အရှေ့ကြည့်မူဝါဒကို အဓိကတိုးမြှင့်ဆောင်ရွက်နေတဲ့ အိန္ဒိယအစိုးရက အိမ်နီးချင်း မြန်မာနိုင်ငံ စစ်တွေဆိပ်ကမ်း ကွပ်ကဲမှုကို တာဝန်ယူဆောင်ရွက်ဖို့ အသင့်ဖြစ်နေပြီဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။
စစ်တွေဆိပ်ကမ်းက အခြေခံအဆောက်အအုံတွေကို အိန္ဒိယရဲ့ အကူအညီနဲ့ တည်ဆောက်ခဲ့တာဖြစ်ပြီး အခု စတင်လည်ပတ်ဖို့ အဆင်သင့် ဖြစ်နေပြီလို့ အိန္ဒိယအစိုးရ ရေကြောင်းနဲ့ ကုန်းလမ်းသယ်သူပို့ဆောင်ရေးဆိုင်ရာ ဝန်ကြီး Mansukh L. Mandaviya က အိန္ဒိယ အထက်လွှတ်တော် ရဲ့ အမေးကို စာနဲ့ပြန်လည် ဖြေကြားခဲ့ကြောင်း Sputnik သတင်းမှာ ဖေါ်ပြထားပါတယ်။
စစ်တွေဆိပ်ကမ်း တည်ဆောက်ရေးဟာ ကုလားတန်ဘက်စုံစီမံကိန်းရဲ့ အစိတ်အပိုင်းတခုဖြစ်ကြောင်းနဲ့ ဒီစီမံကိန်းကို အိန္ဒိယ မြန်မာ ၂ နိုင်ငံ ရေလမ်းကုန်းလမ်း သယ်ယူပို့ဆောင်ရေးအတွက် ရည်ရွယ်လုပ်ဆောင်တာဖြစ်ပြီး စစ်တွေဆိပ်ကမ်းနဲ့ အိန္ဒိယ အရှေ့ခြမ်းက ဆိပ်ကမ်းတွေ အားလုံးကို ၂ နိုင်ငံ ကုန်သင်္ဘောတွေအတွက် အသုံးပြုမှာ ဖြစ်ကြောင်းလည်း ဝန်ကြီး Mansukh ကပြောပါတယ်။
ဒါ့အပြင် ဒီစီမံကိန်းကနေ အိန္ဒိယအရှေ့မြောက်ဒေသအတွက် ဆက်သွယ်ရေးလမ်းကြောင်းသစ် တခုဖြစ်လာစေပြီး ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ရလာစေဖို့ ဖြစ်ကြောင်းလည်း ပြောပါတယ်။
စစ်တွေဆိပ်ကမ်းနဲ့ စစ်တွေ- ပလက်ဝ ကုန်းတွင်းရေကြောင်းလမ်း အတွက် စီစဉ်ကွပ်ကဲမှုဆိုင်ရာ သဘောတူစာချုပ်ကို မနှစ်က အောက်တိုဘာလ ၂၂ ရက်နေ့မှာ အိန္ဒိယနဲ့ မြန်မာ ၂ နိုင်ငံကြား ချုပ်ဆိုခဲ့ကြပါတယ်။
တရုတ်အစိုးရရဲ့ စီးပွါးရေးစင်္ကြန်နဲ့ ခါးပတ်လမ်းစီမံကိန်းကို တန်ပြန်ဆောင်ရွက်တဲ့ အနေနဲ့ အိန္ဒိယက အရှေ့တောင်အာရှ နိုင်ငံတွေနဲ့ ဆက်သွယ်နိုင်ရေးကို အပြင်းအထန်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။