအားလုံးက ကျနော်တို့အနေနဲ့ သက်ဆိုင်တဲ့ အစိုးရတွေ အလုပ်မလုပ်လို့ဖြစ်တာ ။
အဓိကက ဘာလဲဆိုတော့ အစိုးရ ယန္တရားအားနည်းနေပါတယ်။ အစိုးရရဲ့ လုပ်ဆောင်ရည်တွေ စွမ်းဆောင်ရည်တွေ လျော့ကျနေတယ် လို့ ကျနော်တို့ သုံးသပ်လို့ရပါတယ် အဲဒီသုံးသပ်ချက်တွေကို ကျနော်တို့ ပြောထားပါတယ်။ အမေ အဲဒီမှာ ကျနော်တို့ ပို့ထားတဲ့ စာအပေါ်မှာ အလေးအနက် ကြည့်ပြီးတော့ ယန္တရားကို ပြန်ပြီး ပြုပြင်ပေးဖို့ တောင်းဆိုထားပါတယ်။"
"၂၀၂၀ မှာ NLD မဲပြန်နိုင်ဖို့လည်း ကျနော်လိုလားပါတယ်။ ဒါပေမယ့် လက်ရှိ အုပ်ချုပ်နေတဲ့ တနင်္သာရီတိုင်း အစိုးရ ဝန်ကြီးချုပ်နဲ့ တကွ ၊ စီမံဘဏ္ဍာရေးဝန်ကြီး ၊ ကျန်တဲ့ ဝန်ကြီးအစိုးရအဖွဲ့ အမြန်ဆုံး ဖယ်ရှားရှင်းလင်းပေးမှ။ ဒီလူတွေသာ ပျောက်သွားရင် မဲနိုင်ဖို့ မဲဆွယ်စရာတောင်မလိုပါဘူးခင်ဗျ။"
မြိတ်မြို့ ပုလဲရတနာခမ်းမမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေသခံတွေ တွေ့ဆုံပွဲအတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ကို အရေးယူဖို့ အသီးသီး တင်ပြခဲ့ကြတာပါ။ ဒီအပေါ်မှာ သူ့အနေနဲ့ အရေးတယူရှိတယ်ဆိုတာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က တုံ့ပြန်ခဲ့ပါတယ်။
"ကိစ္စမရှိပါဘူး ကျမလည်း နားလည်ပါတယ်။ ကျမ တနင်္သာရီကို လာရတဲ့ အကြောင်းအရင်းတခုကလည်း အစိုးရအဖွဲ့ကို နည်းနည်းဆုံးမဖို့ ဖြစ်ပါတယ်။"
အခုလို တိုင်းဒေသကြီးအစိုးရအဖွဲ့အားနည်းချက်အပါအဝင် အခြားလိုအပ်ချက်တွေကို ပွင့်ပွင့်လင်းလင်း တင်ပြခဲ့ကြတဲ့အတွက်လည်း သူ့အနေနဲ့ ဒီခရီးစဉ်လာရကျိုး နပ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒါပေမယ့်လည်း ဒေသခံတွေတင်ပြခဲ့သလို တိုင်းဒေသကြီးအစိုးရအဖွဲ့ကို အရေးယူမှာလား၊ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သလို ဆုံးမ ရုံ သက်သက်လားဆိုတာကတော့ မကျေနပ်တဲ့ဒေသခံတွေအတွက် စိုးရိမ်စရာမေးခွန်းပါ။ လူထုတွေ့ဆုံပွဲမှာ ပါဝင်ခဲ့သူတဦးဖြစ်တဲ့ ကိုအောင်ပိုင်စိုးကတော့ ဒေသခံတွေရဲ့စိုးရိမ်ချက်ကို ဒေါ်အောင်ဆန်းစုကြည်ဖက်က အလေးအနက်ထားမယ်လို့ မျှော်လင့်ပါတယ်တဲ့။
"ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူနဲ့ တွေ့တဲ့အချိန်မှာဆိုရင် ပေါက်ရောက်မှု ရှိတာပေါ့နော်။ ဒါပေမယ့် မေးခွန်းတွေအပေါ်မှာ ဖြေကြားတဲ့ သက်ဆိုင်ရာတိုင်းဝန်ကြီးဌာန ဖြေတဲ့အထဲမှာတော့ တိတိကျကျ မရှိဘူး ဒါကိုလည်း သတိထားမိမယ်ထင်ပါတယ်။
