တပ်မတော်ဘက်က ၄လကြာ တဘက်သတ်အပစ်ရပ် ကြေညာချက်ဟာ စစ်ရေးရည်မှန်းချက်အပြင် နိုင်ငံရေးအရ အမြတ်ထုတ်လိုတဲ့ စစ်ရေးလက်နက်တခု ဖြစ်လာနေတယ်လို့ တိုင်းရင်းသားလက်နက်ကိုင ်အဖွဲ့တွေ စုဖွဲ့ထားတဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ပြောခွင့်ရက ပြောဆိုလိုက်ပါတယ်။ တပ်ဘက်က အပစ်ရပ် ကြေညာချက်အပေါ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဘက်က ချိုးဖောက်မှုတွေ ရှိနေတယ် တကယ်လို့ ငြိမ်းချမ်းရေးကို လိုလားတယ်ဆိုရင် အမြန်ဆုံးညှိနှိုင်းပါလို့ မြန်မာစစ်တပ်က သတိပေး ပြောဆိုလိုက်တဲ့အပေါ် တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က အခုလိုတုန့်ပြန်တာဖြစ်ပါတယ်။ ဆယ်စုနှစ်နဲ့ချီ ကြာမြင့်လာပြီဖြစ်တဲ့ ပြည်တွင်းစစ်မီး ငြိမ်းဖို့ဆိုရင် အပြန်အလှန် စွပ်စွဲနေကြမယ့်အစား နိုင်ငံရေးစားပွဲဝိုင်းတွေမှာ မျက်နှာခြင်းဆိုင် တွေ့ဆုံဆွေးနွေးကြပါလို့ နိုင်ငံရေးအကဲခတ်က တိုက်တွန်းပါတယ်။ မဆုမွန် စုစည်းတင်ပြထားပါတယ်။
စစ်ဆင်ရေးနယ်မြေအလိုက် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများ အားလုံးကို ၂၀၁၈ ဒီဇင်ဘာလ ၂၁ ရက်နေ့ကနေ ၂၀၁၉ ဧပြီ ၃၀ ရက်နေ့ထိ ရပ်ဆိုင်းပေးမယ်ဆိုတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ ထုတ်ပြန်ကြေညာချက် ထွက်ပေါ်လာပြီး တလအကြာမှာပဲ ဒီအပစ်ရပ်ကြေညာချက်အပေါ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေဘက်က ချိုးဖောက်မှုတွေ ရှိနေတယ်လို့ တပ်ဘက်နေ သတိပေးပြောဆိုလိုက်တာပါ။ ဒါကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားတယ်ဆိုရင် တပ်မတော်ရဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ကြေညာချက်အတိုင်း ညှိနှိုင်းဆွေးနွေးတာတွေကို အမြန်ဆုံး ပြုလုပ်ကြဖို့လည်း တပ်ဘက်က တိုက်တွန်းခဲ့ပါတယ်။
ဒီလိုသတိပေးချက်အပေါ်မှာတော့ တပ်ဘက်ကနေ ဒီအပစ်ရပ်ကြေညာချက်ကို စစ်ရေးရည်မှန်းချက်အပြင် နိုင်ငံရေးအရ အမြတ်ထုတ်လိုတဲ့ စစ်ရေးလက်နက်တခု အဖြစ် ရည်ရွယ်ချက်ရှိရှိ သုံးလာနေတယ်လို့ UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ ရဲ့ ပြောခွင့်ရလည်းဖြစ်၊ ANC ရခိုင် အမျိုးသားကောင်စီရဲ့ အထွေထွေ အတွင်းရေးမှူးလည်းဖြစ်တဲ့ ဦးထွန်းဇော်က အခုလိုသုံးသပ်ပါတယ်။
"ကျနော်မြင်တာကတော့ တပ်မတော်ရဲ့ ဒီဇင်ဘာလက ထုတ်ပြန်တဲ့ ၃ မျက်နှာပါ တဖက်သတ် ပစ်ခတ်ရပ်စဲရေးထုတ်ပြန်ချက်ဟာ ငြိမ်းချမ်းရေး ရည်မှန်းချက်ထက် စစ်ရေးရည်မှန်းချက်ကို ပိုပြီးတော့မှ အကောင်အထည်ဖော်နေတယ်ဆိုတဲ့ သဘောတရားကို ဖော်ဆောင်နေတာဖြစ်ပါတယ်။ အဲဒါကြောင့်မို့ သူတို့က ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရေးတွေ စကားပြောဆိုနိုင်ဖို့အတွက် ဖန်တီးတည်ဆောက်တာကို မတွေ့ရပဲနဲ့ စစ်ရေးအရ တဖက်သတ် ပြစ်တင်ဝေဖန်သလိုမျိုးဖြစ်နေပါတယ်။ အဲဒါကြောင့် ကျနော်တို့မြင်တာကတော့ ငြိမ်းချမ်းရေးရည်မှန်းချက်ထက် စစ်ရေးရည်မှန်းချက်ကို ပြည့်မီအောင် အကောင်အထည်ဖော်နေတယ်ဆိုတဲ့ လက္ခဏာကို ဖော်ပြနေတာဖြစ်ပါတယ်။ စစ်ရေးရည်မှန်းချက်အပြင် နိုင်ငံရေးအရပါ လက်နက်တခုသဖွယ် အသုံးချနေတဲ့ သဘောဆောင်လာနေတဲ့ အနေအထားမှာလည်း ရှိနေပါတယ်။"
တပ်မတော်ဘက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့နဲ့ ဆွေးနွေးမှုတွေလုပ်နေချိန်မှာပဲ တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဆက်ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုတွေရှိနေတဲ့အတွက် တပ်မတော်ဘက်က ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားတယ်ဆိုရင် လက်တွေ့ကျတဲ့ ဆောင်ရွက်ချက်တွေနဲ့ ခိုင်မာတဲ့ယုံကြည်မှု တည်ဆောက်ဖို့လိုတယ်လို့လည်း UNFC ပြောခွင့်ရ ဦးထွန်းဇော်က ပြောပါတယ်။
"ငြိမ်းချမ်းရေးကို အလိုချင်ဆုံးက တပ်မတော်ပဲ ဖြစ်တယ်လို့ပြောတယ်နော် အရင်တုန်းက။ အခုလည်း ထပ်ပြီးတော့ ပြောနေတာပါပဲ။ ဆိုတော့ ငြိမ်းချမ်းရေးကို အလိုချင်ဆုံးဆိုရင် ငြိမ်းချမ်းရေးလိုချင်ကြောင်း ကျနော်တို့က ပြောနေလို့ မရဘူး။ စာရွက်ပေါ်မှာ ရေးထားရုံနဲ့ မရဘူး။ လက်တွေ့ဖော်ဆောင်ဖို့ လိုပါတယ်။ကျနော်မြင်တာကလေ။ အခုအပစ်ခတ်ရပ်စဲထားတဲ့ အဖွဲ့အစည်းတွေနဲ့ တောင် တိုက်ပွဲဖြစ်နေတယ်ဆိုရင် ဘာကြောင့်ဖြစ်သလဲ ၊ ဒီအကြောင်းတရားတွေကို ရှာဖို့ ဖြေရှင်းဖို့ လိုတယ်လို့ကျနော်မြင်ပါတယ်။ အဲလိုမဖြေရှင်းပဲနဲ့ စာရွက်ပေါ်ကနေ လေလှိုင်းပေါ်ကနေဆိုပြီးတော့မှ ထုတ်ပြန်ချက်တွေနဲ့ ပြောဆိုချက်တွေနဲ့ ပြစ်တင်ဝေဖန်မှုတွေနဲ့ သွားနေမယ်ဆိုရင် ယုံကြည်မှုတွေ ထပ်ပြီးတော့ ပျက်ပြားလာမယ်။ ဒီထက်မက အနှတ်သဘောဆောင်တဲ့ လက္ခဏာတွေ ပေါ်ပေါက်လာပြီးတော့မှ အနိဋ္ဌာရုံတွေ တိုးပွားလာမယ့် အနေအထားပဲ ရှိတယ်လို့ ကျနော်မြင်ပါတယ်။
မြန်မာပြည်မှာ အုပ်ချုပ်တဲ့အစိုးရအဆက်ဆက် ငြိမ်းချမ်းရေးဖော်ဆောင်ခဲ့ကြပေမဲ့လို့ ဆယ်စုနှစ်နဲ့ချီ ပြည်တွင်းစစ်မီးက မငြိမ်းနိုင်သေးတဲ့အနေအထားအပေါ်မှာတော့ အမှန်တကယ်ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ဖို့ဆိုရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရ၊ တပ်မတော်တို့ကြား စစ်ရေးနည်းနဲ့မဖြေရှင်းကြပဲ နိုင်ငံရေးနည်းလမ်းနဲ့ စားပွဲပေါ်ထိုင် မျက်နှာခြင်းဆိုင် ဆွေးနွေးအဖြေရှာကြဖို့ နိုင်ငံရေးအကဲခတ်ဒေါက်တာရန်မျိုးသိမ်းက အကြံပြုပါတယ်။