မေး။ ။ ဒီကနေ တွေ့ဆုံ့တဲ့အထဲမှာလည်း သူတို့ မကြေနပ်ချက်တွေ ပြောခွင့်ရလိုက်တယ်လို့ ထင်ပါတယ်ခင်ဗျ။
ဖြေ။ ။ ပြောခွင့်ရလိုက်တယ် ဟုတ်တယ်။
မေး။ ။ဒေါ်အောင်ဆန်းစုကြည် သိသွားပြီဆိုတော့ ဘယ်လိုများမျှော်လင့်ထားသလဲ သေချာဖြေရှင်းနိုင်မယ်လို့ ထင်ပါသလား။
ဖြေ။ ။ဟုတ်ကဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လာတယ်ဆိုတော့ သူကလည်း ပြည်သူလူထု အလေးထားတဲ့ လူဖြစ်တဲ့အတွက်ကြောင့် မျှော်လင့်မိတယ်ပေါ့နော်။ တိုင်စာကို သူဖြတ်တာမဟုတ်ပဲနဲ့ သက်ဆိုင်ရာကနေ ဖတ်ပြီးမှ သူ့ကို ပေးတဲ့အပေါ်မှာ သူ့မှတ်ချက်နဲ့ ဖတ်တယ်ဆိုတော့ ဒါက စိုးရိမ်မိတယ်ပေါ့နော်။
မေး။ ။ဒါကတော့ တိုင်စာကိစ္စပေါ့နော် ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတယ် တိုင်စာတွေ ပေးလိုက်ပါဆိုတာ။ ဒါပေမယ့် လက်တွေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြောလိုက်နိုင်တယ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း အခုလာတဲ့ကိစ္စမှာ တိုင်းအစိုးရကို ဆုံးမဖို့ဖြစ်တယ် တိုင်းအစိုးရကို တွေ့မယ်လို့ ပြောတယ်။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်တကယ်ပဲ အရေးယူဆောင်ရွက်မှု လုပ်မယ်ထင်ပါသလား။
ဖြေ။ ။ဒီမှာ ပြည်သူတွေ တိုင်ထားတဲ့အပေါ်မှာ မူတည်ပြီးတော့ အရေးယူမယ်ဆိုရင်တော့ သူ အရေးယူမယ်လို့ထင်တယ် တခြားတိုင်းနဲ့ ပြည်နယ်တွေမှာလည်း အဲလို ညှိစွန်းတာတွေ ရှိတယ်ဆိုတော့လေ။
တနင်္သာရီတိုင်းဝန်ကြီးချုပ်ဒေါက်တာလဲ့လဲ့မော်ဟာ သူ့ဆွေမျိုးသားချင်းတွေကို လုပ်ပိုင်ခွင့်နေရာပေးမှု၊ အစိုးရတင်ဒါတွေမှာ အဂတိလိုက်စားမှု၊ စွမ်းဆောင်ရည်ညံဖျင်းမှု စတဲ့ကိစ္စတွေမှာ NLD ပါတီဗဟိုထံ တိုင်ကြားခြင်းခံထားရသလို၊ ဒါတွေနဲ့ဆက်စပ်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရဲ့ စုံစမ်းခြင်းခံနေရတယ်လို့လည်း သိရပါတယ်။ ဒါကြောင့် ဝန်ကြီးချုပ်ကို အနားပေးမယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက သတင်းထွက်ခဲ့တာပါ။ အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အတွင်းမှာတော့ အခုလို တိုင်ကြားချက်တွေအပေါ် သူ့အနေနဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့တွေ့ဆုံပြီး သူကိုယ်တိုင် စုံစမ်းမေးမြန်းတာတွေ လုပ်မယ်လို့ ယူဆရပါတယ်။