"တပ်မတော်အနေနဲ့ အပစ်အခတ်ရပ်စဲရေး ကာလကိုပေါ့လေ ၄ လ သတ်မှတ်ပြီး ထုတ်ပြန်တာက ဘောင်တခု ခတ်ထားသလိုဖြစ်တယ်။ တကယ်တမ်းပြောမယ်ဆိုရင်တော့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးနေတဲ့ ကာလတလျောက်လုံးမှာ တပ်မတော်က အပစ်အခတ်ရပ်စဲထားဖို့ လိုတယ်လို့ မြင်တယ်။ အကောင်းဆုံးနည်းလမ်းကတော့ တပ်မတော် နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ကြားမှာ မျက်နှာစုံညီ တွေ့ဆုံဆွေးနွေးပြီးတော့ အဖြေရှာတာဟာ အကောင်းဆုံးနည်းလမ်းလို့ မြင်တယ်။ အဲလိုမဟုတ်ပဲနဲ့ တပ်မတော်ဘက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို စွပ်စွဲတယ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း တပ်မတော်ကို အပြစ်တင်နေမယ် အဲဒီသံသရာကြီးက လည်နေမယ်ဆိုရင် ကျနော်တို့ နိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ ရှေ့ဆက်ဖို့ ခက်မယ်လို့ မြင်တယ်။ အဲဒီအတွက်ကြောင့်မို့လို့ အရေးကြီးဆုံးကတော့ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ခေါင်းဆောင်တွေကြားမှာ မျက်နှာစုံညီ တွေ့ဆုံညှိနှိုင်းဆွေးနွေးပြီးတော့ ဖြစ်နေတဲ့ ပြဿနာတွေ ရှိနေတဲ့ အခက်အခဲအကျပ်အတည်းတွေ ကျော်လွှားနိုင်မယ့် နည်းနာတွေ ၊ ဖြေရှင်းချက်တွေကို ရအောင်လုပ်ယူနိုင်ဖို့ အရေးကြီးတယ်လို့ မြင်ပါတယ်။ အဲဒီအခါကျတော့ ယုံကြည်မှု တည်ဆောက်ဖို့ ဆိုတဲ့ နေရာမှာ ကျနော့်အမြင်အားဖြင့်တော့ ၂ ဖက်ကြားမှာ အပြန်အလှန်နားလည်မှု အပြန်အလှန်အသိအမှတ်ပြုမှုနဲ့ အပြန်အလှန် လေးစားမှုဆိုတဲ့ bilateral သဘောတွေ mutual သဘောတွေကို ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် တည်ဆောက်ဖို့ မဖြစ်မနေလိုအပ်တယ်လို့ သုံးသပ်ပါတယ်ခင်ဗျ။"
အခုလက်ရှိမှာတော့ မြန်မာစစ်တပ်နဲ့ ရခိုင်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ AA တို့ကြား တိုက်ပွဲတွေဖြစ်နေဆဲအခြေအနေရှိပြီး ရှမ်းပြည်နယ်ဘက်မှာလည်း စစ်ရေးတင်းမာမှုတွေရှိနေဆဲဖြစ်ပါတယ်။ အပစ်ရပ်ထားချိန် စစ်တပ်ဘက်ကနေ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးထားပြီးသား အဖွဲ့တွေနဲ့ရော၊ မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ပါ တဖွဲ့ချင်းအလိုက် ညှိနှိုင်းဆွေးနွေးသွားမှာ ဖြစ်ကြောင်း တပ်ဘက်က ပြောဆိုထားပေမဲ့လို့ အခုလက်ရှိမှာတော့ တပ်မတော်ဘက်က ကချင်လွတ်လပ်ရေးအဖွဲ့ KIO နဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC ကြား တကြိမ်၊ ကရင်အမျိုးသား အစည်းအရုံး KNU၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ RCSS တို့နဲ့ ငြိမ်းချမ်းရေးကော်မရှင်အကြား တကြိမ်စီသာ အလွတ်သဘော ဆွေးနွေးနိုင်သေးတာဖြစ်ပါတယ်။